Breaking News

မောင်လူမွှေး - ပြန့်ကျဲ နေတဲ့ အနာဂတ်များ

မောင်လူမွှေး - ပြန့်ကျဲ နေတဲ့ အနာဂတ်များ

မိုးမခ ၊ ဩဂုတ် ၂၈ ၊ ၂၀၂၅


စစ်ကောင်စီရဲ့ အန္တရာယ်ကြောင့် ကိုယ့်ကျေးရွာတွေကို စွန့်ခွာပြီး နေကြရတဲ့ ပြည်သူတွေဟာ တစုတစ်ဝေးတည်း စစ်ရှောင်စခန်းဆောက်ပြီး နေကြတာရှိသလို နေရာအနှံ့မှာ ပြန့်ကြဲပြီး တစ်နေရာစီနေကြရသူတွေလည်း ရှိပါတယ်။ တောထဲမှာ တတဲနဲ့ တတဲ နီးနီးကပ်ကပ် မနေနိုင်ဘဲ အခင်းတောတွေ၊ ချောင်းတွေ ခြားပြီး တဲဆောက်နေကြရသူတွေကို ပြန့်ကျဲစစ်ရှောင်တွေလို့ ခေါ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က မောင်လူမွှေး နေတဲ့ ဒေသက ပြန့်ကျဲစစ်ရှောင်ကျောင်း နှစ်ကျောင်းကို ရောက်ခဲ့တယ်။ ပညာရေးနဲ့ပတ်သက်တာတွေ သိချင်တယ်ဆိုပြီး မောင်လူမွှေးကို ဖိတ်ခေါ်လို့ သွားတာဖြစ်ပါတယ်။ ပြန့်ကျဲစစ်ရှောင်ကျောင်းကို ရောက်ဖို့ မောင်လူမွှေး သွားနေကျ စစ်ရှောင်စခန်းလေးကနေ ခြေလျင်သွားရပါတယ်။ လယ်ကန်သင်းတွေ ဖြတ်၊ ချောင်းတွေဖြတ်ကာ နာရီဝက်ကျော်ကျော်လမ်းလျှောက်ပြီးချိန်မှာတော့ ပထမစစ်ရှောင်ကျောင်းကို ရောက်ပါတယ်။ အဲ့ဒီပထမကျောင်းကနေ နောက်ထပ် မိနစ်လေးဆယ်ဝန်းကျင် လမ်းထပ်လျှောက်မှ ဒုတိယကျောင်းကို ရောက်ပါတယ်။

မိဘတွေရော၊ ဆရာတွေရော မောင်လူမွှေး အလာကို စောင့်နေကြပါတယ်။  သူတို့တွေရဲ့ မျက်လုံးတွေမှာ သူတို့သားသမီးတွေရဲ့ ပညာရေးအတွက် စိုးရိမ်မှုတွေနှင့် မျှော်လင့်ချက်တွေ ရောယှက်နေတာကို တွေ့ရပါတယ်။ တောသူတောင်သား လူရိုးတွေဟာ NUG ရဲ့ ပညာရေးမူဝါဒကို အကြမ်းဖျင်းတောင် မသိကြလေတော့ ပညာရေးကို စစ်အာဏာရှင်အဆက်ဆက်က ပညာရေးလိုပဲ ထင်မှတ်နေရှာတာကို တွေ့ရတယ်။ မောင်လူမွှေးက တတ်သမျှမှတ်သမျှ ရှင်းပြအားပေးတော့ သူတို့မျက်လုံးတွေ အရောင်တောက်လာကြတာကို သတိထားမိပါတယ်။

ပညာရေးအတွက် အခက်ခဲဆုံး ရင်ဆိုင်ရသူတွေထဲမှာ ပြန့်ကျဲစစ်ရှောင်က ကလေးတွေ ပါဝင်ပါတယ်။ သူတို့ နေထိုင်ရာတဲတွေဟာ သူတို့တောင်သူ လုပ်ကွက်အခင်းထဲမှာပဲ ဆောက်ထားကြတာမို့ တတဲနဲ့တတဲ အလှမ်းကွာဝေးကြတယ်။ သူတို့ ပညာသင်ယူမယ့် စာသင်ကျောင်းဟာလည်း သူတို့ နေထိုင်ရာတဲတွေနဲ့ အလှမ်းဝေးကြပါတယ်။ အချို့ဆို ချောင်းကို သုံး လေးကြိမ် ဖြတ်ကူပြီးမှ ကျောင်းကို ရောက်နိုင်ကြတာဆိုတော့ မိုးရာသီမှာ အင်မတန်ခက်ခဲတယ်။ ဒီလိုအခက်အခဲကြားကပဲ  မိဘတွေက လုံးပန်းကြ၊ ဆရာ၊ ဆရာမတွေက အနစ်နာခံကြ၊ ကလေးတွေက အပင်ပန်းခံကျောင်းလာကြနဲ့ ပညာတတ်မြောက်ဖို့အရေး ရုန်းကန်ကြရတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ်ကလည်း မောင်လူမွှေးဟာ အခြားပြန့်ကျဲစစ်ရှောင်ကျောင်းတွေကို ရောက်ခဲ့ဖူးတယ်။ ပြီးခဲ့တဲ့နှစ် မောင်လူမွှေး ရောက်ခဲ့တဲ့ ပြန့်ကျဲစစ်ရှောင်ကျောင်းဆို မိုးအခါမှာ ချောင်းတွေက ရေဒလဟောကျတယ်။ အဲဒီစခန်းက ကျောင်းဟာ တောင်ပေါ်မှာ မိုးရွာရင် ခေါင်းလောင်းတီးပြီး ကျောင်းအမြန်ဆင်းရတယ်။ ချောင်းရေလာမှ ပြန်ရင် ကလေးတွေ မျောပါသွားနိုင်တဲ့အထိ အန္တရာယ်ရှိလို့ ဖြစ်ပါတယ်။ ဒီလို အန္တရာယ်များတဲ့နေရာမှာ ချောင်းကို ၈ ကြိမ်ဖြတ်ပြီး ကျောင်းတက်လာရတဲ့ ကျောင်းသားတွေရှိနေတာကို တွေ့ခဲ့ရတယ်။

မိုးရာသီဆို ချောင်းရေတွေ ဒလဟောကျတဲ့ အဲ့ဒီစစ်ရှောင်ကျောင်းရှိတဲ့နေရာဟာ နွေရာသီမရောက်ခင်မှာပဲ ရေအခက်အခဲကို ရင်ဆိုင်ကြရတယ်။ ရေတွင်းတူးလို့ ဘယ်လိုမှအဆင်မပြေလို့ တစ်ဖက်ပိတ်ဆည်ထဲက ရေသေကန်မှာပဲ ချိုးရေရော၊ သုံးရေရောခပ်ကြရပြီး ဝဲတွေလည်း ပေါက်လိုက်တာမှ တစ်ကျောင်းလုံး တစ်ယောက်မကျန်ပဲ။ ကျောင်းက ကလေးတွေ ဝဲတွေပေါက်ကြတာကြားတော့ မောင်လူမွှေးနဲ့ မစ်မွှေးတို့ ဆပ်ပြာခဲတစ်ဖာသွားခဲ့လှူကြသေးတယ်။ အဲ့ဒီစစ်ရှောင်ကျောင်းနေရာဟာ မိုးရာသီဆို ထွန်စက်နှင့်နွားလှည်းတောင်သွားမရအောင် လမ်းဆိုးပါတယ်။ အဲ့ဒီထဲမှာမှ ဖုန်းလိုင်းကလည်း မရဘူး။  သူတို့လေးတွေဆီကိုတော့ ဆောင်းရာသီမှ ရောက်နိုင်တော့မယ် ထင်ပါရဲ့။

ပြီးခဲ့တဲ့နှစ်က မောင်လူမွှေး ရောက်တဲ့ နောက်ထပ် ပြန့်ကျဲ စစ်ရှောင်ကျောင်းနှစ်ကျောင်းလည်းရှိသေးတယ်။ အဲဒီ ပြန့်ကျဲစစ်ရှောင်ကျောင်း နှစ်ကျောင်း ပေါင်းပြီးလုပ်တဲ့ ပညာရေးစုံညီပွဲတော်ခုကို မောင်လူမွှေး သွားခဲ့တာကို အမှတ်ရမိပါတယ်။ ကလေးတွေအတွက် ပညာရေးစုံညီပွဲတော် လုပ်ရင် မောင်လူမွှေးဟာ သွားလေ့သွားထ သိပ်မရှိဘူး။ ကလေးတွေအတွက် လုပ်တဲ့ ပညာရေးစုံညီပွဲတော်မှာ လူကြီးတွေ တစ်ယောက်ပြီး တစ်ယောက် စင်ပေါ်တက်ပြီး စကားအကြာကြီး ပြောတာတွေကို မြင်ရခက်လို့ မသွားတာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီပြန့်ကျဲစစ်ရှောင် ပညာရေးစုံညီပွဲတော်ကိုတော့ မောင်လူမွှေး ရောက်အောင်သွားပြီး အားပေးခဲ့တယ်။ 

မောင်လူမွေး မနှစ်က ရောက်ခဲ့တဲ့ ပြန့်ကျဲစစ်ရှောင်ကျောင်းတွေထက်  ပြီးခဲ့တဲ့ အပတ်က ရောက်ခဲ့တဲ့ ပြန့်ကျဲစစ်ရှောင်ကျောင်းဟာ ဆရာ၊ ဆရာမ အင်အား ကောင်းတာကို သတိထားမိတယ်။ ဒါပေမဲ့ ကျောင်းအဆောက်အဦတွေကတော့ ပုံစံမကျ လိုအပ်ချက်တွေ များနေသေးတာကို တွေ့ရတယ်။  ဘာပဲဖြစ်ဖြစ် ပြန့်ကျဲစစ်ရှောင်ကျောင်းက ကျောင်းသားမိဘတွေကို တတ်နိုင်သမျှ အကူအညီပေးမှာဖြစ်ကြောင်း၊ တလ တကြိမ်ရောက်အောင် လာမှာဖြစ်ကြောင်း မောင်လူမွှေး  ကတိပေးခဲ့ရပါတယ်။

ကနဦးအနေနဲ့ ပြန့်ကျဲစစ်ရှောင်ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဆွေးနွေးပွဲ တစ်ရက်တာလုံးလုပ်ဖို့ ရက်ချိန်းပြီး စီစဥ်ခဲ့ရတယ်။ ကျောင်း ဆိုတာက တောထဲက အင်ဖက်မိုးကျောင်းပဲဖြစ်ဖြစ်၊ မြို့ပေါ်က တိုက်တာကျောင်းကြီးပဲဖြစ်ဖြစ် သင်ကြားနည်းစနစ်ကောင်းပြီး ကလေးတွေပျော်ရွှင်လွတ်လပ်စွာ သင်ယူနိုင်ဖို့က အရေးအကြီးဆုံးဖြစ်တယ်။ 

ခုလို တော်လှန်ရေးကာလမှာ ငွေရှိမှ၊ ပြည့်စုံမှ ပညာတတ်ရမယ်ဆို ကလေးတွေ ဘယ်ပညာတတ်တော့မှာလဲ။ ဒါကြောင့် ပညာနဲ့ အပင်ပန်းခံမှုပေါင်းပြီး ဆရာ၊ ဆရာမတွေရော မိဘတွေပါ ကြိုးစားကြမှသာ ပြန့်ကျဲနေတဲ့ အနာဂတ်တွေကို စုစည်းပျိုးထောင်ပေးနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar