Breaking News

မောင်တူး - ဒေါ်အောင်ဆန်းစုကြည် ရှိတယ်၊ မရှိဘူး

မောင်တူး - ဒေါ်အောင်ဆန်းစုကြည် ရှိတယ်၊ မရှိဘူး

မိုးမခ ၊ မေ ၃၁ ၊ ၂၀၂၆


မုသာဝါဒ၊ လိမ်ညာကြသည့်

ဗမာ့တပ်တွင်း၊ သတင်းဖျောက်တာ

သူ့ရိုးရာပင်၊ မမေးလျှင်မူ

လူရာထောင်ချီဖျောက်ပစ်သည်။ ။


နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပျောက်ဆုံးခြင်း

သားငယ် ကင်မ်က “သူ့အမေဟာ သက်ရှိထင်ရှား ရှိမှ ရှိပါဦးမလား” လို့ ပြောသတဲ့။ ရှိသေးလား။ မရှိတော့ဘူးလား။ ထင်ရှားပြသပါ။ Proof of Life ကမ်ပိန်းတောင် လုပ်နေကြပြီ။ တဆက်တည်းပဲ အမေကြီး ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က စာရင်းမဖျောက်လောက်ပါဘူးလို့ ယူဆနေကြပါတယ်။ ဒါပေမဲ့ ဦးနေဝင်း၊ ဦးသန်းရွှေ၊ ခင်ညွန့်၊ မင်းအောင်လှိုင် လက်ထက် စစ်တပ်က စာရင်းဖျောက်လိုက်သူလည်း မနည်းမနော။ ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုနဲ့ တွေ့ခွင့်မရ၊ ရှေ့နေနဲ့ မတွေ့ရတာ နှစ်ချီကြာပြီ။ ဘယ်မှာလဲ။ မေးရင်းကပျောက် ပျောက်နေပြီ။ ကဆုန်လပြည့်နေ့တုန်းက ဓာတ်ပုံတပုံကလည်း မယုံသူက များနေတယ်။ AI နဲ့ လုပ်ထားတာလား။ အငြင်းပွားနေကြတယ်။ အမေစု ပျောက်ဆုံးခြင်းပေါ့။ တတိုင်းပြည်လုံး တကမ္ဘာလုံးက လိုက်လို့ရှာနေကြဆဲ။

ဗိုလ်အာဠာဝက ပျောက်ဆုံးခြင်း

စစ်အာဏာရှင်ရဲ့ သမိုင်းခေတ်ဆိုးတလျှောက် ပျောက်ခဲ့ကြသူ မနည်းမနောဘူးလေ။ ဒါကြောင့် အမေစုကိုလည်း စိုးရိမ်နေကြတာပေါ့။ ဟိုခေတ်က ဗမာပြည်ကွန်မြူနစ်ပါတီက ဗိုလ်အာဠာဝက ပျောက်သွားဖူးတယ်။ ဗိုလ်အာဠာဝကကို ဗမာ့တပ်မတော်က အရှင်ဖမ်းမိခဲ့တယ်။ သူ့ကို ကြိုးတုပ် စစ်ကားပေါ် တင်ခေါ်သွားခဲ့တယ်။ ဗိုလ်အာဠာဝက,က မင်းတို့ ငါ့ကို ဘယ်ခေါ်သွားမှာလဲလို့ မေးတော့ စစ်သားတွေက “မန္တလေး နန်းတွင်းတပ်ထဲ ခေါ်သွားမှာ” လို့ ပြောသတဲ့။ ဒါပေမဲ့ ကားက မြို့ပြင်ကို ဦးတည်‌မောင်းနေတာပါ။ ဗိုလ်အာဠာဝက,က “ငါသိပါတယ်ကွာ။ မင်းတို့ ငါ့ကို ရှင်းတော့မှာပါ” လို့ ပြောသတဲ့။ အဲသည်ကတည်းက ပျောက်သွားတော့တာပါ။

လူ ၄၀၀ တနှစ်ကြာ ပျောက်ဆုံးခြင်း

လူရာထောင်ချီ ဖျောက်ပစ်တယ်ဆိုတာ ချဲ့ကားပြောတာမဟုတ်ဘူး။ ၂၀၁၈ သင်္ကြန်မှာ စစ်တပ်အမိန့်နဲ့ ရဲက လူ ၃၀ ဦးသာ သေဆုံးတယ်လို့ ကြေညာချက်ထုတ်တယ်။ ကျနော်က သတင်းလိုက်နေတော့ ၃၀ မကဘူးဆိုတာ သိရတယ်။ ရန်ကုန်ဆေးရုံကြီးမှာတင် သင်္ကြန်တွင်း ၅၀ ကျော် သေစာရင်းရထားတယ်။ မန္တလေးဆေးရုံကြီးကလည်း ၅၀ ကျော်ပဲ။ ရေနံချောင်း၊ ချောက်၊ မုံရွာ၊ ပြည်၊ မြဝတီ၊ ကော့သောင်းနဲ့ မော်လမြိုင် DVB သတင်းထောက်တွေက ရာနဲ့ချီ သေဆုံးသတင်းတွေ တက်နေတယ်။ လူ ၃၀၀ ကျော် သေနိုင်တယ်။ ဒါပေမဲ့ ရဲထုတ်ပြန်ချက် ၃၀ ယောက် သေဆုံးနဲ့ပဲ သတင်းထုတ်ခွင့်ရခဲ့တယ်။ နောက်နှစ် ၂၀၁၉ သင်္ကြန်မတိုင်ခင် တပတ်အလိုကျတော့ မနှစ်က သင်္ကြန်မှာ လူ ၄၀၀ သေဆုံးခဲ့တယ်လို့ သတင်းစာမှာ ဖော်ပြတယ်။ လူ ၄၀၀ သင်္ကြန်မှာ သေတာကို တနှစ်တိတိ ဖျောက်ထား ဖွက်ထား လိမ်ထားခဲ့သော ဗမာ့တပ်မတော်ပါ။

ရွှေဝါရောင်ဆရာတော် ဦးသောဘိ (အလင်္ကာကြယ်) ပျောက်ဆုံးခြင်း

ရေအဆုံး

ကုန်းတဝက်

စစ်တပ်လက်မှာ

ပျောက်ဆုံးတာက

ဆရာတော်ဟာ

သုံးနှစ်ကြာလှ ရှာမရပြီ။ ။

မန္တလေးမြို့ အိုးဘိုထောင်မှာ အကျဉ်းကျနေတဲ့ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာကြောင့် ဆရာတော်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) က ၂၀၂၃ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က ထုတ်ပြန်ထားခဲ့ပါတယ်။ အခု ၃ နှစ်ပြည့်တော့မယ်။ ပျောက်နေဆဲပါ။

ဆရာတော် ဦးသောဘိတဟာ ထောင်ဒဏ်လေးနှစ် ချခံထားရပြီး ထောင်ဒဏ်လျှော့ပေါ့ရက်နဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ ထောင်ကနေ လွတ်ရမှာဖြစ်ပေမဲ့ မလွတ်လာဘဲ စစ်ကောင်စီက အိုးဘိုထောင်ကနေ ခေါ်ထုတ်သွားခဲ့ပါတယ်။ လွတ်ရက်စေ့ပြီး မလွတ်လာတဲ့ အခြေအနေကို မိသားစုက အိုးဘိုထောင်ဝန်ထမ်းတွေကို မေးမြန်းခဲ့ပေမဲ့ ဘာမှမပြောဘဲ သတင်းအမှောင်ချထားပါတယ်။ အခု Proof of Life ကမ်ပိန်း ပြုလုပ်နေတဲ့ အမေစုလိုပဲ ဆရာတော်ဟာ ပျောက်နေတယ်။ ၃ နှစ်ကြာနေပြီ။ ထောင်ကိုမေးတော့လည်း လွတ်ရက်စေ့လို့ လွှတ်ပေးလိုက်ပြီတဲ့။ ထောင်ဝမှာ သွားကြိုခဲ့တဲ့ မိသားစုတွေ သံဃာတွေ လက်ထဲကိုလည်း ထည့်မပေး။ ၃ နှစ်ရှိပြီ။ ကြေညာချက်ထုတ်ထားတာလည်း သုံးနှစ် သုံးမိုး သုံးနွေ။ လူပျောက်ကြော်ငြာပါသည်။ သံဃာပျောက် ကြော်ငြာပါသည်။ ရဟန်းပျောက် ကြော်ငြာပါသည်။ သာသနာပိုင် ဆရာတော်ကြီးများကလည်း နေနိုင်ရက်ကြပါသည်ဘုရား။ တကာတော် စစ်ဘုရင် ရေမြေ့ရှင် လက်နက်သခင်များကို မေးပေးတော်မူကြပါဘုရား။ ရွှေဝါရောင်ဆရာတော် ဦးသောဘိ (အလင်္ကာကြယ်) ပျောက်ဆုံးတာ သုံးနှစ်ကြာပါပြီဘုရား။

သိရှိတော် မမူသေးပါက ဆရာတော်ဘုရားကြီးများ သိတော်မူအောင် လျှောက်ထားပါ့မယ်ဘုရား။ ဆရာတော် ဦးသောဘိတကို စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ကျောင်းတိုက်မှာ ဖမ်းဆီးသွားခဲ့တာပါဘုရား။ အဲဒီနောက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံလိုက်ရပါတယ်ဘုရား။ နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်ကလည်း ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်ဘုရား။ နွေဦးတော်လှန်ရေးသံဃကွန်ရက် ဆရာတော် မင်းသုညကလည်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အပါအဝင် ဆရာတော်ကြီးတွေဟာ ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ရပ်တည်ပြောဆိုတာ မရှိဘူးလို့ မကြာခန ပြောဆိုပါတယ်ဘုရား။

အကျဉ်းသားအခွင့်အရေး မရရှိသော ဒေါ်အောင်ဆန်းစုကြည်

၂၀၂၆ မေလ ၁၇ ရက် တနင်္ဂနွေနေ့က ဩစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် မဲလ်ဘုန်းမြို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်သားအားလုံး လွတ်မြောက်ရေး ဆုတောင်း ဆန္ဒပြပွဲ လုပ်ခဲ့တယ်။ အဲသည်ပွဲမှာ ရဟန်းတော်တွေ၊ ဟိန္ဒူဆရာတော်တွေ၊ ခရစ်ယာန် ဓမ္မဆရာတွေ တက်ရောက် ဆုတောင်းခဲ့တယ်။ ဩစတြေးလျ လွှတ်တော်အမတ်တွေ တက်ရောက်ခဲ့ကြသလို NLD လွှတ်တော်အမတ်တွေလည်း တက်ရောက်လာကြတယ်။ NLD ဗဟိုသုတေသန အတွင်းရေးမှူး ဦးကျော်ဝဏ္ဏက ဒေါ်အောင်ဆန်းစုကြည် အကြောင်း ပြောတဲ့အခါ အကျဉ်းသားအခွင့်အရေး မရရှိတဲ့အကြောင်း ဟောပြောသွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်အရွယ်အရ ၈၁ နှစ်ရှိပြီ။ သက်ကြီးဝါကြီးတွေအတွက် စာနာထောက်ထားမှု အခွင့်အရေး ပိုရသင့်တာ မရဘူး။ NLD အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌတယောက် ဖြစ်ရက်နဲ့ နိုင်ငံရေးအခွင့်အရေးတွေ မရခဲ့ဘူး။ ယုတ်စွအဆုံး သာမန် ထောင်ကျတဦး ရသင့်တဲ့ Jail Manual ထောင်လက်စွဲ ဥပဒေအရ နှစ်ပတ်တကြိမ် ထောင်ဝင်စာတွေ့ခွင့်တောင် မရခဲ့ဘူးလို့ ပြောသွားခဲ့ပါတယ်။

သီပေါမင်း မသိလိုက်ရတဲ့ သူ့အစ်ကို ရနောင်မောင်မောင်တုတ် ပျောက်ဆုံးခြင်း

ကုန်းဘောင်မင်းဆက် အဆုံးသတ်ကာလ နန်းတွင်းရေး အရှုပ်တော်ပုံမှာ သီပေါမင်းရဲ့ ညီအစ်ကိုလို အားထားရတဲ့ ရနောင် မောင်မောင်တုတ်ဟာ အဖမ်းခံရပြီး ဘုရင့်ကြေးတိုက် (ထောင်) မှာ လက်စတုံး ပျောက်ဆုံးသွားခဲ့ရတာပါ။ သိကြပြီးဖြစ်တဲ့အတိုင်း သီပေါဘုရင် မဖြစ်ခင်ကတည်းက ဘုရင်ဖြစ်မယ်လို့ နိမိတ်ဖတ်ခဲ့တဲ့ မောင်မောင်တုတ်ဟာ ရနောင်မြို့ကို စားခဲ့ရတယ်။ ဘုရင့်ထက်တောင် တန်ခိုးထွားခဲ့ပြီး တန်ခိုးထက်ခဲ့ပါတယ်။ “သူ့မယားလိုချင် သူ့လင်လှံနဲ့ထိုး” ဆိုတာ သူ့ခေတ်ရဲ့စကားပါ။ မယားပေါင်း ရာချီနဲ့ ပျော်ပါးတဲ့အထိ အာဏာစက် ထက်ခဲ့တယ်။ သူ့ကို သီပေါဘုရင်နဲ့ စုဘုရားလတ်တို့ကပါ လိုက်မမီအောင်ဖြစ်ပြီး ထိုင်ကြည့်နေခဲ့ရတယ်။ ဒါပေမဲ့ အာဏာကုန် ကိုင်စွဲထားတဲ့ စုဘုရားလတ်က ဒိုင်းခင်ခင် အရေးမှာ မောင်မောင်တုတ်ကို ဖမ်းကုပ်ပြီး လက်စဖျောက်လိုက်ပါတော့တယ်။ သီပေါမင်းကတော့ ငါ့မယားဟာ ငါ့အစ်ကိုလို အခွင့်အရေး ပေးထားသူကို ဖမ်းရုံ ဖမ်းထားတာပါပဲ။ သတ်တော့ မသတ်ပစ်လောက်ပါဘူးလို့ ယုံကြည်နေခဲ့တာပေါ့။ ဒါပေမဲ့ မောင့်အစ်ကိုကို ပြန်လွှတ်ပေးလိုက်ကြစို့လို့ ပြောတဲ့အချိန်မှာတော့ ဟင်ကနဲ ဖြစ်သွားတော့တာပေါ့။ ရနောင်မောင်မောင်တုတ် ပျောက်သွားပြီတဲ့။ စုဘုရားလတ် ပြောလိုက်တဲ့စကားက “မောင်ရယ်၊ သူမရှိတော့ဘူး။ ပျောက်သွားပြီ” တဲ့။ လွန်ခဲ့တဲ့ နှစ် ၁၅၀ လောက်က ဘုရင်ငယ်တပါးလို နေခဲ့ရသူ ရနောင်မောင်မောင်တုတ် ဖမ်းထားရာက ပျောက်ခဲ့ဖူးတယ်။

သမိုင်းတလျှောက် ပျောက်ဆုံးခဲ့သည့် ရာဇဝင်များ

လွန်ခဲ့တဲ့  နှစ် ၁၅၀ က ကုန်းဘောင်မင်းဆက် အရှုပ်တော်ပုံ နိုင်ငံရေးမှာ ရနောင်မောင်မောင်တုတ် ဖမ်းထားရာက ပျောက်ခဲ့ဖူးတာကို လေ့လာမိတယ်။

အလားတူ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်က ဦးနေဝင်း စစ်အာဏာရှင်စစ်တပ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီက ဗိုလ်အာဠာဝကကို ဖမ်းထားရာက ဖျောက်ပစ်ခဲ့ဖူးတယ်။

လွန်ခဲ့တဲ့ သုံးနှစ်ကလည်း ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို အိုးဘိုထောင်ဝမှာ စောင့်ကြိုနေကြသူတွေကြားမှာပဲ ဖျောက်ပစ်လိုက်ကြတယ်။

အခုနောက်ဆုံး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တတိုင်းတပြိုင်လုံး တကမ္ဘာလုံး အုတ်အုတ်ကျက်ကျက် တခဲနက် တောင်းဆိုနေကြတဲ့ အကြားက ဖျောက်ထားနေကြပြန်ပါပြီ။ ဒါပေမဲ့ ခန ဖျောက်ထားကြတာလား။ ထာဝရ ဖျောက်ပစ်လိုက်မှာလား ဆိုတာကတော့ မတရား ဖမ်းထားခဲ့ကြတဲ့ စစ်အာဏာရှင်တွေပဲ အခြေအနေအမှန်ကို သိကြမှာပါ။

၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းမှာ လူ ၇၀ ဖျောက်ပစ်ခြင်း

ဒီပဲယင်း ရိုက်ပွဲ သတ်ပွဲဟာ ၂၀၀၃ ခုနှစ် မေ ၃၀ မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ယာဉ်တန်းကို နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက်ရိုက်စီစဉ် လုပ်ကြံခဲ့တာပါ။ စစ်တပ်၊ စစ်ထောက်လှမ်းရေး၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ ထောင်ကထုတ်လာတဲ့ လူမိုက်တွေနဲ့ စနစ်တကျ လေ့ကျင့် စီစဉ် သတ်ဖြတ် လုပ်ကြံခဲ့တာပေါ့။ စစ်ထောက်လှမ်းရေး အစီရင်ခံစာမှာ ၄ ဦး သေဆုံးတယ်လို့ပဲ ဖော်ပြထားတယ်။ မေ ၃၀ ညပိုင်း ဖြစ်ခဲ့တဲ့ ဒီပဲယင်းလူသတ်မှုကနေ ပြန်လည်လွတ်မြောက်လာသူ NLD အဖွဲ့ဝင်တွေ၊ ဝန်းရံသူတွေနဲ့ ဒေသခံ ကြည်ရွာသားတွေကတော့ သေဆုံးခဲ့သူ ၇၀ ကျော်လောက် ရှိနိုင်တယ်လို့ အခိုင်အမာ ပြောဆိုထားခဲ့ကြပါတယ်။

၁၉၇၄ ဦးသန့်အရေးခင်း၊ ၁၉၆၂ ဆဲဗင်းဂျူလိုင်တွေမှာ လူရာချီဖျောက်ခဲ့ခြင်း

စစ်တပ်ဟာ အလားတူ လူဖျောက်ပွဲတွေကို သမိုင်းတလျှောက် လုပ်နေခဲ့တာပါ။ မလုပ်ရဲတာ ဘာမှ မရှိသူတွေပါ။ ၁၉၇၄ ဦးသန့်အရေးအခင်းမှာလည်း ရန်ကုန်တက္ကသိုလ်ထဲမှာ ရာနဲ့ချီတဲ့ ကျောင်းသားတွေကို သတ်ဖြတ်ခဲ့ပေမဲ့ စာရင်းထုတ်ပြန်တော့ ဆယ်ဂဏန်းပါပဲ။ အလားတူ ၁၉၆၂ ခုနှစ် 7 July အရေးတော်ပုံမှာလည်း ကျောင်းသား ၁၀၀ ကျော်ကို ပစ်သတ်ပြီး အလောင်းတွေ ဖျောက်ပစ်ခဲ့ပါတယ်။ သေဆုံးစာရင်း တရားဝင် ကြေညာတဲ့အခါကျတော့ ဆယ်ဂဏန်းတောင် မပြည့်ခဲ့ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို ညှဉ်းသတ်နေတယ်လို့ AAPP ခေါင်းဆောင်ပြော

သမ္မတ ဦးဝင်းမြင့်ကို လွှတ်လိုက်အပြီး AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “စစ်တပ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲမှာ ညှဉ်းသတ်နေတယ်” လို့ ပြောခဲ့ပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်မလွှတ်သရွေ့ ငြိမ်းချမ်းရေး တည်ငြိမ်ရေး တိုးတက်ရေးတွေ ရှိမလာနိုင်ဘူး” လို့လည်း ပြောခဲ့တာပါ။ သာမန်ပြည်သူတွေဘက်ကလည်း ၈၁ နှစ်အရွယ် ပိန်ပိန်ပါးပါး အမေအိုကြီးဟာ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အကျဉ်းစံနေရာမှာ ထားရှိနေတာကြောင့် အသက်ရှင်ရပ်တည်ဖို့ အလွန်အကျူး ခက်ခဲမယ်လို့ ပြောဆိုနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား “ကင်မ်” ကဆိုရင် “ကျနော့်မေမေဟာ အသက်ရှင်လျက်မှ ရှိနေပါသေးရဲ့လား” ဆိုပြီး မေမေ ရှိမရှိ သက်သေပြပေးပါလို့ Proof of life လှုပ်ရှားမှု ကမ်ပိန်း ပြုလုပ် တောင်းဆိုနေပါပြီ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိသေးလား၊ မရှိတော့ဘူးလား

ငါတို့အမေ ငါတို့ပိုင်တယ်

ငါတို့အမေ ငါတို့ပြန်ပေး

ငါတို့အမေ ငါတို့ ရအောင်ပြန်ယူမယ်။

ငါတို့အမေ ငါတို့ပိုင်တယ်

ငါတို့အမေ ငါတို့ပြန်ပေး

ငါတို့အမေ ငါတို့ ရအောင်ပြန်ယူမယ်။

We demand Proof life

We demand Proof life

We demand Proof life

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က မအလ သံရုံးရှေ့မှာ မြန်မာနိုင်ငံသား ရာချီစုဝေးပြီး တောင်းဆိုနေကြတယ်။ အလားတူ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေကလည်း တောင်းဆိုနေကြတယ်။ အလားတူ ဩစတြေးလျမှာ၊ အမေရိကားမှာ၊ နယ်သာလန်မှာ၊ နိုင်ငံတကာမှာ။ စစ်ကိုင်းမှာ၊ ဖားကန့်မှာ စသဖြင့်တောင်းဆိုနေကြပြီ။ အာဏာသိမ်း စစ်တပ်အနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှိသေးလား မရှိတော့ဘူးလား ပြပါ။ ထုတ်ပြဖို့ အချိန်တန်ပြီ။ ဒါပေမဲ့ အရင်တခါလို ဓာတ်ပုံကလေးတပုံ ဝါးတားတားနဲ့ ချင်း(ဂျင်း)ထည့်ဖို့တော့ မကြိုးစားသင့်တော့ပါ။ Proof of life ထင်ထင်ထင်ရှားရှား သက်သေပြရမယ်။ အချိန်ကြာလာတာနဲ့အမျှ ပြည်သူလူထုရဲ့ သည်းခံသည်ထက် သည်းခံနိုင်စွမ်းကလည်း နည်းသည်ထက် နည်းလာနေပါပြီ။ ။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar