လေခဏီ - ဖွတ်ဖာထီ
လေခဏီ - ဖွတ်ဖာထီ
မိုးမခ ၊ ဩဂုတ် ၂၄ ၊ ၂၀၂၅
မွေးရာပါ ဖွတ်ရောင်ပေါက်သူက ခင်ရီ။ ဖင်လေးသီသီသီသီနဲ့ သွားရင်လဲ ဖွတ်ဟန်အပြည့်။ ဖွားဖက်တော် ကောက်ကျစ်ညစ်ကြုတ် ယုတ်မာပုံကလဲ အသားတံဆိပ်ရိုက်ထားသလို မျက်နှာမှာအထင်းသား။ အဲဒါကြောင့် ကြံ့ဖွတ်ပါတီ ရွေးကောက်ပွဲနိုင်ပြီး အစိုးရ ဖြစ်မယ်၊ စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပြီး ကမ္ဘာ့အသိအမှတ်ပြုမှု ပြန်လည်ရရှိမယ်၊ မြန်မာ့နိုင်ငံရေးမှာ NLD ပါတီ နိဂုံးချုပ်သွားပြီလို့ ဖွတ်စကားပြောတာကိုး။
ဖွတ်ဖာထီတန်ဘဲနဲ့ လက်ရှိ နိုင်ငံမှာ ကြုံနေရတဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ တခုတည်းသော နိုင်ငံရေးပါတီလို့လည်း အူရဲတယ်။ ဖွတ်မှာ ဂွဒ်တာမရှိဘူး ဆိုတာလောက်တော့ မသိတဲ့သူမရှိဘူးဆိုတာကို မသိသား ဆိုးရွားနိုင်တဲ့ကောင်။
Legitimacy တရားဝင်အစိုးရဖြစ်လာရင် ဆိုတဲ့ အသုံးအနှုန်းကလဲ မတန်မရာသုံးသေးတာ။ ဆိတ်ကို နေကာမျက်မှန်တပ် မိတ်ကပ်လိမ်းပေးထားတဲ့ စောက်ခွက်ကို အော်ဂလီမဆန်တတ်ရင် စဉ်းစားကြည့်ပေါ့။
ရယ်စရာကောင်းချက်ကတော့ ဒီတခါ ရွေးကောက်ပွဲမှာ ကြံ့ဖွတ် နိုင်ပြီ၊ NLD မရှိတော့ဘူးဆိုတဲ့အူသံ။ တကယ့်ဟောင်ကောင်တွေ။ NLD မရှိတော့လို့ သေချာပေါက်နိုင်ပြီဆိုပြီး လက်ခမောင်းဖတ်ဖတ်ဖတ်ဖတ် ထထခပ်ကြတာ။ အေးလေ ခွေးသွေးနှောဖွတ်ဆိုတော့လဲ အရှက်မရှိဘူးပြောရင် အဲဒါ ဘာပြောတာတုံး ပြန်မေးနေအုံးမယ်။
သူတို့ကတော့ ဒေါ်စုနဲ့ NLD မပါလို့ ပျော်လွန်းနေတာကို မအောင့်နိုင် မအည်းနိုင် ချေးကိုင်ထားမိတဲ့ခွေးငတ်ရဲ့မျက်နှာပေးနဲ့ တဟေးဟေးဖြစ်နေကြတာလေ။
၉ဝ ရွေးကောက်ပွဲ သိတယ်ဟုတ်။ ၈၈ မှာ မဆလတပါတီ အာဏာရှင်နေဝင်းနဲ့ စစ်အုပ်စုကို ဆန္ဒပြ ဖြုတ်ချလိုက်တဲ့ လူထုအာဏာကို ရွေးကောက်ပွဲလုပ်ပေးပါ့မယ် ကတိနဲ့ စစ်တပ်က အာဏာသိမ်းခဲ့တာလေ။ အဲဒီနန်းကျ တစည တဖြစ်လဲ မဆလဖာထီကို နိုင်ငံတော်ပိုင် အဆောက်အဦမှန်သမျှ ဖာထီပိုင်လုပ်ခွင့် ပေးထားရုံမက တပ်အကူအညီနဲ့ပါ စည်းရုံးရေးလုပ်ခွင့်တွေပေး၊ တဖက်မှာတော့ NLDနဲ့ တခြားပါတီတွေကို နည်းမျိုးစုံဒုက္ခပေး၊ ရွေးကောက်ပွဲနီးတော့ ဒေါ်စုကိုပါ ဖမ်းထားလိုက်သေးတယ်။ အဲသမှာ တစညတွေက သူတို့ သေချာပေါက်မဲရပြီဆိုပြီး သံတော်ဦးတင်လိုက်တော့ ဂျိုကုတ်မှူးကြီးကျောပြောင် အဲ စောမောင်က ရွေးကောက်ပွဲပြီးရင် နိုင်တဲ့ပါတီ အာဏာအပ်ပြီး စစ်တန်းလျား ပြန်မယ် ထွက်အူပြီး ရွေးကောက်ပွဲလဲလုပ်ရော အရင် ၂ နှစ်လုံး ဘာဆိုဘာမှမလှုပ်တဲ့ပြည်သူက တမနက်ထဲ တချက်ဆွဲအုပ်ထည့်လိုက်တာ ဒေါ်စု မပါတဲ့ NLD က မဲအပြတ်အသတ်နိုင်ပါရောလား။ သူ့ကောင်တွေ တကောင်မှ မအူနိုင်တော့ လူယောင်ဖန်ဆင်းထားတာပျောက်သွားပြီး စစ်တန်းလျားမပြန်တော့ဘဲ ခွေးဇာတ်ခင်းတော့တာကိုး။
၂ဝ၁၁ မှာ မသာအမတ်တွေ နေရာအစားထိုးဖို့ ကြားဖြတ်ရွေးကောက်ပွဲပေါ်လာတယ်။ အဲသမှာ ဒေါ်စုနဲ့ NLD နိုင်ငံရေးသမားတွေ လွှတ်တော်ထဲ စရောက်လာတယ်။ အသွင်ပြောင်းလူထုနိုင်ငံရေး စတော့မယ်။ ရွှေမန်းက ကျားသေကို အသက်သွင်းလိုက်ပြီလို့ ကောက်ချက်ဆွဲ ကန့်ကွက်ပြောပေမယ့် ဒေါ်စုအတွက် လွှတ်တော်နိုင်ငံရေးလမ်းကြောင်းဖော်တဲ့ ရွှေးကောက်ပွဲပေါ်လာခဲ့တယ်။ သူတို့လိုချင်တဲ့ လက်ဂျတမေစီနဲ့ လဲရတာကိုး။ ဒေါ်စုဟာ နိုင်ငံရေးအလုပ်ကို ပြည်သူ့ရှေ့ ပခုံးပေါ်ပဝါတင်လုပ်ပြခွင့်ရပြီပေါ့။ နိုင်ငံတော်ရုပ်သံက ထုတ်လွှင့်ပြသရပြီပေါ့။
၂၀၁၅ ရွေးကောက်ပွဲကြီးဟာ တပ်အစိတ်သားနဲ့ ကြံ့ဖွတ်က အနည်းဆုံးရမယ့် အစိတ်သားနဲ့ပေါင်းငါးဆယ်သားရယ်၊ တခြားပါတီငယ်လေးတွေက သုံးလေးကျပ်သားရယ် ပေါင်းပြီး အစိမ်းအစိုးရဖွဲ့လို့ရမယ်ဆိုတဲ့အူကြောင်ကြားအာမခံချက်နဲ့ မဖြစ်မနေလုပ်ရတဲ့အဆင့်ရောက်လာတယ်။ 90တုန်းက ဒေါ်စုမပါဘဲတောင် အပြတ်အသတ်နိုင်တဲ့ရွေးကောက်ပွဲဟာ ၂၀၁ဝ မှာလည်း ဘုန်းကြီးကျောင်းမုခ်တွေတောင် အစိမ်းကနေ အနီရောင်ပြောင်းသုတ်တဲ့အထိ ဝက်ဝက်ကွဲနိုင်ပြန်ရော။ အစိမ်းတွေဟာ သူတို့တည်ဆောက်ထားတဲ့ ခေါင်းချတော့မယ် မှန်းထားတဲ့ အာဏာစက်ဝန်းနဲ့ အာဏာရပ်ဝန်းကြီးတခုလုံး စွန့်လွှတ်လိုက်ရတယ်။ အသည်းကို ခွဲ၊ ငရုတ်သီးသုတ် ဆားပက်ခံရသလို တောက်ခေါက်နာကျည်း စိုက်ထားတဲ့ မြက်ခင်းကြီးတောင် ခွာယူကြတဲ့အထိလေ။ မင်းမရှိတဲ့ဘဝ အဓိပ္ပာယ်မဲ့၊ ထပ်ပြီးဆုံးရှုံးစရာ ဘာမှမရှိဆိုပြီး အနောနီးမတ်တောင် သူတို့လောက် အနောနီးမတ်မဖြစ်ကြတော့ပုံများ၊ ရူးခါနေကြပုံများ အကျွတ် အဝတ်ရပ်ကွက်မှာ မမြင်ချင်မှအဆုံး၊ မြောက်မြန်မာမှာ မကြားချင်မှအဆုံးလေ။
၂ဝ၂ဝ မှာတော့ သူတို့ ဘာမျှော်လင့်ချက်မှ မထားရဲတော့သလို မျှော်လင့်ချက်လဲ မပေးရဲတော့။ ပြည်သူ့အာဏာဟာ သူတို့ဆီ ဘယ်တော့မှ ပြန်မလာနိုင်တော့တာကို တုံးတုံးချလက်ခံလိုက်ကြပြီ။
အာဏာသိမ်းဖို့ ပြင်ကြရပြီ။
အာဏာသိမ်းလိုက်ကြပြီ။
လူထုဟာ
တက်ကြွသူတွေဟာ
ပုန်ကန်သူတွေဟာ
တော်လှန်သူတွေဟာ
နိုင်ငံရေးသမားတွေဟာ
စစ်အုပ်စု ပြောတဲ့ ဘာသာစကားအတိုင်း ပြန်ပြောလိုက်ကြပြီ။
"သတ္တိရှိတဲ့ကောင် ထွက်ခဲ့"
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar