ပြည်ပ ကုန်ပစ္စည်းတင်သွင်းမှု ကန့်သတ်ခြင်းနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှု ဂယက်
မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၂၇ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၈၊ ၂၀၂၅
ပြည်ပ ကုန်ပစ္စည်းတင်သွင်းမှု ကန့်သတ်ခြင်းနဲ့ ကုန်စျေးနှုန်းကြီးမြင့်မှု ဂယက်
အာဏာသိမ်းထားတဲ့ စစ်တပ်က ခုသီတင်းပတ်တွေ အတွင်း ပြည်ပက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ နဲ့ ပတ်သက်ပြီး စည်းမျဥ်းစည်းကမ်း အသစ်တွေ၊ ကန့်သတ်မှုတွေ တခုပြီးတခု ထုတ်ပြန်ခဲ့ပါတယ်။ ပထမဦးဆုံး အနေနဲ့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး မှာ ပမာဏအများဆုံး ကုန်သွယ်နေတဲ့ လမ်းကြောင်းဖြစ်တဲ့ မြဝတီ နယ်စပ်ကုန်သွယ်ရေး က တဆင့်တင်သွင်းမယ့် ထိုင်းနိုင်ငံက ထုတ်ကုန်တွေတင်ဆောင်ထားတဲ့ အစီးရာနဲ့ချီ တဲ့ ထရပ်ကားတွေကို မြဝတီတံတား အမှတ် ၂ ကနေ တင်သွင်းခွင့်မပေးဘဲ ရပ်ဆိုင်းထားကြောင်း ရုတ်တရက် ကြေညာလိုက်ပါတယ်။ တားဆီးခံရတဲ့ ကုန်တွေတင်ဆောင်ထားတဲ့ ကားတွေဟာ နယ်စပ်မျဥ်းကို ကူးပြီး ခိုးကြောင်ခိုးဝှက် သယ်ဆောင်ကြတဲ့ ကုန်ပစ္စည်းတွေမဟုတ်ပဲ အကောက်အခွန် ပေးဆောင်ပြီးတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ အခွန်အကောက် စည်းကြပ်ရာမှာ လာဘ်စားမှုတွေ ရှိနေသည့်တိုင် ဒီလမ်းကြောင်းက တရားဝင် ကုန်သွယ်ရေး လမ်းကြောင်းဖြစ်ပြီး ကြိုတင်အသိပေး ကြေညာခြင်း မရှိဘဲ ရုတ်တရက် ပိတ်ချလိုက်တာကြောင့် မြန်မာနိုင်ငံဘက်က ကုန်သည်တွေရော ထိုင်းဘက်က ရောင်းချသူတွေပါ မျှော်လင့်မထားတဲ့ အခြေအနေနဲ့ ကြုံတွေ့ရပြီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။
ဝယ်ယူပြီးသား ကားတွေပေါ် တင်ဆောင်ပြီးသား ထိုင်းနိုင်ငံက ကုန်ပစ္စည်းတွေ ပိတ်မိနေတဲ့ ကိစ္စကို ထိုင်း လုပ်ငန်းရှင်၊ ထိုင်းအစိုးရ၊ မြန်မာဘက်က စစ်ကော်မရှင် ဘက်ကတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပြောဆိုနေကြတယ်လို့ သတင်းတွေ နောက်ဆုံး သိရပေမယ့် ဘယ်လို ဖြေရှင်းကြသလဲ မသိရှိရပါဘူး။
နယ်စပ် ကုန်ပစ္စည်းတင်သွင်းမှုကို ရုတ်တရက် ကန့်သတ်ချက် ထုတ်လိုက်ခြင်းဟာ မြဝတီ- ဖားအံ-ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ အခွန်အကောက် ကောက်ခံနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဝင်ငွေရလမ်း ဖြတ်တောက်ဖို့ ရည်ရွယ် လုပ်ဆောင်တာလို့ ကောက်ချက်ချနိုင်ပေမယ့် အဲဒီရည်ရွယ်ချက် တခုထည်းတော့ ဟုတ်ပုံမရပါဘူး။
အဆိုပါ ကန့်သတ်မှု လုပ်ဆောင်ပြီး မကြာခင်မှာပဲ လေကြောင်းကနေ တင်သွင်းနေတဲ့ ကုန်ပစ္စည်းတွေကိုလည်း ကန့်သတ်မှုတွေ လုပ်ဆောင်လာတဲ့ သတင်းတွေ ထပ်မံ ထွက်ပေါ်လာပြီး လေကြောင်းက ကုန်ပစ္စည်းတင်သွင်းမှု ဝန်ဆောင်ပေးနေတဲ့ လုပ်ငန်းတချို့ ရပ်နားကြောင်း ကြေညာတာတွေလည်း တွေ့လာရပါတယ်။
ထိုင်း နယ်စပ်ကုန်သွယ်ရေး နဲ့ လေကြောင်းက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေက ကန့်သတ်ပိတ်ပင်မှုတွေ တခုပြီးတခု လုပ်ဆောင်လာခြင်းဟာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေရဲ့ ဝင်ငွေရလမ်းကို ပိတ်ပင်ဖို့ ရည်ရွယ်တာဆိုတဲ့ ရည်ရွယ်ချက် အပြင် နိုင်ငံခြားငွေ သုံးစွဲမှုကိုပါ လျှော့ချဖို့ ရည်ရွယ်ချက်ပါ ပါဝင်နေတယ်ဆိုတာ ထင်ရှားလာပြီး စစ်ကော်မရှင် အနေနဲ့ ပြည်ပက သွင်းကုန် ပမာဏကို လျှော့ချကာ နိုင်ငံခြားငွေ လိုအပ်ချက်ကို လျော့နည်းအောင် ရည်ရွယ်လုပ်ဆောင်တာလို့ ရိုးရိုးရှင်းရှင်း ကောက်ချက်ချ နိုင်ပါတယ်။
သို့ပေမယ့် အာဏာသိမ်း စစ်တပ်က မြဝတီနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတင်မကဘဲ လေကြောင်း က တင်သွင်းတာတွေကိုပါ အခုလို တားမြစ်လိုက်ခြင်းဟာ နိုင်ငံခြားငွေ လိုအပ်ချက် လျော့ကျအောင် ရည်ရွယ်တဲ့ ရည်ရွယ်ချက်လည်း ရှိနေတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ထိုင်းနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ရေကြောင်းလမ်းဖြစ်တဲ့ ရနောင်-ကော့သောင်း နယ်စပ်ကုန်သွယ်ရေးကတဆင့် တင်သွင်းခွင့် ပြုထားသည့်တိုင် တင်သွင်းခွင့်ပါမစ် ခွင့်ပြုချက်နှောင့်နှေးအောင် လုပ်ဆောင်တာမျိုးတွေနဲ့ တင်သွင်းချင်တဲ့ ပမာဏ ကိုလွယ်လွယ်ကူကူ မတင်သွင်းနိုင်အောင် ကန့်သတ်တားဆီးတာမျိုးတွေ စစ်ကော်မရှင်က လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။
အခုလို နယ်စပ်ကုန်သွယ်ရေး လေကြောင်းက တင်သွင်းမှုတွေကို လျော့ချကန့်သတ်ခြင်းဟာ နိုင်ငံခြားငွေ လိုအပ်ချက်လျော့ကျအောင် ရည်ရွယ်ချက်လည်း အဓိကကျတဲ့ အချက်တခု ဖြစ်နိုင်ပါတယ်။
ပြည်တွင်း စစ်ပွဲတွေမှာ လိုအပ်ချက်ကြီးကြီးမားမား ဖြစ်လာတဲ့ လက်နက်ခဲယမ်းတွေ ပြည်ပက ဝယ်ယူတင်သွင်းရတာတွေ အတွက်ကုန်ကျမှု၊ လေကြောင်းတိုက်ခိုက်မှုတွေအတွက် နေ့စဥ် အသုံးပြုနေရတဲ့ လေယာဥ်ဆီနဲ့ စစ်လေယာဥ် ပြုပြင် ထိန်းသိမ်းစရိတ်တွေက အာဏာသိမ်းစစ်တပ်အဖို့ ကြီးမားတဲ့ ဖိအားတွေ ဖြစ်လာနေတဲ့ အနေအထားလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားလာခြင်းက မြန်မာကျပ်ငွေကို တန်ဖိုးကျစေပြီး တနှစ်ထက် တနှစ်မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းလာတာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးစ နှစ်က အမေရိကန် ၁ ဒေါ်လာ ကို ကျပ်ငွေ ၁၃၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ရာက တနှစ်ပြီးတနှစ် မြင့်တက်လာခဲ့ရာမှာ ခုလက်ရှိ ၁ ဒေါ်လာကို ၄၃၀၀/၄၄၀၀ ကျပ် အထိရောက်ရှိနေပြီဖြစ်ပါတယ်။
နိုင်ငံရဲ့ စီးပွားရေး မူဝါဒ၊ ငွေကြေးဆိုင်ရာမူဝါဒတွေမှာ နားလည်ကျွမ်းကျင်စွာ စီမံခန့်ခွဲခြင်း မစွမ်းနိုင်တဲ့ စစ်အစိုးရတွေရဲ့ ထုံးစံအတိုင်း တကြောင်းဆွဲ ကောက်ချက်တွေချမှတ်ကာ ပြည်ပတင်သွင်းမှုကို ကန့်သတ်ခြင်း၊ ချိုးခြံချွေတာ သုံးစွဲခြင်း တို့ကို လုပ်ဆောင်ပြီး မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းတာကို တားဆီးဖို့ ကြိုးစားကြလေ့ရှိတာ ဖြစ်ပါတယ်။
အခုလို ကန့်သတ်ပိတ်ပင်လိုက်တဲ့ ခြင်းကြောင့် ပြည်တွင်းမှာ နကိုကတည်းက စစ်ပွဲကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ ကုန်စည် သယ်ဆောင်မှုဖြန့်ဖြူးမှုတွေ နဲ့ ကုန်စျေးနှုန်းကြီးမြင့်မှုတွေကို မီးလောင်ရာ လေပင့် ဖြစ်လာစေမယ့် အလားအလာတွေ အများကြီးရှိနေတာဖြစ်ပါတယ်။
ယခု ပိတ်ပင်ကန့်သတ်မှုတွေထဲ အကျုံးဝင်တဲ့ ကုန်စည်တွေမှာ ဆောက်လုပ်ရေးသုံး ဘိလပ်မြေလို ကုန်စည်တွေပါဝင်နေသလို နေ့စဥ် သုံးစွဲနေရတဲ့ မရှိမဖြစ် အခြေခံ လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးဝါး စတဲ့ ကုန်ပစ္စည်း အမျိုးအမည်တွေလည်း ပါဝင်နေတာ ဖြစ်လို့ နကိုကတည်းက နယ်မြေ မတည်ငြိမ်မှုကြောင့် မြင့်တက်ပြီးဖြစ်တဲ့ ကုန်စျေးနှုန်းတွေ မတန်တဆ မြင့်တက်လာမယ့် အရေးကို လူအများက စိုးရိမ်နေကြတာ ဖြစ်ပါတယ်။
နိုင်ငံတွင်းမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု သိသာစွာလျော့ကျလာတဲ့ အကျိုးဆက်နဲ့ အလုပ်သမားအင်အား ရှားပါးလာနေခြင်းကြောင့် ပြည်တွင်းကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းတွေ ကျဆင်းနေတာ ဖြစ်ပါတယ်။ အဆိုပါ အကြောင်းအချက်တွေက အဝတ်အထည်၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ အချိုရည်၊ မုန့် စတဲ့ ကုန်ပစ္စည်းတွေကို ပြည်တွင်းမှာ ထုတ်လုပ်နိုင်တာ လျော့နည်းကျဆင်းလာနေပြီး ဖြစ်ပါတယ်။
၁၀၂၇ စစ်ဆင်ရေးကာလနောက်ပိုင်း အလဲလဲ အကွဲကွဲ ဖြစ်နေတဲ့ အာဏာသိမ်း စစ်တပ် အနေနဲ့ ခုလပိုင်းတွေမှာ စစ်ရေးချိန်ခွင်လျှာ အနည်းငယ် အပြောင်းအလဲဖြစ်လာချိန်မှာ ထိုးစစ်ဆင်တာတွေ ပိုပြီးလုပ်လာသလို စစ်ရေး အသုံးစရိတ် လိုအပ်ချက်တွေ အတွက် နိုင်ငံခြားသုံးငွေ ချွေတာတဲ့ ရည်ရွယ်ချက်မျိုး ရှိကောင်းရှိနေနိုင်ပြီး အဆိုပါ မူဝါဒ အကောင်အထည်ဖေါ်မှုရဲ့ အကျိုးဆက်ကို ပြည်တွင်းမှာရှိတဲ့ ခက်ခဲကြပ်တည်းနေတဲ့ လူများစုက ခါးစည်းခံစားကြရမယ့် အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar