Breaking News

လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၃)

လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၃)

မိုးမခ ၊ မေ ၃၁ ၊ ၂၀၂၆


ပူတင်ရဲ့တရုတ်နိုင်ငံခရီးစဉ်

အခုတလော တရုတ်မြို့တော် ပေကျင်းမှာ တခြားနိုင်ငံများ (အကြီး-အလတ်-အသေး အစုံ)က ခေါင်းဆောင်များ ခြေချင်းလိမ်မတတ် လာကြတာများ ချောင်းပေါက်မတတ်ပါပဲ။

အခုလည်း ကြည့်ပါဦး။ ထရန့်က(၁၆-၅-၂၀၂၆)နေ့ကပဲ ပေကျင်းက ပြန်သွားတာ ၄ ရက်ပဲ ရှိသေးတယ်။(၁၉-၅-၂၀၁၆)မှာ ရုရှားသမ္မတ ပူတင်က ညကြီးမင်းကြီး ပေကျင်း ရောက်ချလာပါတယ်။ ပြီးတော့ နောက်နေ့ (၂၀-၅-၂၀၂၆) တရက်လုံး မရပ်မနားအစည်းအဝေးတွေထိုင်။ သဘောတူစာချုပ် (စာချုပ်ပေါင်း (၂၀ ကျော်) တွေ လက်မှတ်ထိုး။ အခမ်းအနားတွေဖွင့် ။ သတင်းစာရှင်းလင်းပွဲတွေလုပ်။ လက်ဖက်ရည်ဝိုင်းထိုင်။ ညစာစားပွဲတွေတက်၊ ကြေညာချက်တွေထုတ်နဲ့ အသက်တောင်ရှုနိုင်ကြရဲ့လားမသိ။ တနေ့လုံး စက်ရပ်သတင်းတွေ မပြတ်ထုတ်လွှင့်ပြီး ည (၁၀ နာရီခွဲ)မှာ ပေကျင်းက (ရောက်တာ ၂၄နာရီ မပြည့်တပြည့်မှာ) ပြန်လည်ထွက်ခွာသွားပါတော့တယ်။

ကြည့်ရတာ ပူတင်အတွက် ရက်ကြပ် ရက်ညှပ်ကြီးမှာ လာရထင်ပါရဲ့။

တကယ်တော့ နိုင်ငံတကာအခင်းအကျင်းများ ပြန်လည်ထိန်းညှိနေချိန်မှာ ဟာကွက်မရှိအောင် အတော်စနစ်တကျ အချိန်ကိုက် စီစဉ်ထားဟန် ရှိပါတယ်။

ထရန့်နဲ့ ရှီကျင့်ဖိန် တွေ့ဆုံအပြီးမှာ တချို့ သတင်းဝေဖန်ရေးသမားများက (ဂျီ-တူး  G-2) ဖြစ်လာတော့မယောင် ရေးသားလာကြပါတယ်။ (သဘောက တရုတ်ဟာ အမေရိကန်နဲ့ ပေါင်းပြီး ကမ္ဘာကြီးကို ခွဲဝေအုပ်စိုးမင်းမူတော့မယ်။) ဒါဟာ တရုတ်နဲ့ ကျန်ကမ္ဘာ့နိုင်ငံများအကြား သပ်လျှိုတဲ့ လုပ်ဟန်ပါ။ ဒါကို ကြိုမြင်ဟန်ရှိတဲ့ တရုတ်က ပူတင်ကို (ရတဲ့အချိန်လေးနဲ့) ဖိတ်ပြီး နှစ်နိုင်ငံ ပူးတွဲကြေညာချက်တွေ ထုတ်တာပါ။

ထုတ်လာတဲ့ ကြေညာချက်များကို ကြည့်ရင် ကမ္ဘာကြီးကို သူတို့ ပေးချင်တဲ့ သတင်းစကားတွေကိုတွေ့နိုင်ပါတယ်။

၁။ ပိုမိုတရားမျှတတဲ့ ကမ္ဘာ့အစီအစဉ် ပေါ်လာရေး။ တရုတ်နဲ့ ရုရှားတို့ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင်နှစ်နိုင်ငံ ဖြစ်တဲ့အတွက် ကမ္ဘတောင်ပိုင်းနိုင်ငံများအတွက် ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာ့အုပ်ချုပ်ရေးစနစ် ရရှိရေးအတွက် အားကိုးစရာ ဖြစ်လာတယ်။

၂။ ကွဲပြားသော ယဉ်ကျေးမှုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးရဲ့ စံနမူနာပြလုပ်ဟန်များ။

၃။  နိုင်ငံအချင်းချင်းကြား ကုန်သွယ်ရေးများကို (အမေရိကန် ဒေါ်လာကို သုံးစရာမလိုဘဲ)ကိုယ့်နိုင်ငံ ငွေကြေးများဖြင့် အောင်မြင်စွာလုပ်နိုင်မှုများ။ 

၄။ တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း ကုန်သွယ်မှုနှင့် စက်မှုကွင်းဆက်များ ချောမွေ့စွာ လည်ပတ်နိုင်ဖို့ အာမခံပေးပြီး ထုတ်ကုန်များ ပိုမိုကောင်းမွန်စွာ စီးဆင်းနိုင်စေရန် Belt and Road Initiative (ပိုးလမ်းမစီမံကိန်း) နှင့် ယူရေရှားစီးပွားရေးအဖွဲ့ (ရုရှားနဲ့အရင် ဆိုဗီယက်ယူနီယံဟောင်းနိုင်ငံများ ပူးပေါင်းထားတဲ့အဖွဲ့) Eurasian Economic Union လို မူဘောင်များကို ကျန်နိုင်ငံအများအပြားလည်း အသုံးပြုနိုင်တာကို ဖော်ပြထားပါတယ်။

၅။ တရုတ်နဲ့ ရုရှားအကြား စွမ်းအင်ပိုက်လိုင်းအသစ် (ဆိုက်ဘေးရီးယားအမှတ်-နှစ်ပိုက်လိုင်း) ဖောက်လုပ်ရေးသဘောတူညီချက်များအပြင် နှစ်နိုင်ငံအကြား စွမ်းအင်ဆိုင်ရာ သဘောတူညီချက်များက ကမ္ဘာ့ရေနံဈေးနှုန်း တည်ငြိမ်ရေးအတွက် အထောက်အကူဖြစ်စေတဲ့ အတွက် ကျန်နိုင်ငံများ အားလုံးအတွက်လည်း အကျိုးရှိပါတယ်။

၆။ တရုတ်-ရုရှား နှစ်နိုင်ငံရဲ့ မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများဟာ (အခုလိုကမ္ဘာကြီး မတည်မငြိမ်ဖြစ်နေချိန်မှာ) ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ပုံဖော်လုပ်ဆောင်ပေးနိုင်ရုံမျှမက ကျန်နိုင်ငံများ (အထူးသဖြင့်ကမ္ဘာ့တောင်ပိုင်းနိုင်ငံများ) အတွက်လည်း တခြားရွေးချယ်စရာ လမ်းကြောင်းဖွင့်ပေးလိုက်သလိုပါပဲ။

အတိုချုပ်ပြောရရင်တော့ အခု ကမ္ဘာ့ကြီးရဲ့ အဓိကပဋိပက္ခဖြစ်နေတဲ့ တဗိုလ်တည်း ဗိုလ်ကျလွှမ်းမိုးရေးနဲ့ (Unipolar World)၊ ဝင်ရိုးစွန်းအများအပြား ပါဝင်တဲ့စနစ် (Multipolar World) အကြား တိုက်ပွဲကြီးမှာ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံအနေနဲ့ ကျန်ကမ္ဘာ့နိုင်ငံအများအပြားနဲ့အတူ ရပ်တည်လျက်ရှိကြောင်း ပြသလိုက်တာပါပဲ။

ဒါက သူတို့နှစ်နိုင်ငံက ကမ္ဘာကို ပေးချင်တဲ့ သတင်းစကားပါ။ 

လှကျော်ဇော

၂၁-၅-၂၀၂၆


~~~~~~~~~~~~~~~

လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၁)



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar