Breaking News

မောင်တူး - ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၂၄ နှစ်

 

မောင်တူး - ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၂၄ နှစ်

မိုးမခ ၊ စက်တင်ဘာ ၆ ၊ ၂၀၂၆ 


"ဘဝမှာ

လေးငါးခြောက်ခုမလိုပါဘူး

နှစ်ခုပဲ

ချစ်သူစစ်စစ်နဲ့ ရန်သူစစ်စစ်

ဒီနှစ်ခုပဲ" 

မောင်ချောနွယ်

ဗမာပြည်သား ကဗျာဆရာ

(၁၉၄၉ -၂၀၀၂)

ဒါဟာ တော်လှန်ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်တဲ့ အမှတ်တရ ကျောက်တိုင်က ကဗျာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ မိတ်ဆွေ မစစ်တာတွေ ရန်သူ မစစ်တာတွေကို တွေ့နေကြရဘူးမှာပါ။ ဆရာမောင်ချောနွယ်ရဲ့ အထက်ပါ ကဗျာဟာ ဒီအချက်ကို ရည်ညွှန်းတာပါ။ သူဟာ ၂၀၀၂ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က ကွယ်လွန်ခဲ့တယ်။ နှစ်စဉ် သူကွယ်လွန်တဲ့ နှစ်ပတ်လည်အဖြစ် ကဗျာဆရာတွေက အမှတ်တရပွဲတွေ ကျင်းပလေ့ရှိတယ်။ မောင်ချောနွယ်အမှတ်တရ စကျင်ကျောက်သားပေါ်မှာ အထက်ကအတိုင်း ကဗျာစာသားရေးထွင်းပြီး လွမ်းမောဖွယ်ရာ မှတ်တိုင်အဖြစ် ပြည်မြို့ရွှေဆံတော်စေတီအနီး ထားရှိတယ်။ ၂၀၂၆ စက်တင်ဘာ ၃ ရက်မှာ ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခဲ့တာ ၂၄ နှစ် တောင် ရှိပြီပေါ့။

ကြွေဒါကိုက ပွင့်ခြင်းပဲ

ပန်းဆိုတာ

ကြွေဒါကိုက ပွင့်ခြင်းဘဲ။

တပွင့်ချွေရင်

တပွင့်ဝေလွင်နေမှာဘဲ။

နှစ်ပွင့်ချွေရင်

နှစ်ပွင့် ဝေလွင်နေမှာဘဲ။

ကဲ ….. ခြွေစမ်းပါဦး

လေရူးလေနော့ ၊ သော့နှင်မဆုံး

လေသင်ဓုန်းလား ၊ မုန်တိုင်းလားဘဲ

တအားတိုက်စမ်း ၊ ချွေစမ်းပါဦး

ပန်းအဖူးတွေ၊ မြေမှာကြွေအောင်

မွချွေစမ်းပါ၊ မမှုပါဘူး

ကြွေဒါကိုက ပွင့်ခြင်းဘဲ။

ပန်းအဘိဓမ္မာ

ဒါပါပဲလေ၊ ချွေလို့ ကြွေကြွေ

ကြွေလို့ နေနေ ၊ ကြွေဒါကိုက ပွင့်ခြင်းဘဲဟေ့။ ။

(မောင်ချောနွယ်)

တော်လှန်ကဗျာတွေကို ရေးသားရာမှာ ၁၉၆၉ ဒီဇင်ဘာလ သမဂ္ဂစာပေက ထုတ်ဝေတဲ့ တော်လှန်ကဗျာစာအုပ်မှာ ရေးတဲ့ "ကြွေတာကိုက ပွင့်ခြင်းပဲ" ဆိုတဲ့ကဗျာဟာ ထင်ရှားတယ်။ 

"စက်ရုပ်လို

မလှုပ်ရှားချင်ပါဘူး

မုသားနိုင်ငံမှာ အပြန်တရာသေပါစေ

အမှန်အတွက် တိုက်ပွဲဝင်မယ်"

စတဲ့ သူ့ရဲ့ တော်လှန်ကဗျာတွေကိုလည်း သူ့လက်ရာဖြစ်တဲ့ ရေခဲပန်းနုမှာ တွေ့ရတယ်။ မောင်ချောနွယ် (၁၅ အောက်တိုဘာလ ၁၉၄၉ – ၃ စက်တင်ဘာ ၂၀၀၂) ကို ၁၉၄၉ ခုနှစ်က ရန်ကုန်မှာ မွေးခဲ့ပြီး ပြည်မြို့မှာ နေထိုင်ခဲ့တယ်။ ဖခင်က နယ်ပိုင်ကြီး ဦးကျော်မြင့် ဖြစ်ပြီး၊ မိခင်ဟာ မင်းကတော် ဒေါ်သန်းသန်းဖြစ်တယ်။ နာမည်ရင်း မောင်ထင်ဝင်း‌ကျော် ဖြစ်ပြီး အထက်တန်းအောင်ပြီး ဘွဲ့ရတဲ့အထိ ပညာမသင်ခဲ့ပါ။ ၁၉၆၇-၆၈ ကာလတွေမှာ သူဟာ ကဗျာစရေးပြီး ရုပ်ရှင်ပဒေသာ၊ လျှို့ဝှက်သည်းဖို စတဲ့ မဂ္ဂဇင်းတွေကို ပေးပို့ခဲ့တယ်။ မောင်ချောနွယ်ဟာ မော်ဒန်ကဗျာကို ဦးဆောင်ခဲ့သူတယောက်ဖြစ်ပြီး အောင်ချိမ့်၊ ဖော်ဝေး တို့နဲ့ တွဲဖက် ၃ ဦးရေးသားခဲ့တဲ့ သစ်ရွက်အသေများပေါ်က ရက်စက်သော ဂီတဟာ အထူးထင်ရှားတဲ့ ကဗျာစာအုပ်ပါ။ မြန်မာ့ ခေတ်ပေါ် ကဗျာသမိုင်းမှာ အရေးပါဆုံး ကဗျာဆရာရယ်လို့ သတ်မှတ်ခံရသူလည်းဖြစ်ပါရဲ့။

ခေါင်းစဉ်မဲ့ (၃)

ဘယ်လိုပျော်ရမလဲကွယ်

တယောက်နဲ့တယောက်ခေါ်သံတွေမှာ

ရန်ဓာတ်တွေပါလာခဲ့ပြီ။

ဘယ်လိုထိတွေ့ရမလဲကွယ်

ဘယ်လိုစီးဆင်းပေးရမလဲကွယ်

ငါ့မြစ်ကလေးကို ရပ်တန့်ပေးရတော့မလား။

နက်နက်တူးပြီး

စိပ်စိပ်စိုက်ခဲ့ပါတယ်

ရိတ်သိမ်းစရာကောက်ပဲသီးနှံများ မရှိတော့ပါ။

ရပ်တည်ချက်မှန်ကန်ခဲ့ပါတယ်

အပေးအယူအပြန်အလှန်တွေ

မရရှိခဲ့ပါ။

ဖွဲ့စည်းပုံပျက်သွားခဲ့ပြီ

မနက်ကငှက်မြည်သံလေးမှာ

အခါတိုင်း အခါတိုင်းလို

သယံဇာတတွေ မပါတော့ပါ။

ဆောင်းဆိုလည်း ဆောင်းပေါ့

မိုးဆိုလည်း မိုးပေါ့

နွေဆိုလည်း နွေပေါ့

ခုတော့

ဒေါင်းလည်းမဟုတ်

စာကလေးလည်းမဟုတ်

ရုတ်ချည်းရုတ်ချည်းတွေ ညှိုးငယ်ပေးရ

ထိကရုန်းပင်ကလေး ဖြစ်ခဲ့ရပါပြီ။

ထိကရုန်းပင်ကလေးမှာ

အသဲတွေကြီးခဲ့ရပါပြီ မောင့် "ဂုစတီနာ" ရယ်။ ။

(မောင်ချောနွယ်) စတိုင်သစ်မဂ္ဂဇင်း

မောင်ချောနွယ်ဟာ သီချင်းတွေကိုလည်း ရေးစပ်ခဲ့ဖူးသတဲ့။ ၁၉၈၀ ပြည့်ဝန်းကျင်က ခင်ဝမ်း၊ ကိုနေဝင်း တို့နဲ့အတူ ကိုယ်ပိုင်သံစဉ် သီချင်းတွေ ရေးစပ်ဖူးတယ်။ နှစ်ပါးခွင်သီချင်းတွေကို မန္တလေး သိန်းဇော် အတွက် ရေးပေးဖူးတယ်။ ၁၉၉၁၊ ၁၉၉၂ မှာ ဇာတ်မင်းသား မိုးဝင်းအတွက် နှစ်ပါးသွားသီချင်းတွေ၊ စတေ့ချ်ရှိုးသီချင်းတွေ ရေးပေးခဲ့တယ်။ 

"သီချင်းက အသံထွက်ပစ္စည်းတခု ဖြစ်တယ်ဆိုတော့ သူလည်းကဗျာပါပဲ။ ကဗျာမှာအသံရှိတယ်၊ သီချင်းမှာလည်းအသံရှိတယ်" လို့ အင်တာဗျူးတခုမှာ ဖြေခဲ့ဖူးတယ်။ 

နွေဦးသစ်သီးသစ်များ

ငါ့သီချင်းလေးနဲ့သာ

ငါ့လှေကလေး ငါလှော်ခဲ့၊

ငါ့အသက်ကလေး

ငါထွန်ယက်ခဲ့၊

ငါ့ဥစ္စာထုပ်ကလေး ဘယ်မလဲ

ငါရောက်ခဲ့၊

ရမှရောက်တယ် ငါသိခဲ့၊

ငါ့ဥစ္စာထုပ်ကလေး ရှိပါရဲ့

ဘယ်မလဲ

ငါရခဲ့

ရောက်မှရတယ် ငါသိခဲ့၊

ငါရခဲ့

အဲဒါ အရှုံးလား

အရှုံးကို ခံယူတယ်။

ဒါဟာ

ငါ့မီးလျှံ

ငါခုန်ဆင်း

ငါ့ယာခင်းတွေ ပူလှသည်

ဒါဟာ

ငါ့မီးလျှံ

ငါခုန်ဆင်း

အဆုံးတွေ ဆင့်ဆင့်ရလွန်းခဲ့

ငါ့ယာခင်းတွေ ပူလှချည့်

ငါထွန်ယက်ခဲ့

ရလည်းရတယ်

ရောက်လည်းရောက်တယ်

ပေါက်ပွင့်နီရဲ

ဒိုင်းကနဲပေ့ါ

နွေကို ရဲရဲဖွင့်လိုက်ပြီ။

ဒါဟာ ငါ့မီးလျှံ

ဒါဟာ ငါ့ဥစ္စာထုပ်

ဒါဟာ ငါ့ယာခင်း

ငါ့နွေပြတင်းမှာ ရွှေရည်ရွှေအဆင်းတွေ

လင်းတော့မယ်။ ။

(မောင်ချောနွယ်)

၂၀၂၆ စက်တင်ဘာ ၃ ရက်ဟာ မောင်ချောနွယ် ကွယ်လွန်ခဲ့တာ ၂၄ နှစ်မြောက်ပါ။ လူတယောက်ရဲ့ တန်ဖိုးဆိုတာဟာ ဆိုပြီး ဆရာကြီး ဗန်းမော်တင်အောင် ပြောခဲ့သလိုပါပဲ။ လူတယောက် ကွယ်လွန်ပြီးချိန် ၂၄ နှစ်ကြာမှာတောင် သူ့ကို သတိတရ ရှိနေကြတာက သူ့ရဲ့ တန်ဖိုးကို မှန်းဆကြည့်နိုင်ပါတယ်။ အခုလို ဆရာချောရဲ့ နှစ်ပတ်လည်မှာက လွတ်လပ်တဲ့ ကာလတွေမှာဆို အမှတ်တရပွဲကို မုံရွာ၊ ရန်ကုန်၊ ပြည် စသဖြင့် မြို့တွေမှာ ပြုလုပ်ကြလေ့ရှိတာပါ။ အခုအခါ စစ်အာဏာခေတ် ဆိုတော့ လွတ်လွတ်လပ်လပ် လုပ်ခွင့် ရနိုင်ပါ့မလား။ 

မုံရွာက အညာသားလေး မင်းဆွေနှစ်ရေ

မင်းရဲ့ ဆူပါရုဖ်ကားလေးနဲ့ ငါ့ကို

မုံရွေးကြေးမုံကို ပို့ပါကွယ်

အဲဒီမှာ ဆရာကြီးမှိုင်းရဲ့ တော်လှန်ကဗျာတွေ ရှိတယ်ကွဲ့

တော်လှန်ကဗျာဆရာကြီး

တော်လှန်သောကဗျာတွေ အပွင့်ဆန်း

ချောင်းနံဘေးမှာ အောင်ချမ်းသာ ဇီးသီး (ဆီးသီး) လေးဘာလေး

စားရင်း

သူများမကောင်းကြောင်း ကိုယ့်မကောင်းကြောင်း

ကမ္ဘာကြီးမကောင်းကြောင်းတွေ ပြောကြတာပေါ့ကွာ။

(မောင်ချောနွယ်ရဲ့ ဟန်သစ်မဂ္ဂဇင်းပါ ညီမလေးမမြင့် ကဗျာမှ)

ဆရာချောဟာ သူ့ခေတ်အခါက မင်းတပါးလို တန်ခိုးထွားခဲ့တဲ့ ပဲခူးတိုင်း ပြည်မြို့က မြို့ပိုင်မင်းကြီးရဲ့သားပါ။ သူအထက်တန်းအောင်ပေမဲ့ ဘွဲ့မရခဲ့တာကို ပြောပြခဲ့ပြီးပါပြီ။ သူဟာ ဆရာနိုင်မြန်မာလို ဘွဲ့ရဖို့ထက် ကဗျာဆရာ၊ သီချင်းရေးဆရာပဲ ဖြစ်ချင်ခဲ့သူပေါ့။ ဆရာချောက သူ့အဖေကို ပြောဆိုခဲ့တဲ့ စကား နားထောင်ကြည့်ပါ။ ဆရာချော ၁၀ တန်းအောင်တော့ သူ့အဖေက ဗိုလ်သင်တန်းတက်ဖို့ ပြောတာကို (ကမ္ဘာကျော် မြို့ပိုင်မင်းကြီးဆိုတာ မရှိဘူးတဲ့၊ နိုင်ငံကျော် ကမ္ဘာကျော် စာရေးဆရာတွေ ကဗျာဆရာပဲရှိတယ်) လို့ ပြောခဲ့တာကို ဆရာချောရဲ့ ဇနီးက ပြန်ပြောပြခဲ့ပါတယ်။ 

ကံကောင်းပြီး 

သူဌေး ဖြစ်ချင်ဖြစ်မယ်။ 

ကံကောင်းပြီး 

ကဗျာဆရာမဖြစ်ဘူး။ ။ (မောင်ချောနွယ်)

ကဗျာဆရာ မိုဃ်းဇော်က ဆရာချောဟာ စိတ်လက် ပေါ့ပါးနေတတ်သူတယောက် ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။ သာမန် နေထိုင် သွားလာ စားသောက် နေ့စဉ်ဘဝကို ဖြတ်သန်းရင်းက စိတ်ကူးရလာတာနဲ့ စာရွက်တရွက် တောင်းပြီး တထိုင်တည်းမှာ ကဗျာတပုဒ် ဖြစ်အောင် စပ်သူလို့ မေးမြန်းခန်းတခုမှာ ပြောခဲ့ပါတယ်။ ကျနော်တွေ့ဖူးတဲ့ ကဗျာဆရာကြီး တင်မိုးနဲ့ တူလှပါတယ်။ လက်ဖက်ရည်သောက်ရင်း စကားပြောရင်းက ဆရာတင်မိုးကလည်း စာအုပ်ဆွဲပြီး ကဗျာရေးသူပါ။ ဆရာမောင်ချောနွယ်ဟာ စာကြီးပေကြီး သမားတွေလို ကိန်းကြီးခန်းကြီး စာအုပ်ထူကြီးတွေ ဖတ်နေလေ့မရှိ။ စာအုပ်ပုံကြား ပျောက်မနေ။ ခပ်ပါးပါး စာတအုပ် ၂ အုပ်လောက်ပဲ သူ့ထံမှာ တွေ့လေ့ရှိတယ်လို့ ဆရာမိုဃ်းဇော်က ပြောခဲ့ပါတယ်။

အနီးစခန်းက ညီလေး မြတ်ပေါ်ဦးရေ

မင်းရဲ့ ဂန္ဓမာပန်းခြံထဲမှာ ဂစ်တာတလုံးနဲ့

မာယာကော့စကီရဲ့ ကဗျာတွေရွတ်ရင်း

ကဗျာဆရာကွယ်လွန်ရင်

ကဗျာနဲ့ ကဗျာနဲ့ သရဏဂုံတင်ရတယ်ဆိုတာ

ငါပြောခဲ့တယ်လေ

မင်းကောင်းကောင်းမှတ်မိမှာပါ။

(မောင်ချောနွယ်ရဲ့ ဟန်သစ်မဂ္ဂဇင်းပါ ညီမလေးမမြင့် ကဗျာမှ)

တော်လှန်ကဗျာမှာ မောင်ချောနွယ်ရဲ့ ပြည်သူ့အတွက် ကဗျာလက်ရာတွေကို နေရာစုံမှာ မြင်နေရတယ်။ ဒါကြောင့်လည်း သူ့ကွယ်လွန်ခြင်း ၂၄ နှစ်ပြည့်မှာ ဒီစာကို ရေးနေရတာပေါ့။ ရေးသင့်လို့ ရေးရဦးမယ် ဆိုသလို ရေးထိုက်လို့ ရေးရဦးမယ် ဆိုသလိုပါပဲ။ ခပ်စောစောပိုင်း နှစ်တနှစ်က ပြည်မြို့က ဆရာချောရဲ့  နှစ်ပတ်လည် ပွဲတခုမှာဆို ကဗျာဆရာ ငြိမ်းချမ်းဝေက အခုလို နှစ်ပတ်လည်ပွဲတွေ ကြိုးစားလုပ်နေရတာဟာ ကဗျာသမိုင်းမှာ ဂုဏ်ပြုသင့်သူကို မမေ့လျော့သင့်လို့ ဂုဏ်ပြုနေရတာပါလို့ ဆိုခဲ့ပါတယ်။

ကိုသန်းထွန်း မုံရွာ မီးရထားလမ်းနံဘေးက

လက်ဖက်ဆိုင် ကဖေးဆိုင်လေးမှာ

ရဲခဲ့ဘိ အစဉ်အလာနဲ့ အလံလွှင့်ထူ

ခင်ဗျားလက်နက်မချသေးဘူးမဟုတ်လား

ကျုပ် ဂုဏ်ယူတာ

ကုန်းဘောင်သူပုန် ဂဠုန်ဆရာစံ

ငုယင်ဗန်ထရွိုင်း

အတိုင်းမသိတဲ့တိုက်ပွဲမှာ ခင်ဗျားပါဝင်ခဲ့တယ်နော်

ဗိုလ်အောင်ကျော်

အို...ဟယ်ရီတန်

စီးအန်ပွက်ပွက်

သင့်သွေးစက်သည်

ခေတ်သစ်ဆီကို ရော်ရည်နိုင်စေသတည်း။

(မောင်ချောနွယ်ရဲ့ ဟန်သစ်မဂ္ဂဇင်းပါ ညီမလေးမမြင့် ကဗျာမှ)

တော်လှန်ကဗျာတွေဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့က စခဲ့တယ်လို့ ဆိုရမှာပါ။ 

"အားမတူ အန်မမျှပေမယ့်

ပြဒါးပူ ဈန်ပျံကြွသလိုပ

မတရားမူ မခံကြပုံကို" 

ဆိုရာကအစ ဆက်လက်ပြီး ဇော်ဂျီ၊ မင်းသုဝဏ်၊ ဒဂုန်တာရာ၊ တင်မိုး၊ ဒေါင်းနွယ်ဆွေ၊ ဗန်းမော်ညိုနွဲ့ အစရှိတဲ့ ကဗျာဆရာကြီးတွေနဲ့ မောင်လေးအောင်၊ ဖော်ဝေး၊ မောင်ချောနွယ်၊ လှသန်း၊ အောင်ဘညို စသူတွေအလယ် ခက်သီ၊ ကြည်လင်အေး၊ ကေဇဝင်း၊ အေစိုင်းကေ စတဲ့ ကွယ်လွန် အသက်ပေးသွားတဲ့  ကဗျာဆရာ ဆရာမတွေ၊ နွေဦးတိုက်ပွဲဝင်ဆဲ ကဗျာဆရာ ဆရာမတွေဟာလည်း ပြည်သူ့ဘက်မျက်နှာမူ ရပ်တည်ချက် ခိုင်ခိုင် နေထိုင်ခဲ့ကြပါတယ်။ သေနတ်ရှိသူက သေနတ်ကိုင်တိုက်သလို၊ ငွေရှိသူကလည်း ထောက်ပို့သလို၊ ကဗျာရှိသူတွေကလည်း တက်ညီလက်ညီ ကဗျာရေး တိုက်ပွဲဝင်နေကြတာပါ။ ဒီအချိန်မှာပဲ ဆရာချောရဲ့ကဗျာတွေကလည်း နွေဦးကို ခွန်အားပေး လောင်စာဆင့်ပေးနေကြပါတယ်။

တော်လှန်ရေးသမား

မြေကြီးထဲမှာ မြုပ်နေပါလဲ

ကျောက်ခဲဟာ ကျောက်ခဲ

မာသည်ဘဲလေ။

မြေကြီးပေါ်မှာ ရောက်နေပါလဲ၊ 

ကျောက်ခဲဟာ ကျောက်ခဲ

မာသည်ဘဲလေ ။ ။             (မောင်ချောနွယ်)

ဆရာမောင်ချောနွယ်ကို ကဗျာဆရာ သစ္စာနီက ဆရာချောကွယ်လွန်တဲ့ နှစ်ပတ်လည်ပွဲတခုမှာ အခုလို ပြောခဲ့ဘူးတယ်။

(၁၉၇၀ ပြည့်နှစ်တဝိုက်မှာ ထူးထူးခြားခြား မော်ဒန်ကဗျာ ဆိုတဲ့ ခေတ်ပေါ်ကဗျာ ပေါ်ထွန်းလာပါတယ်။ အဲဒီခေတ်ပေါ်ကဗျာလမ်းကြောင်းမှာဆိုရင် ကိုချောနွယ်ဟာ ထိပ်ဆုံးကပါတဲ့ လူတယောက်လို့ သတ်မှတ်ထားလို့ ရပါတယ်။ သူ့ကဗျာတွေဟာ အသံသာတယ်၊ မော်ဒန်ကဗျာဆိုပေမဲ့ နားလည်ရမခက်ဘူး၊ နားလည်လွယ်တယ်။ အခု ခေတ်ပေါ်ကဗျာကနေ ခေတ်ပြိုင်ကဗျာဆိုပြီး ပေါ်ထွန်းလာပါပြီ။ ခေတ်ပေါ်ကဗျာဆိုတာကလည်း အခုလက်ရှိ ထင်ပေါ်နေပေမဲ့ မကြာခင် ဖယ်ပေးချင်လည်း ဖယ်ပေးရမှာပါပဲ။ ဒါကတော့ ကဗျာနဲ့ ပတ်သက်တဲ့ သံဝေဂပါ။ ကိုချောကဗျာတွေက ခေတ်ပြိုင်လူငယ်တွေ အလေးထားဖတ်ရှုရမဲ့ထဲမှာ ထိပ်ဆုံးကပါတဲ့ ကဗျာတွေပါ။ ပြောရမယ်ဆိုရင် ဂန္ထဝင်ကဗျာမရှိဘဲနဲ့ ခေတ်စမ်းကဗျာဆိုတာ မဖြစ်လာနိုင်ပါဘူး။ ခေတ်စမ်း ကဗျာမရှိဘဲနဲ့ ခေတ်ပေါ်ကဗျာ မဖြစ်လာနိုင်ပါဘူး။ အဲဒီလိုပဲ ခေတ်ပေါ်ကဗျာမရှိဘဲနဲ့ ခေတ်ပြိုင်ကဗျာဆိုတာလည်း ဖြစ်နိုင်စရာအကြောင်း မရှိပါဘူး။ ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနမှာ ခေတ်ပေါ်ကဗျာတွေနဲ့ ပတ်သက်ပြီး သင်ကြားနေပြီလို့ ကြားရပါတယ်။ သင်တဲ့အခါမှာလည်း ကိုချောကဗျာ တော်တော်များများကို အဓိကထား သင်နေတယ်လို့ ကြားရပါတယ်။ ဒါဟာ ဝမ်းသာစရာပါ။) လို့ ပြောခဲ့တယ်။

ဝမ်းမနည်းဘူး

မျက်ရည်မကျဘူး

ဘယ်အရာမှ အလကားမရဘူး

ဒဏ်ရာတွေလည်း အလကားမရဘူး

ဒုက္ခတွေလည်း အလကားမရဘူး

ဘယ်အရာမှ အလကားမရဘူး။ ။ (မောင်ချောနွယ်)

၂၀၂၆ စက်တင်ဘာ ၃ ရက်ဟာ ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်တဲ့ ၂၄ နှစ်မြောက်ပါ။ သူဟာ ကဗျာစာအုပ် ၁၀ အုပ်လောက် ထုတ်ခဲ့သူပါ။ အခုနောက်ဆုံး မောင်ချောနွယ် ကဗျာပေါင်းချုပ်ဆို ရောင်းမလောက်အောင် ဖြစ်နေသတဲ့။ ပြည်သူ့ တော်လှန်ကဗျာဆရာကို ပြည်သူက ချီးမြှောက် ဂုဏ်ပြုကြတာလေ။ အခုနွေဦးတော်လှန်ရာမှာလည်း ဆရာချောရဲ့ ကဗျာတွေက ကျားကန်ပေးနေသလိုပါပဲ။ "ဘယ်အရာမှ အလကားမရဘူး" ဆိုတဲ့ သူ့ကဗျာလိုပဲ နွေဦးမှာ ထိုက်ထိုက်တန်တန် ရင်နှီးပြီး ခွန်အား သတ္တိ သတိ လုံ့လ စိုက်ထုတ်ပါမှ အောင်မြင်မှာ ဖြစ်ပါတယ်။ ။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar