Breaking News

လေခဏီ - ဘာသာရေးမှန်ကူကွက်များ

လေခဏီ - ဘာသာရေးမှန်ကူကွက်များ

မိုးမခ ၊ ဩဂုတ် ၁၀ ၊ ၂၀၂၅


စစ်တပ်အုပ်စု လက်နက်ကြီးထု ဗုံးကြဲ မီးတိုက်ဖျက်ဆီးခဲ့တဲ့ဘုန်းကြီးကျောင်းကြီးတွေ ကျောင်းလေးတွေ မရေတွက်သာတော့။ စစ်စခန်းချလို့ တိုက်ပွဲဖြစ်ကြပြီး ပျက်စီးသွားတဲ့ ကျောင်းပေါင်းက ပိုများလိမ့်မည်။ ဖမ်းဆီးနှိပ်စက်အကျဉ်းချ သတ်ဖြတ်ရာ၊ မုဒိမ်းကျင့်ရာအဖြစ် အသုံးချခံရတဲ့ကျောင်းပေါင်းလဲ ဒုနဲ့ဒေး။ ဘုန်းကြီးများလည်း ကျောင်းတွေ စွန့်ခွာထွက်ပြေးသွားရသလို အသတ်ခံလိုက်ရတာလဲ မနည်းမနော။ 

တကယ်တော့ ကျောင်းတွေရော ဘုန်းကြီးတွေ ကိုရင်တွေရောက မြန်မာ့ယဉ်ကျေးမှုပစ္စည်းများဖြစ်သည်။ ဘုန်းကြီးကျောင်းများသည် မြန်မာ့သစ်နှင့် လက်မှုတွေရုံးစုရာ ဘာသာရေးရဲ့ငြိမ်းအေးမှု ဘာသာတရားရဲ့ စီးဆင်းရာ မြန်မာ့ဝိညာဉ်သွန်းထုရာ သင်္ကေတများ ဖြစ်သည်။ လူမှုသဟဇာတဖြစ်ပေါ်ရာ ရပ်ရွာစင်တာများလည်း ဖြစ်သည်။ ဘုန်းကြီး ရဟန်း သာမဏေများသည် ရပ်ရွာရဲ့အမြုတေရတနာများလည်းဖြစ်ကြသည်။ စစ်အုပ်စုရဲ့ အာဏာအရူးထမှုနဲ့အတူ ယင်းအခြင်းအရာတွေအားလုံး ပျက်သုဉ်းသွားပြီ။ စိတ်နှလုံးတွေ ညှိုးချုံးသူချုံး၊ အမုန်းတွေသည်းထန်သူထန် ရန်ကိုရန်ချင်း သတ်ခြင်း၊ သေခြင်းများသာ ရှိတော့သည်။ ရက်စက်ခြင်း လှည့်ပတ်ခြင်း လိမ်ညာခြင်းများသာ မင်းမူနေတော့သည်။ ခုတော့ ဘုန်းကြီး ကျောင်းများသည် သုသာန်တစပြင်။ မြင်ရင် ဝမ်းနည်းကြေကွဲစရာ၊ အားငယ်စရာ၊ နာကြည်းစရာအဖြစ် ပြောင်းသွားပြီ။ ကောင်းမှုများ စိုက်ပျိုးရာနေရာမဟုတ်တော့။ လူမွန်များ ပျိုးထောင်ရာနေရာမဟုတ်တော့။ ဝိပဿနာရှုပွားရာနေရာ မဟုတ်တော့။ ဗုဒ္ဓ၏ဓမ္မသံ ပီတိစိမ့်ပျံ့ရာ ကြေးစည်သံခေါင်းလောင်းသံ အမျှဝေသံများ လွင့်ပျံရာ သာဓုခေါ်ဆိုရာ ကုသိုလ်လှိုင်းဆင့်ရာရပ်ဝန်း မဟုတ်တော့။ ဒေါသထန်ပြင်းရာ နာကြည်းမှု မြှင့်တင်ရာတွေ ဖြစ်ကုန်ပြီ။ ဘုန်းကြီးကျောင်းများ ဘုရားများပြိုပျက်နေခိုက် အုတ်ဂူနီနီတွေ မင်းမူလာသည်။ ကိုရင် ဦးဇင်းများလဲ လူထွက်သေနတ်ကိုင်ကြရသည်။ ဘဝနတ်ထံပျံလွန်တော်မူရာမှ ကျဆုံးရဲဘော်သူရဲကောင်းများဖြစ်လာသည့်အလျောက် ဘုန်းကြီးများသည်လည်း ထောက်ပို့ဖြစ်လာရသည်။ 

လူမိုက် ဆိုလျှင် ရှောင်သွေလွှဲလို့ မမှီဝဲနှင့်ကင်းအောင်နေလို့ မရတော့။ လက်တွေ့ကျကျ ကင်းအောင်လုပ်ရတော့သည်။ ပူဇော်ထိုက်တာတွေ ပြောင်းလာသည်။ မဲပေးထိုက်သူ ရှာလာကြသည်။ ထောက်ပို့ထိုက်သူ လေ့လာရသည်။ ကျည်လွတ်ရာ လွတ်လပ်ပညာရှာရာ မိုးကာတဲနှင့် အင်တာနက်ရရှိရာသည် ပဋိရူပဒေသဝါသ ဖြစ်လာသည်။ မိမိကိုယ်ကို ကောင်းအောင်ထိန်းဖို့ ခက်လာသည်။ မိုင်းလုပ် မိုင်းထောင် သေနတ်လုပ်သေနတ်ပစ် စစ်ချီစစ်တက်သည် တတ်ကောင်းတတ်ရာ။ ထောက်ပို့အလုပ်သည် မြတ်ဒါန၊ တော်လှန်ရေးသည် အကျင့်မှန်ဓမ္မစရိယ၊ အပ္ပမာဒသည် နိုင်ငံရေးအသိ ဂျင်းအသိ တော်လှန်ရေးသတိ ရှေ့ပြေးကင်းသတိ၊ သေနတ်ကိုင်ထားတဲ့ ရဟန်းတော်များကို ဖူးမြင်ရခြင်း စစ်မိန့်ပေးနေတဲ့ ဘုန်းကြီးများကို ဖူးမြင်ရခြင်း လူသတ်သမားစစ်ဗိုလ်များကို ထောက်ခံတရား ကြားနာရခြင်းသည် အမင်္ဂလာ၊ စစ်ကြောင်းထိုးသံ လက်နက်ကြီးသံ တိုက်လေယဉ်သံ စစ်မှုထမ်း ဖမ်းဆီးသံများနဲ့ သောကအမင်္ဂလာ၊ တနိုင်ငံလုံး မအေးချမ်း ဘေးသန်းတဲ့အမင်္ဂလာတွေ ကြီးစိုးနေတော့သည်။ 

မဖြစ်သေးတဲ့အကုသိုလ်တွေဖြစ်လာသည်။ ‌ရန်သူဘက်သား သေတယ်ကြားမှ စားကောင်းအိပ်ပျော်လာသည်။ မလှူဘူးတဲ့အလှူတွေကို ရေစက်မချဘဲ လှူတတ်လာသည်။ အလှူခံရဲ့လိုအပ်ချက်လား၊ လိုချင်မှုလား ပညာဖက်ကာ ကြည့်လာကြသည်။ နိဗ္ဗာန်ဟူသည် အာဏာရှင်ကင်းရာဆိုတာကို နားလည်လာကြတဲ့အတွက် မဂ္ဂင်ရှစ်ပါးသည်လဲ တော်လှန်ရေးလုပ်ငန်းအမျိုးမျိုးသာဟု နားလည်လာကြသည်။ တော်လှန်ရေးမအောင်ရင် ငရဲတွင်းဆင်းရမှာ သေချာသည်မဟုတ်ပါလား။ ကိုယ်နေထိုင်ရာအရပ်သည်ပင် ငရဲဘုံဖြစ်သွားမှာမဟုတ်လား။

ဘာသာရေးအတွေးအမြင်သည် ထောင့်စုံလာသည်။ အတုအယောင် ကိုးကွယ်အားထားပုံတွေ ပေါ်လာသည်။ သွေးနှောယုံကြည်မှုတွေနှင့် ထွေပြားလာကြသည်။ ဘာသာရေးပုဂ္ဂိုလ်တွေက ဖိနှိပ်ရက်စက်သူတွေရဲ့ လက်ကိုင်တုတ် ဖြစ်လာပြီး ဖိနှိပ်ရမ်းကားသူတွေကို ပြန်လည်အကာအကွယ်ယူကာ လက်ရှိရထားတဲ့ ဘာသာရေးအဆင့်အတန်းတခုကို ထိန်းထားချင်လာတဲ့အတွက် လူ့အဖွဲ့အစည်းရဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာသည်။ အဲဒီ အချောင်စည်းစိမ် အပျောက်အပျက်မခံနိုင်သူတွေကပဲ ဘာသာရေးကို ရွံစရာ အော့နှလုံးနာစရာ လူဝါးဝတဲ့အရာဖြစ်အောင် လုပ်လာကြသည်။ 

မျက်မှောက်ခေတ် သိမြင်နားလည်လာမှုတွေကလည်း ဘာသာရေးရဲ့ ပန်းတိုင်ကို စိတ်ကူးပုံရိပ်တွေအဖြစ် ပြောင်းလဲပေးနေသည်။ ဘာသာရေးသည် ကုန်ပစ္စည်းဆန်လာသည်။ လူတိုင်းအတွက် လိုအပ်ချက် မဟုတ်တော့။ တချို့သူတွေအတွက် လိုအပ်ပေမယ့် တချို့အတွက် လုံးဝမလိုအပ်တော့။ လိုအပ်သူတွေအတွက်လည်း အများကြီး မလိုအပ်တော့ဘဲ အနည်းအကျဉ်းသာ ဖြစ်ကောင်းဖြစ်တော့မည်။ အထူအပါး ကွဲသွားတော့သည်။ တချို့သူတွေအဖို့ ဘာသာရေးသည် ယဉ်ကျေးမှုပစ္စည်းအဖြစ်သာ ရှိတော့သည်။ ဘာသာရေးသည်လည်း ရှေးလူသားများရဲ့ လက်ရာတခုသာ မဟုတ်ပါလား။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar