Breaking News

TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ယမ်းပေါက်ကွဲမှုကြောင့် ၅၀ ဦးထက်မနည်း သေဆုံး

မြန်မာနွေဦးခရိုနီကယ် - မေ ၃၁ မြင်ကွင်း

(မိုးမခ) ဇွန် ၁ ၊ ၂၀၂၆

TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ယမ်းပေါက်ကွဲမှုကြောင့် ၅၀ ဦးထက်မနည်း သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်နိုင်ငံနဲ့ နယ်စပ်မြို့တမြို့ဖြစ်တဲ့ PSLF/TNLA အဖွဲ့ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ အနီးက ကောင်းတပ်ရွာမှာ ယမ်းတွေသိုလှောင်ထားတဲ့ နေရာ ပေါက်ကွဲမှုဖြစ်ခဲ့ရာမှာ လူ ၅၀ ထက်မနည်း သေဆုံးခဲ့ရပြီး ၇၀ နီးပါးခန့် ထိခိုက်ဒဏ်ရာရကာ နေအိမ်ရာနဲ့ချီ ပျက်စီးသွားတယ်လို့ သတင်းဖေါ်ပြမှုတွေနဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားမှုတွေအရ သိရပါတယ်။ 

ဖြစ်စဥ်ဖြစ်ပွားပြီးချင်း ကနဦးပေါ်ထွက်လာတဲ့သတင်းတွေအရ သေဆုံးသူ ၁၅ ဦး ဝန်းကျင်ရှိတယ်လို့ရေးသားဖေါ်ပြခဲ့ကြပေမယ့် မေလ ၃၁ ရက်နေ့နှောင်းပိုင်းမှာတော့ လူမှုကယ်ဆယ်ရေးလုပ်ဆောင်သူတွေကို ကိုးကားဖေါ်ပြထားတဲ့အရေအတွက်အရ သေဆုံးတဲ့ ရုပ်အလောင်း ၄၆ ဦးထက်မနည်း အတည်ပြုနိုင်ခဲ့တယ်လို့ ရေးသားထားကြပါတယ်။ နောက်ဆက်တွဲ ထွက်ပေါ်လာတဲ့သတင်းတွေအရ သေဆုံးသူတွေထဲ တရုတ်နိုင်ငံသား ၃ ဦးလည်း ပါဝင်တယ်လို့ ဖေါ်ပြတားတာတွေ့ရပါတယ်။ 

ကောင်းတပ်ရွာဟာ နမ့်ခမ်းမြို့ အရှေ့ဘက် တရုတ်နိုင်ငံနယ်စပ်တလျှောက်စီးဆင်းနေတဲ့ ရွှေလီမြစ်နဲ့လည်း သိပ်မဝေးတဲ့နေရာမှာရှိပြီး ခု ယမ်းပေါက်ကွဲမှုကို မူဆယ်မြို့ တဖက်ကမ်း တရုတ်နိုင်ငံထဲက နယ်စပ်မြို့ဖြစ်တဲ့ ရွှေလီမြို့မှာတောင် ပေါက်ကွဲသံနဲ့ တုန်ခါမှုကိုသိရှိခဲ့ရတယ်လို့ ဆိုပါတယ်။ 

ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာက အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ကြည့်ရှုတဲ့အခါ ပေါက်ကွဲမှုဖြစ်ပွားရာနေရာတဝိုက်မှာ နေအိမ်အဆောက်အဦ ပြောင်တလင်းဖြစ်နေတာ၊ အချို့ အနည်းငယ်အလှမ်းကွာတဲ့နေရာမှာရှိတဲ့နေအိမ်တွေရဲ့ အကာအရံတွေ ပွင့်ထွက်ပျက်စီးနေတာတွေ့ရပါတယ်။ 

နမ့်ခမ်းမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် မကြာမီ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲမှာ TNLA တိုက်ခိုက်သိမ်းယူခဲ့တဲ့ မြို့ဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသရဲ့ အနောက်မြောက်ဖျား ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသမှာရှိတဲ့ နမ့်ခမ်းမြို့ဟာ တရုတ်နိုင်ငံနဲ့ နယ်စပ် ကုန်သွယ်ရေးမြို့တမြို့လည်း ဖြစ်ပါတယ်။ 

ကချင်ပြည်နယ် ဗန်းမော်၊ မံစီဒေသက တရားဝင်ရော တရားမဝင်ပါ ခုတ်ယူပြီး တရုတ်နိုင်ငံဘက် တင်ပို့တဲ့ သစ်တွေဖြတ်သန်းတဲ့လမ်းကြောင်းဟာ နမ့်ခမ်းမြို့ရဲ့ အနောက်ဘက် ကချင်ပြည်နယ်အစပ် မန့်ဝိန်းကြီး ကျေးရွာအနီးမှာ ရှိတာဖြစ်ပြီး တရုတ်နိုင်ငံဘက်ကို သစ်သယံဇာတတွေ တင်ပို့ရာလမ်းကြောင်း ဖြစ်ခဲ့ပါတယ်။ 

မေလ ၃၁ ရက်နေ့ ပေါက်ကွဲမှု ဖြစ်ပွားပြီး ၄/၅ နာရီအကြာမှာ PSLF/TNLA က ထုတ်ပြန်ချက်တခု ထုတ်ပြန်ရာမှာတော့ PSLF/TNLA စီးပွားရေး ဌာနရဲ့ မိုင်းတွင်း ကျောက်ထုတ်လုပ်ရေးလုပ်ငန်းသုံးဖို့ သိုလှောင်ထားတဲ့ယမ်းပျော့တွေ ပေါက်ကွဲမှုဖြစ်တာလို့ဖော်ပြထားပါတယ်။ အခု ပေါက်ကွဲမှုဖြစ်စေခဲ့တဲ့ယမ်းတွေသိုလှောင်တဲ့နေရာဟာ ဘာကြောင့်လူနေအိမ် ရပ်ရွာထဲမှာဖြစ်နေရသလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရှိရပါဘူး။ ပေါက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ တာဝန်ရှိသူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီသတင်းထုတ်ပြန်ချက်ဖော်ပြတဲ့ပို့စ်ရဲ့အောက်မှာ PSLF/TNLA အဖွဲ့ရဲ့ စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်လို့ ဒေသခံတွေရဲ့ ဝေဖန်မှုတွေအပြစ်တင်တဲ့ comment အများအပြားတွေ့မြင်ရပါတယ်။ ပေါက်ကွဲနိုင်တဲ့ အန္တရာယ်ရှိတဲ့ယမ်းတွေကို လူနေအိမ်တွေကြားထဲ ဘာကြောင့် အခုလိုသိုလှောင်ထားရသလဲဆိုတဲ့မေးခွန်းကို ဒေသခံတွေက မေးမြန်းထားကြတာတွေ့ရပါတယ်။ 

ယခုပေါက်ကွဲမှုဖြစ်ပွားတဲ့ယမ်းတွေဟာ တရုတ်နိုင်ငံဘက်ကနေတင်သွင်းလာတာလို့ယူဆရပါတယ်။ လူမှုကွန်ရက်မှာတွေ့ရတဲ့ဗီဒီယိုမှတ်တမ်းတွေအရ  TLK အမှတ်တံဆိပ်ပါတဲ့လိမ္မော်ရောင်ပလပ်စတစ်ထုပ်ပိုးစတွေပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာမှာ အများအပြားတွေ့ရပါတယ်။ မိုင်းတွင်းသုံးယမ်း ဖြစ်စေ၊ လက်နက်ခဲယမ်းတွေထုတ်လုပ်ရာမှာသုံးတဲ့ယမ်းဖြစ်စေ လူနေရပ်ကွက်/ကျေးရွာတွေအတွင်း သိုလှောင်ထားရှိတဲ့အဖြစ်ဟာ PSLF/TNLA ရဲ့ အုပ်ချုပ်မှုကို ကြီးကြီးမားမား မေးခွန်းထုတ်စရာ ဖြစ်စေတာပါ။ 

ဒေသခံလူထုတွေ အနေနဲ့ မိမိတို့ ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိတဲ့ ယမ်းတွေ သိုလှောင်ထားတာကို သိရှိနေခဲ့ရင်တောင်မှ အုပ်ချုပ်သူတွေကို စောဒကတက်ဖို့ မေးခွန်းထုတ်နိုင်ဖို့ အနေအထားမျိုးမှာ ရှိမနေကြပါဘူး။ လတ်တလော အာဏာသိမ်းစစ်တပ်ဘက်နဲ့ အပစ်ရပ်ထားသည့်တိုင် မကြာသေးခင်က MNDAA ကိုးကန့်လက်နက်ကိုင်အဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် TNLA အနေနဲ့ ၄င်းတို့ ထိန်းချုပ်နယ်မြေတွေကို လုံခြုံရေးသတိနဲ့ နေရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လလယ်က TNLA က မြို့ရဲ့ အများစုကို ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့မှာ MNDAA က စတင် တိုက်ခိုက်ပြီး ရက်အနည်းငယ်အတွင်း ကွတ်ခိုင်မြို့ကို TNLA လက်ထဲက ရယူခဲ့တာဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ်ကလည်း PSLF/TNLA ထိန်းချုပ်ထားတဲ့မြို့တွေ အနက်က မိုင်းငေါ့၊ နမ့်ခမ်း၊ နမ္မတူ နဲ့ မိုင်းလုံကို ပြန်ပေးအပ်ဖို့ မကြာသေးခင်က ပြုလုပ်တဲ့ ဆွေးနွေးမှုတွေအတွင်း တောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ 

အခုလို နိုင်ငံရေး၊ စစ်ရေးအရ အာဏာသိမ်းစစ်တပ်ကသာမက မဟာမိတ်အဖွဲ့တဖွဲ့ဖြစ်တဲ့ MNDAA လိုအဖွဲ့ရဲ့ ဖိအားပေးမှုတွေ ခံနေရတဲ့ PSLF/TNLA အဖို့ အခုလိုယမ်းသိုလှောင်ထားတဲ့နေရာ မတော်တဆ ပေါက်ကွဲမှု၊ အရပ်သား အများအပြား သေဆုံးရတဲ့ ဖြစ်ရပ်တွေဟာ ကြီးမားတဲ့ ဖိအားတွေ ဖြစ်နေလိမ့်မှာ ဖြစ်ပါတယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar