Breaking News

ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အာဏာသိမ်းစစ်တပ်က ကြေညာ

မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၂၈ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၉၊ ၂၀၂၅


ကရင်အမျိုးသားအစည်းအရုံး (KNU) ကို မတရားအသင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် အာဏာသိမ်းစစ်တပ်က ကြေညာ

မြန်မာနိုင်ငံမှာ လူမျိုးစုလွတ်မြောက်ရေး ရည်ရွယ်ချက်နဲ့ လက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ သက်တမ်းအရင့်ဆုံး အဖွဲ့အစည်း ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး ကို မတရားအသင်း ဥပဒေပုဒ်မ ၁၆ အရ မတရားအသင်းအဖြစ် အာဏာသိမ်း စစ်အစိုးရက ကြေညာလိုက်ပါတယ်။ တပြိုင်နက်တည်းမှာပဲ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရလည်း ကရင်အမျိုးသားအစည်းအရုံးကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

မတရားအသင်းဥပဒေက ကိုလိုနီခေတ် ၁၉၀၈ ခုနှစ်က ပြဋ္ဌာန်းထားခဲ့တဲ့ ဥပဒေ ဖြစ်ပြီး လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်ကာလတလျှောက်လုံးနဲ့ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး မဆလ တပါတီအာဏာရှင်ခေတ်တလျှောက်၊ ၁၉၈၈ ခုနှစ် ဒုတိယအကြိမ် စစ်အာဏာသိမ်းပြီးနောက် ဆယ်စုနှစ်တွေမှာပါ လက်နက်ကိုင် တော်လှန်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်သူ၊ ထိတွေ့ဆက်ဆံသူ၊ ဆက်ကြေးပေးသူ၊ တချို့သော ဖြစ်ရပ်တွေမှာ အစားအသောက် ကျွေးမွေးမိသူတွေကအစ မတရားအသင်း ဥပဒေနဲ့ ထောင်ဒဏ် အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

အထက်ကလို လက်နက်ကိုင် အဖွဲ့ဝင်တွေနဲ့ ထိတွေ့ဆက်ဆံမိလို့ ကျေးရွာတွေမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ဝင်ရောက်လာတဲ့အခါ ပြောဆိုဆက်ဆံရတဲ့ ကျေးရွာသူကြီးတွေ အုပ်ချုပ်ရေးမှူးတွေ အဖို့ အစိုးရတပ် ဝင်လာတဲ့အခါ မတရားအသင်း ဥပဒေပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးပြီး ၂ နှစ်ကနေ ၃ နှစ်ထိ ထောင်ချခံရတဲ့ အဖြစ်အပျက်တွေ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့ပါတယ်။ 

ခေတ် အဆက်ဆက် နိုင်ငံရေး စစ်ရေးကိစ္စတွေ ဘာမှ ပတ်သက်ဆက်နွယ်ခြင်း မရှိတဲ့ ကျေးရွာတွေက ရိုးရိုးသားသား ကိုယ့်စီးပွား ကိုယ်ရှာစားကြတဲ့သူတွေ ရာထောင်ချီပြီး ၁၇ (၁) ဆိုတဲ့ ပုဒ်မနဲ့ အကျဥ်းကျခံခဲ့ကြရတာ ဖြစ်ပါတယ်။ 

၂၀၁၁ ဦးသိန်းစိန် ဦးဆောင်တဲ့ ကြံ့ခိုင်ရေး အစိုးရတက်လာပြီးနောက် အပစ်အခတ် ရပ်စဲရေး နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ပေါ်ထွက်လာပြီးနောက် ၂၀၁၂ ခုနှစ်မှာ ကရင်အမျိုးသားအစည်းအရုံး အနေနဲ့  အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၂ နောက်ပိုင်း KNU အပါအဝင် အခြားသော အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့အတူ နိုင်ငံရေး ဆွေးနွေးမှုဆီ ဦးတည်မယ့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လက်ပါဝင်ခဲ့ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ NCA လို့ခေါ်ဆိုတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အခြားလက်နက်ကိုင် အဖွဲ့တွေနဲ့ အတူ လက်မှတ်ထိုးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ NCA လက်မှတ်ရေးထိုး တဲ့အခမ်းအနား မတိုင်ခင် ရက်ပိုင်းအလိုမှာ တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့ကို မတရားအသင်းကြေညာထားခြင်းမှ ပယ်ဖျက်ကြောင်း ဦးသိန်းစိန် အစိုးရက ကြေညာခဲ့ပါတယ်။ 

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှာ မတရားအသင်း အဖြစ်ကနေ ပယ်ဖျက်ပေးခဲ့ပြီးနောက် ၁၀ နှစ်နီးပါး အကြာမှာ အခုလို ကရင်အမျိုးသား အစည်းအရုံးကို မတရားအသင်းအဖြစ် ပြန်လည်ထည့်သွင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

မတရားအသင်းအဖြစ် ကြေညာခြင်းဟာ နိုင်ငံရေးအရ သဘောထားကွဲလွဲပြီး လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲတဲ့ အဖွဲ့အစည်းတွေကို အချို့သောနိုင်ငံတွေမှာလည်း အလားတူ ကြေညာလေ့ရှိတာမို့လို့ ဒီကြေညာခံရတဲ့ အဖွဲ့အစည်းနဲ့ ပတ်သက်သူ၊ ထိတွေ့ဆက်ဆံသူတွေကို အရေးယူအပြစ်ပေးနိုင်အောင် ရည်ရွယ်လုပ်ဆောင်တာလို့ ဆိုနိုင်ပါတယ်။ 

သို့ပေမဲ့ ကရင်အမျိုးသား အစည်းအရုံးကို အရင်က တကြိမ် တခါမှ ထည့်သွင်းခြင်းမရှိခဲ့ဖူးတဲ့ အကြမ်းဖက်အုပ်စု (အဖွဲ့အစည်း )အဖြစ် ကြေညာခြင်းက နိုင်ငံရေးအရ သိက္ခာကျအောင် လုပ်ဆောင်တဲ့ ရည်ရွယ်ချက်နဲ့ မတရားအသင်းဥပဒေထက် ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေထည့်သွင်း ပြဋ္ဌာန်းထားတဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အပြစ်ပေးဖို့ ရည်ရွယ် လုပ်ဆောင်တာတွေ့ရပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ် အရှိန်အဟုန်နဲ့ တောက်လောင်လာချိန်မှာ “အကြမ်းဖက်” ဆိုတဲ့ ဝိသေသ စကားလုံးကို အာဏာသိမ်းစစ်တပ်ရဲ့ ရှေ့မှာ ဝိသေသပြု ခေါ်ဆိုသုံးနှုန်းခံရတာ ဖြစ်ပါတယ်။ အရပ်သားတွေကို ဥပဒေလုပ်ထုံးလုပ်နည်း လိုက်နာခြင်းမရှိဘဲ ရိုက်နှက် နှိပ်စက်တာ၊ ရက်ရက်စက်စက် သတ်ဖြတ်တာ၊ ပိုင်ဆိုင်မှုတွေ ယူဆောင်တာ၊ ဖျက်ဆီးတာတွေနဲ့ သက်ကြီးရွယ်အို၊ ကလေးသူငယ်မကျန် သတ်ဖြတ်မှုတွေအတွက် အကြမ်းဖက် စစ်တပ်လို့ နောက်ကွယ်မှာ ခေါ်ဝေါ် သုံးနှုန်းလာကြတာ ဖြစ်ပါတယ်။ တဖက်မှာလည်း အာဏာသိမ်းစစ်တပ်က လက်နက်ကိုင် ခုခံတော်လှန်သူတွေကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေကို အသုံးချပြီး နှစ်ရှည်ထောင်ဒဏ်ကနေ သေဒဏ်အထိ ပြစ်ဒဏ်ပေးနေတာ ဖြစ်ပါတယ်။ 

အခု ကရင်အမျိုးသားအစည်းအရုံးကို အကြိမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းဟာ စစ်မြေပြင်မှာ ၄င်းတို့ စိုးမိုး ထိန်းချုပ်နိုင်ခြင်း မရှိတဲ့ဒေသတွေမှာ ထူးခြားမှု မရှိသော်လည်း အာဏာသိမ်းစစ်တပ် ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်နေကြတဲ့ သူတွေအဖို့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ဆက်သွယ်တာ ထိတွေ့ဆက်စပ်မှုရှိတဲ့ သံသယ၊ အထောက်အထားနဲ့ ဖမ်းဆီးကာ ကြီးလေးတဲ့ အပြစ်ပေးခံရနိုင်တဲ့ အန္တရာယ် ရှိလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ယေဘုယျအားဖြင့် ချုံ့ပြောရရင် ကရင်အမျိုးသားအစည်းအရုံးကို အခုလို မတရားအသင်းနဲ့ အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ကြေညာခြင်းက စစ်ရေး အနေအထားအပေါ် သက်ရောက်မှု တစုံတရာ ရှိဖို့ထက် နိုင်ငံရေးအရ သိက္ခာချဖို့ ရည်ရွယ်တာ၊ စစ်တပ် ထိန်းချုပ်နယ်မြေဒေသတွေက ပြည်သူလူထု အနေနဲ့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ထိတွေ့ဆက်ဆံမှု ကူညီအားပေးမှု မလုပ်ရဲအောင် ခြိမ်းခြောက်မှု တခုလို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar