ဂုတ်ထိပ်တံတား ဖောက်ခွဲခံရမှုနဲ့ ဝါဒဖြန့်ချိရေး စစ်ပွဲရဲ့ ပြယုဂ်
မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၂၄ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၅၊ ၂၀၂၅
ဂုတ်ထိပ်တံတား ဖောက်ခွဲခံရမှုနဲ့ ဝါဒဖြန့်ချိရေး စစ်ပွဲရဲ့ ပြယုဂ်
သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းမှာ ဂုတ်ထိပ်တံတားရဲ့ ကျောက်မဲဘက် အဆုံးနားမှာ ပေ ၃၀ ခန့် ကျိုးပျက်ခဲ့တဲ့ ဖြစ်စဥ် ဖြစ်ပွားပြီး နာရီပိုင်းအတွင်းမှာပဲ လူမှုကွန်ရက်ပေါ်က သတင်းမီဒီယာတွေမှာ ဂုတ်ထိပ်တံတား ဖောက်ခွဲခံရတယ် ဆိုတဲ့ သတင်းတွေ ဖော်ပြလာကြပါတယ်။ တံတား ဖောက်ခွဲဖျက်ဆီးခဲ့တာနဲ့ ပတ်သက်လို့ လက်နက်ကိုင် အဖွဲ့အစည်း တခုမျှ ထုတ်ဖော်ဝန်ခံခြင်း မရှိသေးပါဘူး။
သို့ပေမဲ့ TNLA နဲ့ နီးစပ်တဲ့ တအာန်းသတင်းမီဒီယာ တခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနက သတင်းသမားတဦးလည်း ဖြစ်ပြီး လူမှုကွန်ရက်မီဒီယာမှာ TNLA နဲ့ စစ်တပ်တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ရေးသားလေ့ရှိပြီး လူသိများတဲ့ Mai A Naing Facebook Account မှာ ဂုတ်ထိပ် တံတားပျက်စီးမှုကြောင့် တအာန်း တိုင်းရင်းသားလက်နက်ကိုင် TNLA ကို အပြစ်တင်နေကြတဲ့ ဝေဖန်မှုတွေကို စစ်တပ်ဘက်က စစ်ရေးအောင်မြင်ဖို့ အတွက်ဆို ရှေးဟောင်းအမွေအနှစ် ဖြစ်တဲ့ ဘုန်းကြီးကျောင်းတွေ၊ ဘုရားစေတီတွေ ကို ဂရုမထားပဲ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ နှိုင်းယှဥ်ရေးသားတဲ့ ပို့စ်နဲ့ တုံ့ပြန်ခဲ့ပါတယ်။ အဲသည်မှာတင် ဂုတ်ထိပ်တံတားဖောက်ခွဲမှုမှာ TNLA လက်ချက်ဖြစ်နိုင်တယ်လို့ ယူဆချက်တွေလည်း လူမှုကွန်ရက်မီဒီယာမှာ ပြောဆိုမှုတွေ တွေ့လာရပါတယ်။ အထက်ပါ နှိုင်းယှဥ်ပြောဆိုတဲ့ ပို့စ်က အချိန်သိပ်မကြာခင်မှာ ဖျက်သွားခဲ့ပါတယ်။
အခုလို ဗြိတိသျှ ကိုလိုနီခေတ်က ဆောက်လုပ်ခဲ့တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ရထားလမ်းရဲ့ အထင်ကရ တံတားတခု၊ သက်တမ်းနှစ် ၁၀၀ ကျော်ရှိတဲ့ ခရီးသွားတွေတကူးတက လာရောက်ကြည့်ရှုလည်ပတ်ကြတဲ့ တံတားကို စစ်ရေး ရည်ရွယ်ချက်နဲ့ ဖျက်ဆီးတာမျိုး မဖြစ်သင့်ဘူးဆိုတဲ့ ဆိုရှယ်မီဒီယာ သုံးစွဲသူတွေရဲ့ အမြင်ကို အချို့သော တော်လှန်ရေး အင်အားစုတွေဘက်က လူ့အသက်တွေ အများအပြား သေဆုံးနေကြရတဲ့ ဗုံးကြဲမှုတွေ၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရားစေတီ၊ ရှေးဟောင်း လက်ရာ အများအပြားရှိတဲ့ မြောက်ဦးဒေသမှာ တိုက်ပွဲဖြစ်ပွားခဲ့စဥ် စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်မှုတွေကို သာဓက အဖြစ် နှိုင်းယှဥ်ပြပြီး အခု ဂုတ်ထိပ် တံတား ဖောက်ခွဲခံရတဲ့ ဖြစ်ရပ်ကျမှ မလုပ်သင့်၊ မဖြစ်သင့်ကြောင်းနဲ့ TNLA အပေါ် စွပ်စွဲပြောဆိုမှုတွေက ရှေ့နောက်မညီတဲ့၊ စံတန်ဖိုးတွေ အမျိုးမျိုးသတ်မှတ်ပြောဆိုတဲ့ သူတော်ကောင်းယောင်ဆောင် ပြောဆိုမှုအဖြစ် စွပ်စွဲတိုက်ခိုက် ရေးသားနေကြတာ တွေ့ရပါတယ်။
အခုဂုတ်ထိပ်တံတား ဖောက်ခွဲခံရတာနဲ့ ပတ်သက်လို့ ယမန်နေ့ နှောင်းပိုင်းမှာတော့ TNLA လက်နက်ကိုင် အဖွဲ့က ၄င်းတို့ လက်ချက်မဟုတ်ကြောင်း ဖြစ်ချင်းဖြစ်ရင် စစ်ကောင်စီဘက်က ဒရော့ဗုံးကြဲချ တိုက်ခိုက်တာကြောင့် ဖြစ်နိုင်ကြောင်း သတင်းဌာနတချို့ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ တုံ့ပြန်ရှင်းလင်းခဲ့ပါတယ်။
ယခင်လက TNLA လက်နက်ကိုင်အဖွဲ့က တနှစ်နီးပါး သိမ်းပိုက်ထားခဲ့တဲ့ နောင်ချိုမြို့ကို စစ်ကောင်စီဘက်က ပြန်လည်သိမ်းယူခဲ့ပြီးနောက်မှာ TNLA အနေနဲ့ ကျောက်မဲမြို့ဘက်ကနေ စစ်တပ်ရဲ့ ထိုးစစ်ကို ခုခံဖို့ ပြင်ဆင်လာတဲ့ အနေအထားဖြစ်ပြီး နောင်ချိုနဲ့ ကျောက်မဲမြို့အကြားက ကားလမ်းပေါ်က ဂုတ်တွင်းတံတားလည်း ယခင်လကတည်းက ဖောက်ခွဲဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ နောင်ချိုနဲ့ ကျောက်မဲအကြား ရထားလမ်း ပေါ်က ဂုတ်ထိပ်တံတားက ကျန်ရှိနေတဲ့ မြေပြင်ဆက်သွယ်ရေး လမ်းကြောင်းတခု ဖြစ်တာကြောင့် ရထားလမ်းအားဖြင့် ဆက်သွယ်ထားတဲ့ ဂုတ်ထိပ်တံတားကို ဖောက်ခွဲဖျက်ဆီးတာလို့ ယေဘုယျအားဖြင့် ကောက်ချက်ချ ကြတာပါ။
စစ်ပွဲတွေ ဖြစ်ပွားလာတဲ့အခါ ဘယ်လက်နက်ကိုင် အဖွဲ့ကမှ အမှန်အတိုင်း ထုတ်ဖေါ်ပြောဆိုလေ့ မရှိတာ စစ်ပွဲတွေရဲ့ သဘာဝ ဖြစ်ပြီး အခုလို နှစ်တရာကျော် သက်တမ်းရှိတဲ့ ဂုတ်ထိပ်တံတား ဖောက်ခွဲဖျက်ဆီးခံရတဲ့ အဖြစ်က မြေပြင်စစ်ပွဲရဲ့ သေရေးရှင်ရေး အနိုင်အရှုံး အဆုံးအဖြတ်ပေးမယ့် ဖြစ်ရပ်တခုဆိုတာထက် ဝါဒဖြန့်ချိရေးအတွက် ပြယုဂ်ဖြစ်တဲ့ အကြောင်းအရာ တခုအဖြစ်သာ ဆိုနိုင်ပါလိမ့်မယ်။ စစ်ပွဲတွေ အတွင်း အပြစ်မဲ့တဲ့ အရပ်သားတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်၊ တိုက်ပွဲတွေ ကြားမှာ ထွက်မပြေးနိုင်တဲ့ အသက်အရွယ် ကြီးရင့်သူ၊ မကျန်းမာသူတွေ သံသယနဲ့ ပစ်သတ်ခံရတာ၊ တချို့သောဖြစ်ရပ်မှာ နေအိမ်တွေ မီးတင်ရှို့တဲ့အထဲ မီးလောင် သေဆုံးကြရတဲ့ အဖြစ်အပျက်တွေ ရာ ထောင်ချီဖြစ်ပျက်ခဲ့ပြီး ဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်တွေက ရင်နင့်စရာ၊ ကြေကွဲစရာ အကောင်းဆုံး ဖြစ်ရပ်တွေ ဖြစ်ပေမယ့် နေ့စဥ် လစဥ် နှစ်စဥ်လိုလို ဖြစ်နေကြတဲ့ ဖြစ်ရပ်တွေဖြစ်လို့ ရိုးသွားတဲ့ ဖြစ်ရပ် ဒါမှမဟုတ် မထူးဆန်းတဲ့ ဖြစ်ရပ်သဖွယ် ယူဆလာကြတာ တွေ့ရပါတယ်။
အခုလို သက်မဲ့ သမိုင်း အမွေအနှစ် တံတားဖျက်ဆီးခံရခြင်းက အပြစ်မဲ့သူတွေ သေဆုံးရခြင်းထက် အရေးပိုကြီးသလား ဆိုတဲ့ ပြောဆို မေးခွန်းထုတ်တာတွေလည်း လူမှုကွန်ရက်မီဒီယာမှာ အများအပြားတွေ့ ကြရမှာပါ။ ရှေးဟောင်း အမွေအနှစ်ထက် လူ့အသက်က ပိုအရေးကြီးတယ်ဆိုတာ စောဒက တက်စရာမရှိပါဘူး။ တဖက်မှာလည်း လူ့အသက်တွေနဲ့ ရင်းပြီး တိုက်ခိုက်နေကြတဲ့စစ်ပွဲတွေအကြား အပြစ်မဲ့တဲ့ အရပ်သားတွေ ဓါးစာခံ အဖြစ် ထိခိုက်သေဆုံးမှုတွေ မဖြစ်ကြဖို့၊ သံသယနဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတွေ မလုပ်ကြဖို့ လည်းအရေးကြီးပါတယ်။ နောက်တဆင့် အနေနဲ့တော့ သမိုင်း အမွေအနှစ်တွေ၊ ဘာသာရေး နဲ့ ယုံကြည်မှုဆိုင်ရာ လက်ရာတွေ၊ အဆောက်အဦတွေကို ဖျက်ဆီးတာ တိုက်ခိုက်တာတွေ တတ်နိုင်သမျှ ရှောင်ကျဥ်ကြဖို့လည်း လိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်။
အခု ဖောက်ခွဲမှုကြောင့် ပျက်စီးခဲ့ရတဲ့ ဂုတ်ထိပ်တံတားဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း ၂ ကြိမ် ထိခိုက်ပျက်စီးခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ် အတွင်း ဂုတ်ထိပ် တံတားသာမကပဲ ရှေးဟောင်း ယဥ်ကျေးမှု အမွေအနှစ်ဖြစ်တဲ့ မန္တလေး နန်းတော် အဆောက်အဦတွေ ဗုံးကြဲခံရပြီး မီးလောင်ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။
ကမ္ဘာစစ်ဖြစ်တာကြောင့် ဒီလို ယဥ်ကျေးမှု အမွေအနှစ်တွေ ပျက်စီးဆုံးရှုံးရတာ ကမ္ဘာ့နိုင်ငံအများအပြားမှာ ရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်လို ဝေးကွာတဲ့ ကာလမဟုတ်ဘဲ ၁၉၉၀ ခုနှစ်အစပိုင်းတွေတုန်းက ပြည်တွင်းစစ် ဖြစ်ပွားခဲ့တဲ့ ခုလက်ရှိ ဘော့စနီးယား ဟာဇီဂိုးဗီနား နိုင်ငံမှာလည်း နှစ်ပေါင်း ရာနဲ့ချီတဲ့ ဗိသုကာလက်ရာတွေ ရှိတဲ့ ဒူဗရော့ဇနစ် မြို့၊ ဆာရာယေဗိုမြို့တွေမှာ ယဥ်ကျေးမှု အမွေအနှစ် လက်ရာအများအပြား ဗုံးကြဲခံရတာ လက်နက်ကြီးကျည်ထိမှန်ပျက်စီးခဲ့တာတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
၄င်းတို့ နိုင်ငံမှာလည်း နှစ်ပေါင်း ၃၀၀/၄၀၀ သက်တမ်းရှိတဲ့ ပြန်လည် အစားထိုးလို့မရတဲ့ ဗိသုကာလက်ရာတွေ စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံပြည်တွင်းစစ်မှာလည်း ရှေးဟောင်းလက်ရာ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားစေတီတွေ ၊ သက်တမ်း နှစ်၁၀၀ ကျော် ရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းတွေ မီးရှို့ခံရတာ၊ လက်နက်ကြီးကြောင့် မီးလောင်ပျက်စီးတာနဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးတဲ့ အဖြစ်အပျက်တွေ ကုန်လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဖြစ်ပွားခဲ့ပြီးဖြစ်ပါတယ်။ စစ်ပွဲလည်း မပြီးဆုံးသေးတာကြောင့် နောက်ထပ်လည်း ဖြစ်ပွားနိုင်ခြေရှိနေသေးတာလည်း ဖြစ်ပါတယ်။
ပြည်တွင်းစစ် အတွင်း ပါဝင်တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်ဖွဲ့တွေ အနေနဲ့ အပြစ်မဲ့တဲ့ အရပ်သားတွေကို ရန်သူကို အားပေးထောက်ခံသူဆိုတဲ့ သံသယ၊ စွပ်စွဲချက်နဲ့ နှိပ်စက် သတ်ဖြတ်တာမျိုး ဘယ်အဖွဲ့ကမျှ မလုပ်သင့်သလို စစ်ရေး အသာစီးရဖို့၊ ခုခံကာကွယ်နိုင်ဖို့ အလို့ငှာ ရှေးဟောင်း လက်ရာ အမွေအနှစ် အဆောက်အဦတွေ၊ မိမိတို့ ကိုးကွယ်တဲ့ ဘာသာဖြစ်စေ အခြားဘာသာဖြစ်စေ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေ၊ ယုံကြည်မှုဆိုင်ရာ အလေးအမြတ် တန်ဖိုးထားတဲ့ အဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ ဖျက်ဆီးတာတွေ မလုပ်ကြဖို့ လိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်။ တနေ့ တချိန် စစ်ပွဲ ရပ်စဲသွားချိန် လူ့အသက်တွေလည်း ပြန်မရနိုင်သလို အမွေအနှစ် တန်ဖိုးထားတဲ့ အဆောက်အဦ လက်ရာ ပစ္စည်းတွေလည်း ပြန်လည်တည်ဆောက်လို့ မရနိုင်တော့တာ အမှန်ပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေကြားမှာ ရုပ်ဝတ္တုဆိုင်ရာ ဆုံးရှုံးမှုတွေသာမက စိတ်ပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေလည်း အလားတူ တန်ဖိုးကြီးတာ အမှန်ပင် ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar