Breaking News

လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၄)

လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၄)

မိုးမခ ၊ ဇွန် ၁ ၊ ၂၀၂၆


အမေရိကန်ဒေါ်လာ ကမ္ဘာ့အရန်ငွေ မည်သို့ဖြစ်လာသနည်း


၁။ အမေရိကန်ဒေါ်လာ ကမ္ဘာ့အရန်ငွေ ဖြစ်လာပုံ

အမေရိကန်ဒေါ်လာသည် ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၄ ခုနှစ်တွင် ချမှတ်ခဲ့သော ဘရက်တန်ဝုဒ်စနစ် (Bretton Woods System) ကြောင့် တရားဝင် ကမ္ဘာ့အရန်ငွေ ဖြစ်လာခဲ့ပါသည်။ ထိုသို့ဖြစ်လာရန် အချိန်ကာလတစ်ခုကြာအောင် ကြိုတင်ပြင်ဆင်မှုများ ရှိခဲ့ပါသည်။

အောက်ပါအချက်များသည် အမေရိကန်ဒေါ်လာ ကမ္ဘာ့ထိပ်တန်း ငွေကြေးဖြစ်လာရခြင်း၏ အဓိကအကြောင်းအရင်းများ ဖြစ်ပါသည်။

က။ စစ်ကြီးများကြောင့် အခွင့်အလမ်းရရှိခြင်း။

ပထမကမ္ဘာစစ်အပြီးမှစ၍ ဒေါ်လာသည် ကမ္ဘာ့ငွေကြေးအဖြစ် ထွန်းကားလာရန် အစပျိုးခဲ့ပါသည်။

ခ။ ဘဏ္ဍာရေးအရင်းအမြစ်

စစ်ပွဲကာလတွင် အမေရိကန်သည် စစ်တိုက်နေရသော မဟာမိတ်နိုင်ငံများသို့ ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာမှ ကမ္ဘာ့ရွှေအရန်၏ ၄၀% ခန့်ကို ပိုင်ဆိုင်လာခဲ့ပြီး ကမ္ဘာ့အကြွေးရှင်အဖြစ် ရပ်တည်လာနိုင်ခဲ့ပါသည်။

ဂ။ ပြိုင်ဘက်အားနည်းခြင်း

ဗြိတိန်နိုင်ငံသည် ကိုလိုနီနိုင်ငံများနှင့်ဖြစ်ပွားသော စစ်ပွဲအတွက် အသုံးစရိတ်ကြီးမားခဲ့ရသဖြင့် ၁၉၃၁ ခုနှစ်တွင် ရွှေစံနှုန်းစနစ်မှ နုတ်ထွက်ခဲ့ရပြီး ပေါင်ငွေ၏တန်ဖိုး ကျဆင်းခဲ့ရပါသည်။ ထိုအချိန်မှစ၍ ဒေါ်လာသည် ပေါင်ငွေ၏နေရာကို စတင်အစားထိုးဝင်ရောက်လာခဲ့ပါသည်။ (ဒါဟာ ၁၉ ရာစု ဗြိတိသျှအင်ပါယာ ကျဆုံးခန်း၏ အစဖြစ်ပါသည်။)


၂။ ဘရက်တန်ဝုဒ်သဘောတူညီချက် - တရားဝင်ချမှတ်နိုင်ခြင်း

ဒုတိယကမ္ဘာစစ်ကြီး၏ နောက်ဆုံးအဆင့်တွင် စစ်ပြီးခေတ် စီးပွားရေးစနစ်အသစ်ကို ချမှတ်ရန် နိုင်ငံပေါင်း ၄၄ နိုင်ငံပါဝင်သော အဆင့်မြင့်အစည်းအဝေးကို ၁၉၄၄ ခုနှစ်၊ ဇူလိုင်လတွင် အမေရိကန်နိုင်ငံ၊ နယူးဟမ်ရှိုင်းယားပြည်နယ်၊ ဘရက်တန်ဝုဒ်မြို့၌ ကျင်းပခဲ့ပါသည်။ ထိုအစည်းအဝေးတွင် အဓိကကျသော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ခဲ့ပါသည်။

ဒေါ်လာ - ရွှေစံနှုန်း- အမေရိကန်ဒေါ်လာ ၃၅ ဒေါ်လာလျှင် ရွှေ ၁ အောင်စနှင့် လဲလှယ်နိုင်ရန် အာမခံချက်ရရှိခဲ့သည်။ (ရွှေစံနှုန်း)

ဒေါ်လာ - ငွေကြေးများ ချိတ်ဆက်ခြင်း- အခြားနိုင်ငံများ၏ ငွေကြေးများကို အမေရိကန်ဒေါ်လာနှင့် ပုံသေငွေလဲနှုန်းဖြင့် ချိတ်ဆက်ထားရန် သဘောတူခဲ့ကြသည်။

ရလဒ်- အမေရိကန်ဒေါ်လာသည် ကမ္ဘာ့ဗဟိုချက်ငွေကြေးအဖြစ် တရားဝင်သတ်မှတ်ခြင်း ခံလိုက်ရပြီး ဗြိတိန်ပေါင်ငွေနေရာကို တရားဝင် ဝင်ရောက်အစားထိုးနိုင်ခဲ့ပါတော့သည်။

၃။ စနစ်သစ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်း

၁၉၇၀ ပြည့်လွန်နှစ်များတွင် အမေရိကန်သည် ဒေါ်လာအလွန်အကျွံ ရိုက်နှိပ်ခဲ့ရသဖြင့် ရွှေနှင့်အာမခံနိုင်သော ပမာဏထက် ကျော်လွန်သွားခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် သမ္မတနစ်ကဆင်က ဒေါ်လာနှင့်ရွှေ တိုက်ရိုက်လဲလှယ်ခြင်းကို ရပ်ဆိုင်းရန် အမိန့်ချမှတ်ခဲ့သည်။ သို့သော် အမေရိကန်စီးပွားရေး၏ ကြီးမားမှုနှင့် တည်ငြိမ်မှုကို ယုံကြည်ရသဖြင့် ၎င်း၏အရန်ငွေနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါသည်။

၄။ ဒေါ်လာကို ထပ်မံခိုင်မာစေသည့် နောက်အကြောင်းရင်းတစ်ခု

၁၉၇၀ ပြည့်လွန်နှစ်များတွင် ဆော်ဒီအာရေဗျနှင့် အမေရိကန် ပြုလုပ်ခဲ့သော "ပက်ထရိုဒေါ်လာ" (Petrodollar) သဘောတူညီချက်ကြောင့် ကမ္ဘာ့ရေနံရောင်းဝယ်မှုအားလုံးကို ဒေါ်လာဖြင့်သာ ပေးချေရန် သတ်မှတ်ခဲ့နိုင်သဖြင့် ဒေါ်လာ၏လိုအပ်ချက် ပိုမိုကြီးမားလာခဲ့ပါသည်။ အပြန်အလှန်အားဖြင့် ထိုအရှေ့အလယ်ပိုင်းနိုင်ငံများ၏ လုံခြုံရေးကို အမေရိကန်က အာမခံခဲ့ပါသည်။ ထိုသို့ဖြင့် အမေရိကန်၏ စစ်အခြေခံစခန်းများကို ထိုနိုင်ငံများတွင် တည်ဆောက်ခွင့် ရရှိသွားခဲ့ပါသည်။

ဤကဲ့သို့သော သမိုင်းကြောင်းများအရ အမေရိကန်၏ ငွေကြေးဒေါ်လာသည် ကမ္ဘာ့စီးပွားရေးနယ်ပယ်တွင်သာမက ကမ္ဘာ့စစ်ရေးနယ်ပယ်တွင်ပါ အလွန်ဩဇာကြီးမားပြီး ခိုင်မာအားကောင်းလာခဲ့ပါသည်။ ထို့ပြင် နိုင်ငံတကာ၏ သဘောတူညီချက်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် ကမ္ဘာ့အဓိကအရန်ငွေအဖြစ် ရေရှည်ရပ်တည်နေနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

လှကျော်ဇော။

၂၆-၅-၂၀၂၆။


~~~~~~~~~~~~~~~

လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၁)


လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၃)


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar