Breaking News

မိုးဉာဏ်(မန္တလေး) - ထိုတနေ့

Art- Aung Htet 
ထိုတနေ့
မိုးဉာဏ်(မန္တလေး)
(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၅


ငွေယားလေးရွှင်တဲ့တနေ့
အမေ့ကိုငွေလွှဲလို့ ...

မျှစ်ချဥ်ပေါင်ကြော်၊ ပဲရေဗွကြော်
ငါးခြောက်ငရုပ်သီးကြက်သွန်ကြော်
အထက်ပိုင်းစည်တို့ဗူး၊ ရေဦးပဲငါးပိချက်

ခံတွင်းတွေ့လို့ 
တောင်းဆိုမိချင်ရဲ့ ...

အမေက 
ဆန်စေ့လေး ဝါးလိုက်
ဆားမှုန့်လေး ခပ်များများ ထည့်လိုက်
လက်နှီးစုတ်လေး ပျောက်လိုက်နဲ့
အဝေးရောက် ထမင်းဝိုင်းအတွက်
ပီတိဖြစ်ပြီး ကြော်လှော်နေမှာ

အမေရှိတယ်
အိမ်ရှိတယ် ဆိုတဲ့ စိတ်နဲ့
ကျွန်တော် ဘယ်လမ်းမှ မကွေ့ဖြစ်ပါဘူး

စစ်ကြီးပြီးရင် 
အချစ်ကြီးချစ်ပြမယ်၊ အမေ။

-
 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar