Breaking News

တော်လှန်ရေးရဲ့ ပကတိအခြေအနေကို တည့်တည့်ကြည့်ပြီး ဗျူဟာချမှတ်ကြဖို့အရေးကြီးလာ

မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၂၉ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၃၀၊ ၂၀၂၅


တော်လှန်ရေးရဲ့ ပကတိအခြေအနေကို တည့်တည့်ကြည့်ပြီး ဗျူဟာချမှတ်ကြဖို့အရေးကြီးလာ 

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပေါ်ထွက်လာတဲ့ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေး၊ လူမျိုးကြီးဝါဒ တိုက်ဖျက်ရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ထူထောင်ရေး ကို ရည်မှန်းချက် ပန်းတိုင်အဖြစ် ထားရှိပြီး အတွေးအခေါ်တော်လှန်ရေး၊ လက်နက်ကိုင် တော်လှန်ရေးကို နွေဦးတော်လှန်ရေး ရယ်လို့ တင်စားခေါ်ဝေါ်လာခဲ့ကြတာ ဖြစ်ပါတယ်။ 

နွေဦးတော်လှန်ရေး နဲ့ ပတ်သက်လို့ တိကျတဲ့ အဓိပ္ပါယ် ဖွင့်ဆို သတ်မှတ်ချက်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိပေမယ့်လည်း အထက်က ဖေါ်ပြခဲ့တဲ့အရေးတွေကို ပန်းတိုင် အဖြစ် ရည်မှန်းချက် အဖြစ်ထားခဲ့ကြတာ လို့ဆိုရင် မှားမယ်မထင်ပါ။ 

နွေဦးတော်လှန်ရေးက ၆ လ ကြာမယ်၊ တနှစ်ကြာမယ် ဒါမှ မဟုတ် အများဆုံး ၁ နှစ်ကနေ ၂ နှစ်ထိကြာမယ်လို့ နွေဦးတော်လှန်ရေးကို ဦးဆောင်လှုံ့ဆော်ပြောဆိုသူတွေရဲ့ အပြောအဟောမှာ လူအများအပြားက ယုံကြည်ခဲ့ကြတာ အမှန်ပင် ဖြစ်ပါတယ်။ 

CDM လှုပ်ရှားမှုနဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ ယန္တရားကို ရပ်တန့်အောင် လုပ်ဆောင်မယ့် လမ်းစဥ်၊ အကြမ်းမဖက် ဆန္ဒထုတ်ဖေါ်တဲ့နည်းလမ်းနဲ့ အာဏာသိမ်းစစ်တပ်ကို အာဏာစွန့်လွှတ်အောင် ဖိအားပေးမယ့် လမ်းစဥ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလနှောင်းပိုင်းမှာ မအောင်မြင်တော့တဲ့ အနေအထား ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ 

အဲဒီနောက် ဧပြီလ နဲ့ မေလတို့မှာ လက်နက်ကိုင် တပ်ဖွဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းကြပြီး လက်နက်ကိုင်နည်းလမ်းနဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကို ဖယ်ရှားဖို့ လုပ်ဆောင်ခဲ့ကြတဲ့ကာလမှာ အချို့သော နိုင်ငံရေး လေ့လာသူတွေက တော်လှန်ရေး ခရီးလမ်းက နှစ်နဲ့ချီကြာမြင့်ကောင်း ကြာမြင့်နိင်တယ်လို့ မှန်းဆလာကြတာ ဖြစ်ပါတယ်။ 

သို့ပေမယ့် နွေဦးတော်လှန်ရေး ကို ဦးဆောင်သူတွေ အနေနဲ့ လူထုကို စိတ်ဓါတ်တက်ကြွအောင် ရည်ရွယ်ပြီး ဟောပြောတဲ့ သဘောလား သို့မဟုတ် အာဏာသိမ်းစစ်တပ် ရဲ့ ခုခံနိုင်စွမ်းကို လျှော့တွက်တဲ့ သဘော တခုခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ၂၀၂၂ ခုနှစ် မှာ အဆုံးအဖြတ်ဖြစ်နိုင်တယ် လို့ ပြောဆိုမှုတွေနဲ့ တဖန် ၂၀၂၂ ကုန်လွန်ပြီးနောက် ၂၀၂၃ ခုနှစ်မှာ နွေဦးတော်လှန်ရေး အောင်ပွဲခံနိုင်တယ် ဆိုတဲ့ မှန်းဆပြောဆိုချက်တွေလည်း ပြောဆိုခဲ့ကြသလို သတင်းမီဒီယာတွေကလည်း စိတ်အားတက်ကြွဖွယ် ရေးသား တင်ဆက်ကြတာကြောင့် မြန်မာလူထု အနေနဲ့ နွေဦးတော်လှန်ရေးက မကြာခင်ကာလအတွင်း အောင်ပွဲရတော့မယ်လို့ ယုံကြည် မှတ်ယူခဲ့ကြတာတွေ့ရပါတယ်။ 

အထူးသဖြင့် သတင်းမီဒီယာတွေ အနေနဲ့လည်း တိုက်ပွဲသတင်းတွေ ဖော်ပြတဲ့အခါမှာ အချက်အလက် တိကျမှန်ကန်ဖို့ စိစစ်ဖေါ်ပြတာထက် စိတ်ဓါတ်စစ်ဆင်ရေး သဖွယ် သာသာထိုးထိုး ပြောဆိုတဲ့ အရေအတွက် အချက်အလက်တွေအတိုင်း ဖော်ပြခဲ့ကြတဲ့ အဖြစ်က ရန်သူကို လျှော့တွက်တဲ့ မှန်းဆချက်တွေ ဖြစ်ပေါ်လာစေတာ ဖြစ်ပါတယ်။ 

အချို့သော လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ သတင်းမီဒီယာကို ထုတ်ပြန်တဲ့ သို့မဟုတ် ပေးပို့တဲ့ကိန်းဂဏန်းတွေက အဖြစ်အပျက်မှန်နဲ့ များစွာပိုလွန်ပြီး ထုတ်ပြန်ပြောဆိုလေ့ ရှိတာ ဖြစ်ပါတယ်။ စစ်ပွဲတွေရဲ့ ထုတ်ပြန်ချက်တွေက စိတ်ဓာတ်စစ်ဆင်ရေး သဘောအရ အမှန်အတိုင်း အတိအကျ ထုတ်ပြန်လေ့မရှိတာ သဘာဝ ဖြစ်ပေမယ့် သတင်းမီဒီယာတွေ အနေနဲ့ အဆိုပါ ထုတ်ပြန်ချက်တွေအတိုင်း အမှန်တကယ်ဖြစ်ပျက်နေတဲ့ သဖွယ် အစဥ်အမြဲဖေါ်ပြခြင်းက အခြေအနေမှန်ကို သိရှိနားလည်ဖို့ ခက်ခဲလာမှာ ဖြစ်ပါတယ်။ 

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ မှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးက စစ်ရေးချိန်ခွင်လျှာကို ကြီးမားတဲ့ အပြောင်းအလဲဖြစ်စေခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တင်မကဘဲ ကရင်နီပြည် (ကယား)၊ ရခိုင်၊ စစ်ကိုင်း၊ ချင်းစတဲ့ ဒေသတွေမှာပါ ၁၀၂၇ စစ်ဆင်ရေးက ဖြစ်ပေါ်စေတဲ့ အခွင့်အလမ်းကို ဆုပ်ကိုင်ယူကြပြီး ထိုးစစ်ဆင် တိုက်ခိုက်ကြကာ နယ်မြေတွေ သိမ်းယူနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ 

သို့ပေမဲ့ ယခုနှစ် ၂၀၂၅ နှစ် အလယ်ပိုင်း စစ်ရေးအခြေအနေကို ပြန်လည်သုံးသပ်ကြည့်ရင် စစ်ရေးချိန်ခွင်လျှာ အနေအထား ပြောင်းလဲလာနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ မြို့တွေ လက်လွှတ်ရတဲ့ အဖြစ် နယ်မြေတွေ လက်လွှတ်ရတဲ့ အဖြစ်အပျက်တွေရဲ့ နောက်ကွယ်မှာ အကြောင်းရင်းခံတွေ ဘာတွေရှိနေသလဲ ဆိုတာ ဆန်းစစ် သင်ခန်းစာယူကြဖို့ အချိန်ရောက်နေတာလည်း ဖြစ်ပါတယ်။ 

သတင်းမီဒီယာတွေက ဖော်ပြတဲ့ စစ်ရေး အတွေးအမြင် အာဘော်ဆောင်းပါးတွေ၊ နိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေ ကို အခြေခံပြီး စစ်ရေး နိုင်ငံရေး မဟာဗျူဟာ ချမှတ်လို့ မရနိုင်တာ သဘောပေါက် နားလည်ဖို့ လိုပါတယ်။ သတင်းမီဒီယာတွေ အနေနဲ့ လူကြိုက်များမယ့် အမြင်၊ အာဘော်တွေကို ဖေါ်ပြပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေက ရတဲ့ ဝင်ငွေနဲ့ ရပ်တည်ကြခြင်းကြောင့်လည်း သတင်းမီဒီယာက အာဘော်၊ သုံးသပ်ချက်တွေကို ယုံပြီးပုံအပ်လို့ မရတဲ့ ခေတ်အခြေအနေဖြစ်လာနေတာပါ။ 

နိုင်ငံရေး၊ စစ်ရေး၊ အင်အားစုတွေ အနေနဲ့ ပကတိ အချက်အလက်တွေ၊ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အချက်အလက် ကိန်းဂဏန်းတွေ လူထုရဲ့ အမြင် (သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ လူထုအမြင် ဆိုခြင်းထက် ) တွေကို နားထောင်ကြဖို့လည်း အရေးကြီးတာ ဖြစ်ပါတယ်။ လူထုကို စည်းရုံးသိမ်းသွင်းခြင်း၊ စိတ်အားတက်ကြွအောင် ပြောဆိုခြင်းက စိတ်ဓာတ်စစ်ဆင်ရေး နည်းနာ၊ လူထုဆက်ဆံရေး နည်းနာလို့ဆိုပေမယ့်လည်း ရင်ဆိုင်ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေကိုလည်း ရိုးရိုးသားသား လူထုကို အသိပေးပြီး အတူရင်ဆိုင် ဖြတ်ကျော်ကြဖို့ စည်းရုံးခြင်းက ရေရှည်ခံတဲ့ စည်းရုံးမှုလို့ ဆိုချင်ပါတယ်။ မစားရ ဝခမန်း ပြောဆိုစည်းရုံးခြင်းထက် ပကတိ အခြေအနေတွေကို တည့်တည့် ရင်ဆိုင်သုံးသပ်ပြီး မှန်ကန်တဲ့ မဟာဗျူဟာ ချမှတ်ကာ နွေဦးတော်လှန်ရေးကို လူထုနဲ့အတူ ရင်ဆိုင်ကျော်ဖြတ်ကြမယ် ဆိုတဲ့ ခံယူမှုမျိုး၊ စည်းရုံးမှုမျိုး ပြောဆိုမှုမျိုး လုပ်ဆောင်ကြရမယ့် အချိန်ရောက်နေပြီလို့ တိုက်တွန်းချင်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar