ကိုသန်းလွင် - ပလတ်စတစ်စာချုပ်
ကိုသန်းလွင် - ပလတ်စတစ်စာချုပ်
မိုးမခ ၊ ဩဂုတ် ၂၄ ၊ ၂၀၂၅
(၁)
ပလတ်စတစ် ဆိုသည်မှာ ဘာကို ခေါ်ပါသနည်း?
ဤမေးခွန်းသည် ထူးဆန်းသော မေးခွန်း မဟုတ်ပါ။ အစားအစာထုပ်သော ပစ္စည်းမှ စာရေးကိရိယာ၊ လေယာဉ်ပျံ ပြတင်းပေါက်များအထိ အသွင်အမျိုးမျိုးရှိနေကြပြီး ကျွန်တော်တို့အဖို့ နေ့တိုင်း တွေ့နေကျပစ္စည်း၊ မထူးဆန်းသောပစ္စည်းတစ်ခု ဖြစ်ပါသည်။ မြင်ရသည်မှာ တူညီသဖြင့် ပစ္စည်းတစ်မျိုးတည်းဟု ထင်ရသည့်တိုင် ပလတ်စတစ် နှစ်ခုသည် အမျိုးတူရန် ခက်ခဲလှပါသည်။ အဘယ်ကြောင့်ဆိုသော် သတ္တိအမျိုးမျိုးရှိစေရန် ရောပေါင်းပစ္စည်းများနှင့် ပေါင်းစပ်နေပြီး လူသုံးကုန်ပစ္စည်း အမျိုးပေါင်း များစွာရှိနေသောကြောင့်ပင်။
(၂)
ပလတ်စတစ်နှင့် ရောပေါင်းနိုင်သောပစ္စည်းမှာ ၁၆၀၀၀ မျိုးခန့် ရှိသည်ဟု ခန့်မှန်းကြပါသည်။ မီးမလောင်အောင် တားသောအရာ၊ ပျော့ပျောင်းပြီးတာရှည်ခံစေသော Phthalates ၊ ရေစိုခံအောင် ထည့်ရသောပစ္စည်း Perfluroalky-PFAS မီးခံအောင် ထည့်ရသောပစ္စည်းများ စသည်တို့ ဖြစ်ပါသည်။ ၎င်းတို့အထဲမှ ၄၂၀၀ ခန့်မှာလူ ကိုအဆိပ် ဖြစ်စေသည်။ ပလတ်စတစ်သည် မိုက်ခရိုပလတ်စတစ်နှင့် နာနို (Nano) ပလတ်စတစ် ပစ္စည်းအဖြစ် အဆင့်ဆင့် ပြိုကွဲသွားနိုင်ပြီး လူပုဂ္ဂိုလ်တို့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်သည်။ အဆုပ်၊ အူလမ်းကြောင်း ဦးနှောက်နှင့် မမွေးသေးသော ကလေးငယ်၏ ကိုယ်ခန္ဓာအတွင်းသို့ရောက်အောင်ဝင်ကြသည်။ ဤသို့ဖြင့် ပလတ်စတစ်တွင် ပါဝင်သော ပစ္စည်းများမှာ နောက်ဆုံးလူ့ခန္ဓာကိုယ်တွင် အဆုံးသတ်သောအရာများစွာ ရှိသည်။
ယခုအချိန်သည် အရေးကြီးသောအချိန်သို့ ရောက်နေပါပြီ။ ပလတ်စတစ်သည် လူတို့ ကျန်းမာရေးကို မည်သို့ ထိခိုက်နိုင်သည်ကို နားလည်ကြဖို့ လိုသည်။ နိုင်ငံပေါင်း ၁ဂ၀ ကျော်မှ ကိုယ်စားလှယ်များသည် ဆွစ်ဇာလန် နိုင်ငံ ဂျနီဗာမြို့တွင် သြဂုတ်လ ၅ ရက်မှ ၁၄ ရက်နေ့အထိ ဆဌမအကြိမ်မြောက် စုပေါင်းကာ ပလပ်စတစ်ထုတ် လုပ်ရေးကိုထိန်းချုပ်ရန် (Regulate) ကြိုးစားခဲ့ကြပါသည်။ ပလတ်စတစ် သုံးစွဲမှု၊ ထုတ်လုပ်မှုနှင့်မည်သို့ စွန့်ပစ်မည် စသည်တို့ကိုဆွေးနွေးရန် ဖြစ်သည်။
ဒီဇင်ဘာလကလည်း အလားတူညီလာခံတစ်ရပ်ကို တောင်ကိုရီးယားနိုင်ငံ ဖူဆန်မြို့တွင် ကျင်းပခဲ့ကြသည်။ သဘောတူညီမှု မရခဲ့ကြပါ။ ဆော်ဒီအာရေးဗီးယား၊ ရုရှား၊ အီရန်နှင့် ရေနံထုတ်လုပ်သော နိုင်ငံများက တဖက်နှင့် အခြားနိုင်ငံများကတဖက် ပလတ်စတစ်အပေါ်တွင် သဘောထားကွဲလွဲခဲ့ကြသည်။ သဘောတူညီမှုမရရှိခဲ့သောအချက်မှာ ပလတ်စတစ်သည် ကျန်းမာရေးကို ထိခိုက်သည်ဟူသောအချက်မှာဖြစ်သည်။ အမေရိကန်နိုင်ငံ အနေဖြင့်လည်း Make America Healthy Again ကော်မရှင်က မိုက်ခရိုပလတ်စတစ်များ၏ အန္တရာယ်ကို ဖော်ပြထားရာ အထူးသဖြင့် ရောပေါင်းပစ္စည်းများ၏ ကလေးများအပေါ် ထိခိုက်သည့် အန္တရာယ်ကို စိုးရိမ်လျက်ရှိသည်။
တစ်ဒါဇင်မျှသော နိုင်ငံများနှင့် လွတ်လပ်စွာ ဖွဲ့စည်းထားသော သိပ္ပံပညာရှင်များအဖွဲ့က လူ့အတွက် အန္တရာယ်ရှိသော ရောပေါင်းပစ္စည်းများ ပါဝင်သည့် ပလတ်စတစ်များ အသုံးပြုခွင့်ကို ပိတ်ပစ်လိုကြသည်။ သို့သော် ရေနံတင်ပို့သော နိုင်ငံများတွင် အကြီးဆုံးဖြစ်သည့် ဆော်ဒီအာရေးဗီးယားနိုင်ငံက ပလတ်စတစ်များ၏ အန္တရာယ်ကြီးပုံကို တင်ပြမည်ဆိုလျှင် ကမ္ဘာကြီးကို ပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ပတ်သက်၍ ပြောပြရာတွင် ရှုပ်ထွေးကုန်လိမ့်မည်ဟု ဆိုသည်။ ထရန့် အစိုးရက အမေရိကန်တို့၏ စီးပွားရေးကိုအထောက်အကူမဖြစ်ပါက ညီလာခံ၏ ကြေညာချက်အားလုံးကို သဘောမတူနိုင်ဟု ဆိုသည်။
ကျွန်တော်တို့၏ ကျန်းမာရေးကို ပလတ်စတစ်များက သည်သို့ ထိရောက်စေပါသည် ဆိုခြင်းမှာ အကြီးအကျယ် ဆွေးနွေးစရာ ဖြစ်နေပါသည်။ သိပ္ပံပညာရှင် များစွာတို့က ပလတ်စတစ်သည် ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ဟု ဆိုသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် အူမကြီးတွင် ဖြစ်လေ့ရှိသော ရောဂါများကိုလည်း ပလတ်စတစ်နှင့် ဆက်စပ်လိုကြသည်။ ယောက်ျား၊ မိန်းမတို့၏ မျိုးပွားခြင်းဆိုင်ရာများနှင့်လည်း ပတ်သက်နေသည် ထို့ပြင် Inflammation ခေါ် ယောင်ရမ်းစေတတ်သော (ကင်ဆာ၏စဦးလက္ခဏာ)ပြဿနာနှင့် အင်တီ ဘိုင်အိုတစ် ဆေးများကို နှောင့်ယှက်ခြင်းနှင့်လည်း ဆိုင်သည်ဟု ပြောကြသည်။ ဗြိတိသျှကျန်း မာရေး စာစောင် (Lancet) တွင်ပါဝင်သောဆောင်းပါးတစ်ခုတွင် တဖြည်းဖြည်း ကြီးထွားလာနေသော ကြောက်မက်ဖွယ်ရာ တကမ္ဘာလုံးနှင့် ဆိုင်သည့် ရောဂါများမှာ ပလတ်စတစ်နှင့် ဆက်စပ်နေသည်ဟု ဖော်ပြထားသည်။
ထိုသို့ဖော်ပြခြင်းသည် အလွန်ဆိုးရွားပါသည်။ သို့သော် မိုက်ခရိုပလတ်စတစ်ကို မည်သည့်ကင်ဆာရောဂါနှင့် ပက်သက်နေသည်ဟု တထစ်ချပြောရန် ခက်ခဲနေပါသေးသည်။ ယခုတွေ့ရှိချက်များမှာ ဓာတ်ခွဲခန်းများတွင် မိုက်ခရိုပလတ်စတစ်နှင့် လူ တိရစ္ဆာန်များ၏ ဆဲလ်များ ဆက်သွယ်ပုံကို ဖော်ပြနိုင်ခြင်းသာ ရှိပါသေးသည်။ ၎င်းသည် ဘာသာရပ်အသစ် အဆင့်မှာပဲ ရှိပါသေးသည်။ မိုက်ခရိုပလတ်စတစ်ကြောင့် မည်သည့်ရောဂါများ ဖြစ် ပွားစေနိုင်သည်ဆိုခြင်းမှာနှစ်ပေါင်းများစွာကြာမှအဖြေပေါ်နိုင်သည်ဟုသြစတေးလျနိုင်ငံမှ ချာတာရီး (Nicholas Chartres) ဆိုသည်။ လူအများပလပ်စတစ်ကို ထိတွေ့စေခြင်းမှာ ဘယ်သူနှင့်ပါဟု သေချာမပြောနိုင်ပါ။ လူဦးရေ တစ်ခုနှင့် ပလတ်စတစ် ထိတွေ့မှုကို သေချာသိရန်မှာ အချိန်အများကြီး ယူရပါသည်။ အဖြေတစ်ခုထွက်ရန် နှစ်ပေါင်းအကြာကြီး လေ့လာနေရန်လိုပါသည်။ ယခုအခါ ထိုလေ့လာမှုများကို စတင်နေပါပြီ။
ပလတ်စတစ်ထုတ်လုပ်သည့် လူများဘက်ကလည်း ပလတ်စတစ်သည် လူ့ကျန်းမာရေးကို ထိခိုက်မှုရှိသည် ဆိုသောအချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်လျက်ရှိသည်။ လူတို့သည် အန္တရာယ်ကို ပုံကြီးချဲ့နေကြပြီး သိပ္ပံ၏ စဦးတွေ့ရှိချက်များမှာ လူကို လမ်းလွှဲသို့လိုက်စေသည်ဟု ဖြစ်ပါသည်။ ဖူဆန်မြို့တွင် တွေ့ဆုံသည့်ပွဲမှာ ပလတ်စတစ်စာချုပ် ထွက်ပေါ်လာမှာကိုစိုးရိမ်ကြသည်။ သူတို့က ကွန်ဖရန့်တက်ရောက်မည့် ကိုယ်စားလှယ်များကို အမျိုးမျိုး နှောင့်ယှက်ခဲ့ကြသည်။ သူတို့က TikTok တွင် ပလတ်စတစ်သည် ပြန်လည်သုံးစွဲ (Recycle) နိုင်သည် ဆိုခြင်းကိုပုံစံအမျိုးမျိုးနှင့် ဖော်ပြကြသည်။ ယခုအချိန်အထိ ပလတ်စတစ်ကို ပြန်လည်သုံးစွဲခြင်းမှာ ၁၀ % သာ အများဆုံးရှိပါသည်။ သူတို့က ပတ်ဝန်းကျင် သန့်ရှင်းရေးအဖွဲ့များကို မဟုတ်မမှန် ပြောဆိုသည်ဟု စွပ်စွဲကြသည်။ ကာလီဖိုးနီးယားပြည်နယ် ရှေ့နေချုပ်ကို တရားစွဲရန်ပင် ပြင်ဆင်ကြသည်။ သူတို့၏ နည်းနာများမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများ၏ သူတို့လုပ်ငန်းသည် ရာသီဥတု ဖောက်ပြန်ခြင်းကို မဖြစ်စေပါဟူသော အချက်နှင့် ဆင်တူနေသည်။ ဆေးလိပ်ကုမ္ပဏီကြီးများ၏ ဆေးလိပ်သောက်ခြင်းသည် အန္တရာယ်မရှိပါဟူသော စကားမျိုးဖြစ်သည်။ သူတို့ လက်ကိုင်ထားသည်မှာ ပလပ်စတစ်ကို ကာကွယ်ရမည်၊ နှေးကွေးအောင်လုပ်ရမည်၊ သံသ ယ ဝင်လာအောင် ပြောဆိုရမည်ဟူ၍ ဖြစ်သည်။ မိုက်ခရိုပလတ်စတစ်များ၏ အန္တရာယ်မှာ ဂျူရီလူကြီးများ၏ အဆုံးအဖြတ်ကို စောင့်နေရသလို ဖြစ်ပါသည်။ သို့သော် ရောပေါင်းပစ္စည်းများ၏အန္တရာယ်မှာ ထင်ရှားလှသဖြင့် ကုလသမဂ္ဂမှ အရေးယူ ဆောင်ရွက်ရလောက်အောင် ထင်ရှားနေပြန်သည်။ ထိုပစ္စည်းများကြောင့် တစ်စုံတစ်ယောက်တွင် ကင်ဆာရောဂါ ဖြစ်နေသည် သို့မဟုတ် နှလုံးရောဂါ ရနေသည် ဟူ၍ ပြောပြရန်မှာ ခက်ခဲပါသည်။ သို့သော် အမျိုးသားသိပ္ပံ အကယ်ဒမီ မှ သုတေသနလုပ်သူများကမကြာမှီကရေးသော စာတမ်းတစ်စောင်တွင် ပလတ်စတစ်နှင့် ရောပေါင်းပစ္စည်းများဖြစ်သော BPA (Bisherol A), DEHP (Phthalate) နှင့် မီးမလောင်အောင် ထည့်သောပစ္စည်း PBDE( Flame Retardant) များသည် နှလုံးရောဂါနှင့် တိုက်ရိုက်ပက်သက်နေသည်ဟု ဖော်ပြထားသည်။ ထိုသို့ သေဆုံးရမှုပေါင်းမှာ ၃၆၄,၀၀၀ ရှိပြီး စထရုတ်ရောဂါမှာ ၃၆၄,၀၀၀ ရှိသည်။ ၂၀၁၅ ခုနှစ်တွင် ဆုံးရှုံးရသော IQ (Intelligence Quoient) အမှတ်ပေါင်း ၁၁ ဒဿမ ၇ သန်းမျှရှိသည်ဟု ဖော်ပြသည်။ ထိုဓာတုဗေဒပစ္စည်းများကြောင့် ဆုံးရှုံးရမှုမှာ ၁ ဒသမ ၅ ထရီလီယမ် ရှိသည်ဟု ဆိုပါသည်။ ထိုကိန်းဂဏန်းမှာ လျှော့လျှော့ပေါ့ပေါ့ တွက်ထားသော ကိန်းဂဏန်းများ ဖြစ်သည်။
ထုတ်လုပ်သူများဘက်က တုံ့ပြန်ရာတွင် ထိုရောပေါင်းပစ္စည်းများသည် အန္တရာယ်ရှိသည် ဆိုစေဦး၊ သူတို့ လက်တွေ့ ကြုံရသည့် ဘေးရန်မှာ သေးငယ်သော ပမာဏသာဖြစ်သည်။ သို့သော် ပလတ်စတစ် ထုတ်လုပ်မှု သည် ၂၀၆၀ တွင် ယခုထက် သုံးဆ ပိုမိုထုတ်လုပ်ပြီး ပလတ်စတစ် ဆိုသည်မှာ နှစ်ပေါင်းရာချီ၍ ခံနိုင်ရည်ရှိသဖြင့် ကော်ဇောများ၊ ဘီးတာယာများ၊ အဝတ်အစားများမှာ တဖြည်းဖြည်းနှင့် တချိန်မှာ ပေါက်ကွဲသော ဗုံးများကဲ့သို့ အန္တရာယ်ကို ပိုက်ထားရခြင်း ဖြစ်ပါလိမ့်မည်။
ပလတ်စတစ်၏ အန္တရာယ်မှာ လူကြီးများက ရွေးချယ်သည့် ပစ္စည်းကို ကလေးများက သုံးစွဲရခြင်းသာဖြစ်သည်။ ထို့ကြောင့် သင့်အတွက်သုံးသော ပလတ်စတစ်ကိုလျော့ချနိုင်သည် ဆိုစေဦး၊ သင့်ကလေးများ၏ အနာဂတ်တွင် သူတို့ရန်နှင့် ကင်းဝေးအောင် လုပ်နိုင်သော နည်းလမ်းကောင်းကို မတွေ့ရသေးပေ။
ကျွန်တော်တို့အတွက် စိတ်သက်သာရာ ရစေသော အချက်တစ်ခုမှာ ၁၉၇၀ ပတ်ဝန်းကျင်က သိပ္ပံပညာရှင်များသည် ကမ္ဘာ့လေထုထဲက အိုဇုန်းအလွှာကို CFC-Chlorofluorocarbon က ဖျက်ဆီးနေသည်ဟု တွေ့ရှိခဲ့ကြသည်။ ဓာတုဗေဒပစ္စည်း ထုတ်လုပ်သော ကုမ္ပဏီများက ဆန့်ကျင်နေသည့်ကြားမှ ထိုပစ္စည်းသုံးစွဲမှုကို ကာကွယ်နိုင်ခဲ့ကြသည်။ အဖြေမှာ ဤရာစုနှစ် အလယ်ပိုင်းတွင် အိုဇုန်းအလွှာ ပျက်စီးမှုကို ကာကွယ်နိုင်ကြပြီ ဖြစ်သည်။
(၃)
ဂျနီဗာ တွေ့ဆုံပွဲမှာလည်း ဘာသဘောတူညီချက်မှ မချမှတ်နိုင်ဘဲ သြဂုတ်လ ၁၄ ရက်နေ့က ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ပြဿနာဖြစ်နေသောအပိုင်းမှာ ယခင်တွေ့ဆုံပွဲများက အတိုင်း ရေနံထုတ်လုပ်သောနိုင်ငံများနှင့် အခြားနိုင်ငံများအကြား ငြင်းခုံမှုပင် ဖြစ်သည်။ ယခု လောလောဆယ်တွင် ပလတ်စတစ် အသုံးပြုခြင်းကို ရပ်ဆိုင်းမပစ်နိုင်ပေ။ ဤထုတ်လုပ်ရေးလုပ်ငန်းကိုသာ အောင်မြင်အောင် မထိန်းသိန်းနိုင်ပါက အနာဂတ်တွင် အမှိုက်ပုံကြီးသည် ပိုမိုကြီးထွားလာရန်သာ အကြောင်းရှိတော့သည်။
ကိုသန်းလွင်
Ref: Two Words, Plastic Treaty, by Oliver Wells, N.Y. Times Aug. 9.2025
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar