မောင်လူမွှေး - တော်လှန်ရေးနယ်မြေက လူငယ်တွေရဲ့ ခံစားမှုပဲ့တင်သံ
တော်လှန်ရေးနယ်မြေက လူငယ်တွေရဲ့ ခံစားမှုပဲ့တင်သံ
မောင်လူမွှေး
မိုးမခ ၊ ဇွန် ၁ ၊ ၂၀၂၆
မိုးတွေရွာနေတယ်။ မိုးရွာထဲမှာပဲ နွေရာသီက မောင်လူမွှေး အလည်အပတ် သွားခဲ့တဲ့ ဒေသက ပြည်သူတွေဟာ စစ်ဘေးရှောင်နေကြရတယ်။ ရဲဘော်တွေက မိုးတောထဲမှာ အာဏာရှင် လက်ကိုင်တုတ် စစ်တပ်ကို တိုက်ခိုက်နေကြတယ်။
ကျောင်းတွေဖွင့်ချိန် ရောက်ပြီ။ မောင်လူမွှေးတယောက် ဆယ်ကျော်သက် ကျောင်းသူ ကျောင်းသားလေးတွေ ရေးထားတဲ့ ကဗျာလေးတွေကို ဖတ်နေမိတယ်။
ကျောင်း
သက်ကယ်ကာထား
ကတုတ်ကျင်းများနှင့်
ပညာရှာရ ဤကျောင်းမှာ။
လေယာဉ်သံများ တဝီဝီကြားက
ပုန်းရပြန်ရှာ
ကတုတ်ကျင်းမှာ။
ပြန်ပြီးအေးသော်
စာပြန်သင်ရ
မလွတ်လပ်သည့်
ဤအရေးမှာ။
ဒီကဗျာဟာ Grade 11 ကျောင်းသူလေး တစ်ယောက် ရေးထားတဲ့ ကဗျာပါ။ အာဏာသိမ်းစစ်တပ်ရဲ့ လေယာဉ်ဒဏ်ကြောင့် သူတို့ ပညာသင်ကြားရေး ဘယ်လောက် ခက်ခဲတယ်ဆိုတာကို ကျောင်းနံရံကပ်စာစောင်အတွက် ရေးခဲ့တာပါ။
ဆယ်ကျော်သက် အရွယ်ဆိုတာ ရင်ခုန်တတ်စ အရွယ်။ အချစ်ကို စတင်တွေ့ရှိတတ်တဲ့အချိန်။ ခေတ်ကောင်းရင်တော့ အသက်တဆယ့်ရှစ်နှစ်ဆိုတာ ပျော်ရွှင်လွတ်လပ်တဲ့ ကြည်နူးဖွယ်ချစ်ခြင်းကို ခံစားထိုက်တဲ့ အရွယ်ပါ။ အသက် တဆယ့်ရှစ်နှစ်အရွယ် Grade 12 ကျောင်းသူလေးကတော့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဒီလို ရေးဖွဲ့လေရဲ့။
အမှတ်တရ လမ်းခွဲ
ကတိတွေအတွက်
လက်ဆက်ခဲ့သမျှ
ဘဝတွေဟာ သွေးဖျာပြီ။
မောင့်ရင်တစ်ဝိုက်
ကျည်ဆန်စိုက်လို့
အိမ်ပြန်လမ်းတွေ မဲ့ခဲ့ပြီ။
လက်တစ်စုံဟာ
အေးစက်စွာဖြင့်
မေ့ကို ကျောခိုင်း သွားရက်သည်။
မေဟာ
ဒီစစ်နှင့် အချစ်မှာ
မောင့်ကို ဆုံးရှုံးလိုက်ရပြီ။
"!ဘဝတွေဟာ သွေးဖျာပြီ" ၊ "အိမ်ပြန်လမ်းတွေ မဲ့ခဲ့ပြီ" ၊ "မေ့ကို ကျောခိုင်းသွားရက်သည်" ၊ "မောင့်ကို ဆုံးရှုံးလိုက်ရပြီ" တဲ့။ ကဗျာရဲ့ စာပိုဒ်အဆုံးသတ်ကလေးတွေ။ ဒီကလေးမလေးသာ ပညာကို ကောင်းကောင်းသင်ခွင့်ရခဲ့ရင် ကဗျာတွေ ဒီထက်မက ကောင်းကောင်း ရေးနိုင်မှာ သေချာတယ်။ အခုတော့ သူ ပုန်းခိုကျင်းထဲမှာလား။ တောထဲမှာလားလို့ မောင်လူမွှေး စိတ်မကောင်းစွာ တွေးနေမိတယ်။
အမှန်တရားအတွက် တို့ဘဝ
နေဒဏ်ကိုပင် မယှဉ်နိုင်ဘဲ
စာရေငတ်ငြား နေ့ရက်များစွာ
ဖြတ်သန်းခဲ့ရ တို့ဘဝ။
မိုးရေသည်းထန် သွန်းချပြန်ခါ
အကာမပါ သစ်ရိပ်ဝါ၌
ခိုလှုံခဲ့ရ တို့ဘဝ။
ဆီးနှင်းကထန် လေကသန်ရာ
အချမ်းမပြေ လွမ်းမပြေနဲ့
အိမ်ကိုမှန်းတ တို့ဘဝ။
အိမ်ကိုခွာရင်း စစ်မြေတွင်းမှာ
ဘယ်သို့ ဘယ်မျှ တို့ဘဝက
မလှပလည်း
ဤတော်လှန်ရေး အလေးပေးကာ
အမေ့ကိုခွာ၍
နယ်မြေရပ်ခြား ရန်သူ့ကြားက
အမှန်တရားကို တွဲခေါ်နိုင်မှ
ပြန်ခဲ့မယ်။
ဒီကဗျာလေးကလည်း Grade 11 ကျောင်းသူလေးတစ်ယောက်ရဲ့ ကဗျာပါ။ အမေနဲ့ခွဲနေရပြီးနောက် အမှန်တရားကို တွဲခေါ်နိုင်မှပြန်ခဲ့မယ်တဲ့။ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ရဲ့ မာန် ကိုတွေ့ရတယ်။
အထက်ပါ ကဗျာသုံးပုဒ်ဟာ နွေရာသီခရီးထွက်ရင်း ဓာတ်ပုံရိုက်ယူခဲ့တဲ့ ကဗျာလေးတွေထဲက ဆယ်ကျော်သက် မိန်းကလေး သုံးယောက်ရဲ့ ကဗျာသုံးပုဒ် ဖြစ်ပါတယ်။ စာဖတ်အားရော၊ အသက်အရွယ်အရရော တော်တော်တန်တန် ကဗျာကို မဖတ်ချင်တော့ဘူးဆိုပြီး စိတ်ကြီးဝင်တတ်တဲ့ မောင်လူမွှေးတယောက် ဆယ်ကျော်သက်လေးတွေရဲ့ ကဗျာကိုတော့ ကျောင်းဆရာ တစ်ယောက်အနေနဲ့ အလေးထား ဖတ်ရပါတယ်။
သူတို့ကဗျာလေးတွေက မောင်လူမွှေးကို သနားကရုဏာပွားစေတယ်။ ပြီးတော့ သူတို့လေးတွေအတွက် အလုပ်လုပ်နေရတာပါလားဆိုပြီး အားကိုဖြစ်စေတယ်။ သူတို့လေးတွေတောင် ဒီလို ခံယူချက်သတ္တိရှိကြရင် မောင်လူမွှေးတို့ ပိုရှိကြရမယ်။ လူငယ်တွေကို လက်တွေ့တန်ဖိုးထား လေးစားတယ်ဆိုရင် အလုပ်ကိုမှန်မှန်ကန်ကန်၊ ကောင်းကောင်းမွန်မွန် စေတနာနဲ့ လုပ်ကြရမှာဖြစ်တယ်။ ဒီလို လုပ်ကြဖို့က လူငယ်တွေရဲ့ ခံစားချက်တွေကိုနားလည်နိုင်စွမ်း ရှိရမှာဖြစ်ပါတယ် ခင်ဗျာ....။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar