Breaking News

စစ်ပွဲ၊ ထိခိုက်သေဆုံးမှု၊ အငတ်ဘေးနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေပြည့်နှက်နေတဲ့ ကာလ





မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၂၂ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၅

စစ်ပွဲ၊ ထိခိုက်သေဆုံးမှု၊ အငတ်ဘေးနဲ့ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေပြည့်နှက်နေတဲ့ ကာလ

နံနက်မိုးလင်းချိန်၊ ညနေ အလုပ်ပြီးချိန် ဆိုရှယ်မီဒီယာမှာ သတင်းတွေကြည့်လိုက်တဲ့ အခါ လေယာဥ် ဗုံးကြဲလို့ အရပ်သားတွေ ထိခိုက်သေဆုံးတဲ့ သတင်း၊ တိုက်ပွဲတွေ ရောက်လာလို့၊ စစ်ကြောင်းတွေဝင်လာလို့ ဒေသခံ ရာထောင်ချီ ထွက်ပြေးတိမ်းရှောင်ရတဲ့သတင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတွေ ဖမ်းဆီးခံရတဲ့ သတင်း၊ တခြားတဖက်မှာ စစ်အာဏာရှင် တပ်ဖွဲ့ဝင်တွေ ထွက်ပြေးခိုလှုံလာတာ သို့မဟုတ် တိုက်ပွဲမှာ သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတဲ့ သတင်းတွေ၊ ကုန်စည်သယ်ယူမှုတွေကို တားဆီးကန့်သတ်တာတွေ၊ ကားလမ်းတွေ ရှောင်ကွင်းမောင်းနှင်ရတာကြောင့် ကုန်ကျစရိတ်ကြီးလာတာ မြို့တွေနယ်တွေမှာ ကုန်စျေးနှုန်းတွေ ကြီးမြင့် လာတဲ့ သတင်းတွေနဲ့ လုယက်သတ်ဖြတ်ခံရတဲ့ ရာဇဝတ်မှု သတင်းတွေက နေ့စဥ်မြင်တွေ့ နေကြရတာ ဖြစ်ပါတယ်။

ဒီလို အနိဌာရုံဆိုတဲ စကားလုံးထက်ကို ပိုပြီးပြင်းထန်တဲ့ ဖြစ်ရပ်တွေက မြန်မာနိုင်ငံရဲ့ နေ့စဥ်အဖြစ်အပျက်တွေ ဖြစ်နေတာပါ။ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတာ ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်လို မြို့တွေအဖို့တော့ စစ်ပွဲရဲ့ တိုက်ရိုက် အကျိုးသက်ရောက်မှုဖြစ်တဲ့ ထိခိုက်သေဆုံးတာ နေအိမ်တွေ ပျက်စီးဆုံးရှုံးတာတွေ မကြုံတွေ့ကြရပေမယ့် ကုန်စျေးနှုန်းကြီးမြင့်မှုနဲ့ ရာဇဝတ်မှု များပြားလာတာတွေကို ကြုံတွေ့ခံစားနေကြရတာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ အစွန်အဖျားဒေသ၊ ကုန်စည် ဆေးဝါး လောင်စာတွေ ပိတ်ဆို့ခံထားရတဲ့ ဒေသတွေမှာ နေထိုင်ကြသူတွေ အဖို့တော့ ဘဝတွေက အခက်ခဲဆုံး၊ အကြပ်တည်းဆုံး ကာလတွေကို ရင်ဆိုင်ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။ နိုင်ငံရဲ့ အချို့ဒေသတွေမှာ ဝမ်းရေးရှင်သန်ရေး အတွက် ထွက်ပေါက်ပိတ်မိပြီး မိသားစုလိုက် သတ်သေတဲ့ သတင်းတွေလည်း ခုလပိုင်းတွေမှာ ဖတ်ရှုလာနေကြရတာပါ။

ဒီလို ဖြစ်ပျက်နေတဲ့ဒေသတွေမှာ နေထိုင်နေကြသူတွေအနက် ငွေကြေးအထိုက်အလျောက် ရှိသူ၊ ပိတ်ဆို့ခံရခြင်း မရှိတဲ့ အခြားသောမြို့တွေမှာ ဆွေမျိုးသားချင်း အထောက်အကူရှိလို့ ရွှေ့ပြောင်းနေထိုင်နိုင်ကြသူတွေလည်း ရှိပေမယ့် အောက်ဆုံး အလွှာ ဖြစ်တဲ့ လက်လုပ်လက်စား အသိုင်းအဝိုင်း မရှိသူတွေ အဖို့တော့ ချောင်ပိတ်မိကြတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

လေကြောင်း တိုက်ခိုက်မှု၊ တိုက်ပွဲတွေမှာ လက်နက်နဲ့ ထိခိုက်သေဆုံးကြရတဲ့ အရပ်သား အရေအတွက်က နေ့စဥ်လိုလို ဆယ်ဂဏန်းကနေ အချို့ရက်တွေမှာ ရာဂဏန်းကို ကျော်လွန်တဲ့ အထိ ရှိနေတာလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။ မကြာသေးခင် သုတေသန အချက်အလက်ကောက်ယူတဲ့ အဖွဲ့အစည်းတခုက ထုတ်ပြန်ရာမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားတဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ က နေ မကြာသေးခင် ကာလအထိ မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ပဋိပက္ခကြောင့် သေဆုံးသူ ၁၅၀၀၀ ကျော်ရှိတယ် ဆိုတဲ့ ကိန်းဂဏန်းတခုလည်း သတိပြုမိလိုက်ပါတယ်။ ဒီကိန်းဂဏန်းက ဘယ်လောက်ထိ မှန်ကန်တိကျမှု ရှိသလဲ ဆိုတာ မသိနိုင်ပေမယ့် ကမ္ဘာတဝှမ်းက လက်နက်ကိုင်ပဋိပက္ခကြောင့် အသက်သေဆုံးမှု အနည်းအများမှာ မြန်မာနိုင်ငံဟာ စတုတ္ထလိုက်တယ်ဆိုတဲ့ ဖေါ်ပြချက်လည်း တွေ့ရှိရပါတယ်။

အခုလို အဖြစ်အပျက်တွေမှာ ကျူးလွန်သူ လက်သည် အဖွဲ့အစည်းတွေက ရှိနေကြတာ ဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုဆို အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်တာဖြစ်ပြီး အနည်းငယ်သော သတ်ဖြတ်မှုတွေကို အခြားသော လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျူးလွန်ကြတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ စာရင်းကောက်ယူမှုအရ ၃.၆ သန်းကျော် ရှိတဲ့ စစ်ဘေးတိမ်းရှောင်မှု၊ နေရပ်စွန့်ခွာ တိမ်းရှောင်ရတာကြောင့် ဆုံးရှုံးရတဲ့ အသက်တွေ၊ ပိုင်ဆိုင်မှု ပစ္စည်းတွေ စိတ်ဒဏ်ရာတွေ၊ ပညာသင်ကြားရေး အခွင့်အလမ်းတွေ၊ ဆေးဝါးကုသခွင့် ဆုံးရှုံးမှုတွေ နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ပျက်စီးဆုံးရှုံးသွားရတဲ့ အရာတွေအတွက်တော့ အဖွဲ့အစည်းတခု လူတဦးတယောက် ဆိုတာထက် ကျယ်ပြန့်တဲ့ တာဝန်ယူမှုတွေ ရှိနေမှာ ဖြစ်ပါတယ်။

ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် အဟာရပြည့်ဝစွာ စားသောက်နိုင်ခြင်း မရှိတဲ့ အဖြစ်တွေ၊ ဆေးဝါးကုသဖို့ မစွမ်းနိုင်ကြတော့တဲ့ အဖြစ်တွေကနေ သက်တမ်းစေ့ နေထိုင်နိုင်ခြင်း မရှိဘဲ လူ့လောက ကနေ စောစီးစွာထွက်ခွာသွားကြရတာတွေ အတွက် ကုန်သွယ်ရေး မူဝါဒ၊ ပိတ်ဆို့ဖြတ်တောက်ရေး မူဝါဒ ချမှတ်တဲ့ စစ်ကောင်စီ၊ ကုန်ပစ္စည်း သယ်ဆောင်ရာ လမ်းခရီးတလျှောက် မတန်တဆ အခွန်ကောက်ယူကြတဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ရှိကြမှာ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ဆင်းရဲကြပ်တည်းသူက အများစုဖြစ်ပြီး ဆင်းရဲတဲ့ အလွှာထုထည်က သိသာစွာ ကြီးမားလာနေသလို ခေတ်ပျက်မှာ စီးပွားရှာလို့ကောင်းကြတဲ့ လူများစုရဲ့ အကြပ်အတည်းကို အခွင့်အလမ်းအဖြစ် ပြောင်းလဲယူကြတဲ့ ကောဇောအိတ်သမားတွေကလည်း အများအပြား ပေါ်ထွက်လာပါတယ်။ ရန်ကုန်၊ မန္တလေးလိုမြို့တွေမှာ စစ်ဘေးရှောင်သူတွေ တိုးတက်များပြားလာပြီး စားသောက်ကုန် ဖြစ်တဲ့ အသားငါး၊ ဟင်းသီးဟင်းရွက်တွေ ရောင်းအားနဲ့ ဝယ်အားမမျှ ဖြစ်ပြီး ကုန်စျေးနှုန်းတွေ မြင့်တက်လာနေတာကြောင့် ငြီးငြူနေကြတဲ့ သူတွေရှိသလို တညကို သိန်း ဆယ်ဂဏန်းနဲ့ ကလပ်တွေ၊ ဘားတွေ မှာ သုံးစွဲနေကြတဲ့ သူတွေလည်း အလွှာတခု ရှိလာပါတယ်။

စစ်ပွဲကြောင့် လူတွေ ဒုက္ခရောက်ကြရသလို စစ်ပွဲနဲ့ စီးပွားဖြစ်သူတွေ လူနည်းစုအလွှာတလွှာလည်း ပေါ်ထွက်လာပါတယ်။ လက်နက်ခဲယမ်း မှောင်ခိုကုန်ကူးသူ၊ လက်နက်ပွဲစားလုပ်သူ၊ စစ်ပွဲ နဲ့ စစ်မှုထမ်း ဆင့်ခေါ်မှုကို အကြောင်းပြုပြီး ငွေညှစ်တာ၊ ဖမ်းဆီးပြီး ငွေပေးမှ ပြန်လွှတ်ပေးတာတွေနဲ့ စီးပွားဖြစ်ကြတဲ့ အလွှာလည်း အဆင့်မြင့် အရာရှိတွေက စလို့ ရပ်ကွက်ကျေးရွာအဆင့်ထိ အဆင့်ဆင့် ခြိမ်းခြောက်ငွေညှစ်ပြီး ချမ်းသာလာကြတာတွေက စစ်ပွဲနဲ့ စီးပွားရေးလုပ်သူတွေ၊ အာဏာ အလွဲသုံးစားလုပ်ပြီး ငွေကြေးနဲ့ လဲလှယ်သူတွေ ဖြစ်ကြပါတယ်။

စစ်ပွဲတွေရဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို တိုင်းတာတဲ့ နည်းစနစ်တွေ၊ ကျယ်ပြန့်လှတဲ့ လူဦးရေ နယ်မြေတွေကို စာရင်းကောက်ယူ တိုင်းတာနိုင်တဲ့ အနေအထားလည်း မရှိသေးပါဘူး။ စစ်ပွဲတွေဟာ သူသေ ကိုယ်သေ တိုက်ခိုက်နေကြသလို ကြားလူရယ်လို့ သတ်မှတ် ငဲ့ညှာခြင်း မရှိဘဲ၊ မိမိတို့ကို ထောက်ခံသူမဟုတ်ရင် ရန်သူနဲ့ ရန်သူကို အားပေးကူညီသူရယ်လို့သာ သတ်မှတ်ကြတာမျိုး ဖြစ်ပါတယ်။

၅ နှစ်ထဲကို ဝင်ရောက်လာပြီ ဖြစ်တဲ့ အာဏာသိမ်းမှုနဲ့ ပြည်တွင်းစစ်ပွဲကာလ အတွင်း အမျိုးမျိုးသော ထိခိုက် ဆုံးရှုံးမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ နဲ့ အငတ်ဘေး၊ ဆင်းရဲနိမ့်ကျမှု လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ နိုင့်ထက်စီးနင်း လုပ်ဆောင်မှုတွေက ဘယ် သတင်းမီဒီယာ၊ ဘယ်သမိုင်းပြုစုသူတွေမှ မှတ်တမ်းတင်ကောက်ယူ နိုင်စွမ်းရှိမှာ မဟုတ်တဲ့ အခြေအနေလည်း ဖြစ်နေတာကို ဝမ်းနည်းဖွယ် တွေ့မြင်နေရတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar