Breaking News

ဖလော်ဒါဟန် - ရှစ်လေးလုံး

ဖလော်ဒါဟန် - ရှစ်လေးလုံး

မိုးမခ၊ ဩဂုတ် ၁၀ ၊ ၂၀၂၅


မန္တလေးမြို့ပေါ်မှာ ကြီးပြင်းရတဲ့ ကျွန်မအတွက် ၈၈၈၈ ဆိုတာ မမေ့နိုင်တဲ့ ပုံရိပ်တွေပါပဲ။

သေနတ်သံတွေ ဆူညံ‌နေတဲ့ ညတွေ မြန်မာ့စီးပွား‌ရေးဘဏ် ၁ ပေါ်ကနေ ဆုံလည် ဆလိုက်‌မီးလုံးကြီး မီးရောင်နဲ့ ရှေ့တိုးလာတဲ့ ကျောင်းသားများကို ထိထိမိမိ ပစ်သတ်ခဲ့တဲ့ နေ့ရက်နာရီစဉ်အထက် ၂၆-ဘီ လမ်းမှာ သွေးစွန်းခဲ့တဲ့နေ့ရက်များ။

ကျောင်းသားပေါင်းစုံ ခုခံရင်း နယ်စပ်တွေ ရောက်သွားကြရတဲ့အချိန် အိမ်တအိမ်မှာ ပြန့်ကြဲနေတဲ့ကျောင်းသားအများစုရဲ့ အဝတ်အစားတွေနဲ့ အသုံးအဆောင်တွေ၊ ဝမ်းနည်ဖွယ် ဆွေမျိုးသားချင်းများရဲ့ ပုံရိပ်။

၈၈၈၈ ဆိုတာ မန္တလေးမြို့ပေါ်က ဒေသခံတွေ မျက်ရည်ကျခဲ့ရတဲ့ နေ့ရက်ဆိုးများ။

ရေဒီယိုကနေ တပ်မတော်သီချင်းကို အဆက်မပြတ်ဖွင့်ပြီး ရွေးကောက်ပွဲကို လျစ်လျူရှု အာဏာသိမ်းခဲ့တဲ့ စစ်တပ်။

မျက်ဝါးထင်ထင် အလယ်တန်းကျောင်းသူအရွယ် ကျွန်မရဲ့ မျက်စိရှေ့မှာ ကမ္ဘာပျက်သလို လူ့ဘဝတွေ ပျက်ခဲ့ရတဲ့အချိန်။

ညနေ ၄ နာရီဝန်းကျင်လောက်မှာ အဖေ့ ပြန်လာမယ့်လမ်း အန္တရာယ်ကင်းပါရဲ့လားဆိုတာ စောင့်မျှော်ရင်း စိုးရိမ်စိတ်နဲ့ မိသားစုအိမ်ပြန်ချိန်။

ကျောင်သွားရင် လက်နက်ကိုင် စစ်သားတွေ ကျောင်းရှေ့မှာ လုံခြုံရေးယူခဲ့တဲ့ ပုံရိပ်က ကျွန်မတို့အမျိုးသမီးထုအတွက် အမုန်းတရားပါ တိုးလို့ဆင့်။ 

အဒေါ်တွေ၊ အမေတို့ တီးတိုးပြောနေကြတဲ့ ကျောင်းသားတစုရဲ့အခြေအနေ။

ကျွန်မ မမေ့နိုင်တဲ့ အရိပ်တွေက ယနေ့အချိန်အထိ ဘောင်ခတ်နေသလိုပါဘဲ။

ယခုလို ဝါတွင်းကာလ မိသားစုကိုးကွယ်တဲ့ သံဃာလည်း ပုန်းလျှိုးကွယ်လျှိုး ရှောင်တိမ်းရတဲ့ နေ့ရက်များမှ စစ်ဖိနပ်ခြေသံကို ကျွန်မနားစွင့်ရင်း အိပ်မပျော်တဲ့ည။

၈၈၈၈‌ ဆိုတာ အရေးအခင်းဖြစ်သလို အာဏာရှင်ရဲ့ ရက်စက်မှုကို လူထုအားလုံး မျက်ဝါးထင်ထင်သိနိုင်တဲ့ ကာလများ

လူထုခေါင်းဆောင်ပါဝင်လာတဲ့ မြန်မာလူထုရဲ့ဘဝတဆစ်ချိုး ပြောင်းလဲမှူကြီး။

သွေးမြေကြသလို ဝေးမနေကြတဲ့ နိုင်ငံအရေးမှာ တရားသောစစ်ဆိုတာ မြန်မာစစ်တပ် ဟစ်ကြွေးနေတဲ့ အလိမ်အညာ‌တွေ ဆိုတာ ပြည်သူကောင်းကောင်းသိလာခဲ့ရတဲ့အချိန်။

ယနေ့အချိန်မှာတော့ နွေဦးတော်လှန်ရေး ရဲဘော်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်များရဲ့ ပြည်သူတွေအတွက် တရားသောစစ်ဆိုတာ လက်တွေ့ဘဝ။

ပြည်သူ့အားလုံးရဲ့ တကယ့်အစစ်အမှန် တရားသောစစ် အောင်မြင်ရမည်ဟူသော ဟစ်ကြွေးသံ။

ပြည်သူအတွက် ဘယ်တော့မှ ဖျောက်လို့မရတဲ့ သမိုင်းမှတ်တိုင်။

ယနေ့အချိန်အထိ မမေ့နိုင်တဲ့ ၈၈၈၈ ကာလများဆီက ပုံရိပ်များကို မှတ်တမ်းတင်ရင်း။

၈၈၈၈ ပြတိုက် ဆိုတာ သမိုင်းလည်းဝင်၊ သမိုင်းလည်း တင်ခဲ့လို့ မသမာသူတွေရဲ့ လက်ထဲမှာ‌ ပျောက်ကွယ်မသွားဖို့ ဝိုင်းဝန်းထိန်းသိမ်းကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar