Breaking News

မာန်(တောင်လုံးပြန်) - တနင်္ဂနွေကို ရောင်းချခြင်း (၂)

မာန်(တောင်လုံးပြန်) - တနင်္ဂနွေကို ရောင်းချခြင်း (၂)

မိုးမခ ၊ ဩဂုတ် ၃၀ ၊ ၂၀၂၅


"စနေတစ်ရက်တော့ ဆင်းပေးပါတဲ့"

မန်နေဂျာ တိုက်တွန်းပြီး သိပ်မကြာမီ "ဒွန်" က "ကိုမက်ခရူး"နှင့် ကျနော့်ကိုပါ ထိုကဲ့သို့ တောင်းဆိုလာတော့သည်။

ကိုမက်ခရူးက မေးသည်။

"ခင်ဗျားလည်း ဆင်းရမယ်၊ ဘယ်နှပတ်ဆင်းမလဲ"

"ဟုတ်လား၊ ဘယ်တော့ ဆင်းပေးရမှာလဲ"

"ရှေ့လဆန်းမှာ ခင်ဗျားက ၂ ပတ်ဆင်း၊ ကျနော်လည်း ၂ ပတ်ဆင်းမယ်၊ တော်ပြီပေါ့ဗျာ"

"၆နာရီနော်"

"အချိန်ပိုက ၆ နာရီပဲ၊ ကြားရက်တော့ မဆင်းပါနဲ့ဗျာ"

"အိုကေ"

ကျနော်လည်း ဆင်းဖို့ ဆုံးဖြတ်ပါသည်။ အပိုဝင်ငွေလေးရလျှင် နွေဦးဒါနလေး တိုး၍လှူနိုင်မည်မို့လား။ ကြားရက်များကိုတော့ မဆင်းဖြစ်အောင် ရှောင်သည်။ ကြားရက်များ၌ "ဒွန်"တစ်ဦးတည်း ဒေါင်းတင်မောင်းတင် နင်းကန်အချိန်ပိုတွေ ဆင်းနေပါသည်။

"ဒီကောင် မကြာဘူးဗျ၊ ခံရလိမ့်မယ်" ဟု ကိုမက်ခရူးက ပြောပြောနေသည်။

"ဒွန်"သည် အရွယ်ကောင်းမို့ အလုပ်ခွင်ကို မရွံ့။ ရသမျှ အချိန်ပို အကုန်ယူမည်ဟု တွက်ကိန်းချထားသူဖြစ်သည်။ သူ့မှာက ပူပင်စရာတွေ အများသားကလား။

ထိုအပူများထဲမှ တစ်ခုသော အပူမှာ ကားသစ် စီးလိုသည့် အပူပင်။ ထိုကားအပူသည် ကျနော့်အဓိဋ္ဌာန်အား ထိပါးလာတော့သည်။

"ဟေ့ စိုး၊ ငါ့ကား ပြန်ရောင်းမယ်ကွာ၊ မင်း ကားရှာနေတယ်ဆို"

"ဒွန်"က ကျနော်တို့ ကော်ဖီသောက်နေချိန် "ကိုမက်ခရူး"ရှေ့မှာပင် မေးခွန်းထုတ်လာပါသည်။

"အေးကွ၊ ဘယ်လောက်လဲ"

"ကားက အသစ်တော့ မဟုတ်ဘူး၊ ငါ ကားသစ်လဲမလို့ကွ၊ ကားက အတော်ကောင်းတယ်၊ မင်း ဘယ်လောက်သုံးမလဲ"

ကျနော့်ကို "ကိုမက်ခရူး"က မျက်လုံးဝှေ့ကြည့်ပြီး၊ ကြည့်ပြီး ခဏမျက်နှာလွှဲပါသည်။

"အေး၊ ငါ ကားကြည့်မယ်၊ ညနေပေါ့"

"အိုကေ"

"ဒွန်"က နှုတ်ဆက်ပြီး ထသွားသည်။ မနေ့က ကားပါကင်၌ "ကိုမက်ခရူး"က ကျနော့်အား သူ့ကားဘောနပ်ဖုံးကိုဖွင့်ကာ ကားဝယ်လျှင် ကြိုသိထားဖို့ ရှင်းပြနေသည်ကို "ဒွန်" တွေ့ထားရာမှ ကျနော် ကားရှာနေကြောင်း သိသွားခြင်းပင်။

"သူ့ကား ဘယ်လိုနေလဲဗျ"

ကျနော့်အမေးကို ပခုံးတွန့်ကာမျှ "ကိုမက်ခရူး" ဖြေပြသည်။ ကိုယ်ကြိုက် ကိုယ်ယူ သဘောပဲဟူသော အဖြေပင်။ ဒီနိုင်ငံဓလေ့က သူတပါးကိစ္စများ၌ သိပ်စွက်ဖက်ချင်သည့် အကျင့်မရှိကြ။ အလုပ်ထဲရောက်တော့ ကျနော်က ကျနော် ဝယ်မည့်စနစ်ကို ရှင်းပြသည်။

"ငါ့မှာ အခု ပိုက်ဆံအများကြီး မရှိသေးဘူး၊ မင်းကားကို ကြိုက်ရင် ကားဖိုးတဝက်ပေးထားမယ်၊ ကျန်တာ အပတ်စဥ်ပေးမယ်"

"ကြားရက်တွေ အချိန်ပိုဆင်းပေါ့ကွာ"

ကျနော် လက်မခံ။ ကြားရက်များ၌ ပုံမှန်အချိန်အတိုင်းသာ အလုပ်ဆင်းမည်ဟူသော အဓိဋ္ဌာန်ပျက်သွားလိမ့်မည်။

"ငါ စနေနေ့ပဲ ဆင်းမှာ"

"အဆင်ပြေပါတယ်၊ လာကွာ၊ ကားသွားကြည့်ရအောင်"

ကျနော်တို့ ကိုင်ရသည့် ကြေးနန်းကြိုးထုတ်စက်ကြီးက ၄၅ မိနစ်လျှင် တစ်ခွေစာထွက်သည်မို့ အချိန်အားက များလှသည်။ ကားကြည့်ခြင်း အစီအစဥ်သည် ၅ မိနစ်ဖြင့် ပြီးဆုံးသွားပါသည်။

အင်ဂျင်ခန်း အေးဆေး၊ဆေး၊ ဘော်ဒီ၊ဖရိန်၊ အတိုက်အခိုက် အားလုံး ရှင်းပါသည်။ မိုင်ပေါင်း ၁ သိန်းခွဲကျော်မောင်းထားပြီးသားကား ဖြစ်သည်။ အရေးကြီးသည့် နှစ်စဥ် ယာဥ်ကြံ့ခိုင်မှု အညွှန်းစာရွက်လေးနှင့် ၂ နှစ် တစ်ကြိမ် ကားသက်တမ်းအသိအမှတ်ပြုစာရွက်လေးတို့ကို ကားမှန်ထောင့်လေး၌ ဓာတ်ပုံရိုက်ယူထားလိုက်သည်။

"၅၀၀၀ ရရင် ရောင်းမယ်ကွာ၊ Show Room မှာ လဲရင်လည်း ဒီစျေးရမှာကွ"

"ငါ မတတ်နိုင်ဘူး"

"မင်းသဘောပဲလေ၊ ငါ့ကားက အတော်ကောင်းတာကွ၊ ကားအသစ်လဲချင်လို့သာ"

ကျနော် မငြင်း။ သို့သော် သူ့စျေးကို ကျနော်မှ မဝယ်နိုင်ပဲလေ။ ကျနော် အလွန်ဆုံးပေးနိုင်မှ၊

"မင်း ဘယ်လောက်ပေးမလဲ"

"၃၀၀၀ ကွာ၊ အခု ၂၀၀၀ ပေးမယ်၊ ကျန်တာ ခွဲခွဲပေးမယ်"

"ဆောရီးပဲကွာ"

"အိုကေ"

"ဒွန်"သည် ကျနော်နှင့် ကားအရောင်းအဝယ် ပျက်သွားပြီးနောက် သူ လိုသောငွေ ထပ်ရနိုင်ဖို့ တနင်္ဂနွေကိုပါရောင်းချတော့သည်။ သူ့ခမျာ အားလပ်ရက် နတ္ထိ။ သနားစရာ့ "ဒွန်" ပါတကား။

ဟု ကျနော် ထိုစဥ်က တွေးခဲ့ပါလေသည်။

၃ နှစ်။

အကြိမ်များစွာ တနင်္ဂနွေကို ကာကွယ်နိုင်ခဲ့သည့်ကာလမှာ ၃ နှစ်။ မေလ ၃၁ ရက်တွင် ဒုတိယမြောက် အလုပ်ခွင်သစ်၌ ကျနော် တိုက်ပွဲဝင်ခဲ့သည်မှာလည်း ၃ နှစ်ပြည့်ခဲ့ပြီ။

တိုက်သာ တိုက်နေရသည်။ တချို့သော အဓိဋ္ဌာန်တို့အား လက်မြှောက်ထားရသည်မှာ ကြာပြီ။ ဘဏ်ထဲမှာဒေါ်လာ ၂၀၀၀ ထက် မပိုတော့။ စနေနေ့ကိုပါ ထုတ်ရောင်းကာ နွေဦးဒါနအတွက် အားစိုက်နေရသည်။

Prison Break ဇာတ်ကားတွဲထဲမှ အမေရိကန် ဗန်းစကားအရ "သေသွားသော လူဖြူကြီးမျက်နှာပါတဲ့စက္ကူ" သည် ကျနော့် ဘဏ်အကောင့်ထဲ၌ မပျော်မွေ့ပါချေ။ ခရက်ဒစ်ကဒ်ထဲမှာတော့ အကြွေးစာရင်းက တိုးတိုးလာသည်။ လူနှင့် ခရက်ဒစ်ကဒ် တိုက်ပွဲသည် ဆုံးခန်းမရှိပါချေတကား။

ဤနိုင်ငံ၏ လူမှုဘဝသည် နေ့စဥ် ရှင်သန်ရုန်းကန်ရင်းက ဝယ်ဟ၊ ခြမ်းဟ၊ သွားကြ၊ စားကြနှင့် ခရက်ဒစ်ဖြင့် သုံးလိုက်၊ ဘဏ်ကဒ်ဖြင့် ပြန်ဖြည့်လိုက်။ ချေလိုက် တိုးလိုက် သူတပြန်ကိုယ်တပြန် နပန်းလုံးရင်း ၃ နှစ်တာကာလသည် သက်ပြင်းများဖြင့် အသားကျလာတော့သည်။

လစဥ် အိမ်ဖိုး။ ရေဖိုး၊ မီးဖိုး၊ တီဗီချန်နယ်ဖိုး၊ ကားစရိတ်၊ ဖုန်းဘေလ်၊ ကားအာမခံ၊ လူအာမခံ၊ ရှော်ပင်စရိတ်၊ အပန်းဖြေစရိတ်၊ နွေဦးဒါန အခန်းဆက်များဖြင့် လုံးလည်လည်ချာလည်လည်။

အိမ်။

အိမ်မဝယ်မီက ကျနော် ဘဏ်ထဲ ဒေါ်လာ ၂ သောင်းကျော် စုမိသည်။ အိမ်ဝယ်ပြီးချိန်မှာတော့ ဘယ်လိုစုစု ၃ ထောင်မပြည့်တော့။ ၂ လစာ အိမ်ဖိုးကို ဖယ်ဖယ်ထားရသဖြင့် ၃ ထောင်ကျော်နေခြင်းသာ။ တခါတရံ ၂ ထောင်အောက်လျောခနဲ ဆင်းသွားချီသေး။

နွေဦးအရေးကလည်း အမြဲလိုအပ်နေသည်ကော။ ကျနော် စီးသောကားမှာ ဟိုနား ဒီနား သံချေးကွက်လေးတွေပေါ်ပေါ်လာပြီ။ နေစေဦးကွယ်။ ည ည အလုပ်သွားချိန်တိုင်း ဟိုင်းဝေးလမ်းမကြီးဘေးက ထီဆိုင်းဘုတ်ကြီး မော့ကာမော့ကာကြည့်။ ဘုရားစာရွတ်ကာ၊ ထီဆုကြီး ပေါက်သဟေ့လို့ ခဏခဏ အောင်စိတ်သွင်းရင်းပင် အမေရိကန်အလံတော် တဝှေ့ဝှေ့ လွင့်ထူထားသောစက်ရုံဆီ ချီနေရဆဲ။

သို့ပါလျက် တချို့ လကုန်ပိုင်းရက်များတွင် သေသွားသော လူဖြူကြီးမျက်နှာနှင့် စက္ကူသည် ကျနော့်ဘဏ်ကဒ်ထဲ မပျော်မွေ့ဘဲ ထွက်သွားတတ်သည်။ စိမ်းရက်လေအား။

ကျနော်သည် နွေဦးအတွက် စနေနေ့ကို ထုတ်ရောင်းဖြစ်နေသည်မှာ ၂ နှစ်ကျော်ကြာခဲ့ပြီ။ ကြာဆို စနေမောင်စိုးဟုပင် အမည်တွင်နေပြီ။ ထို့ပြင် အခြားအလုပ်ချိန်များ၌ ၄ နာရီစာ အချိန်ပိုလေးရလျှင် ဝင်နွှဲဖြစ်သေးသည်။ "ဒွန်"ကိုကျနော် နားလည်လာပြီ။ သြော်၊ မေ့တော့မလို့။ အိမ်ဖိုး လစဥ်သွင်းရသည့် စနစ်လေး ပြောပြပါဦးမည်။

ကျနော် အိမ်ဝယ်စဥ်က အလျှောက်ကောင်းသဖြင့် အိမ်ချေးငွေကုမ္ပဏီက သူတို့မှာ ကျန်ရှိသည့် အစိုးရထောက်ပံ့ငွေမှ ကျနော့်အတွက် မဟာကရုဏာတော်အဖြစ် ဒေါ်လာ ၃ သောင်း ထောက်ပံ့ပါသည်။ ကတိကဝတ်အရ အိမ်ကို (၁၀) နှစ်အတွင်း မရောင်းရ၊ ထပ်ဆင့်ငှားရမ်းခြင်း မလုပ်ရ။ ပုံမှန်ဆပ်ပါလျှင် အနှစ် (၃၀) ဆို ကျေမည်။ VOA က မခွာညိုကတော့ အဲဒါ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် (၃၀) ဟု ပြောပြဖူးသည်။

အိမ်ကြွေးစနစ်က ဤသို့တည်း။

ကျနော့်အိမ်ဖိုး မူရင်းတန်ဖိုးက  $၁၇၅၀၀။


ဆက်ပါဦးမည်။

မာန်(တောင်လုံးပြန်)

ခေတ္တ-ယူအက်စ်အေ


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar