ဂါဇာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ကမ္ဘာကြီးအတွက် သင်ခန်းစာ
မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၆ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၇၊ ၂၀၂၅
ဂါဇာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ကမ္ဘာကြီးအတွက် သင်ခန်းစာ
မြန်မာနိုင်ငံမှာ ၁၀၂၇ စစ်ဆင်ရေးလို့ ခေါ်တဲ့ အောက်တိုဘာ ၂၇ ရက်မတိုင်ခင် ရက် ၂၀ တိတိအလို အောက်တိုဘာ ၇ ရက်နေ့မှာ ကမ္ဘာ့အရှေ့အလယ်ပိုင်း ဂါဇာကမ်းမြောင်ဒေသမှာ ရှိတဲ့ ဟားမားစ် စစ်သွေးကြွအဖွဲ့တွေက ဂါဇာနဲ့ အစ္စရေးလ်နယ်နိမိတ်ကို ခြားထားတဲ့ တံတိုင်းတွေကို ဘူဒိုဇာနဲ့ ဖျက်ဆီးတာ၊ ပါရာမော်တာလို့ခေါ်တဲ့ စက်ပန်ကာတပ်ထားတဲ့ လေထီးတွေနဲ့ အစ္စရေးလ်ထဲ ထိုးဖောက်ဝင်ရောက်ပြီး လုံခြုံရေးတွေရော အရပ်သားတွေကိုပါ ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့သလို ဂီတပွဲတော်တခု ကျင်းပနေတဲ့ လူစုလူဝေးကိုလည်း မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်ပြီး ဓါးစာခံ ၂၀၀ ဝန်းကျင်ကို ဖမ်းဆီးကာ ဂါဇာကမ်းမြောင်ဘက်ကို ခေါ်ဆောင်ခဲ့ကြပါတယ်။
အဲဒီရက်က စလို့ အစ္စရေးလ် ဝန်ကြီးချုပ် နေတန်ရာဟုက အစ္စရေးလ် ကာကွယ်ရေး တပ်ဖွဲ့ IDF ကို အသုံးပြုပြီး ဂါဇာဒေသက ဟားမားစ် အဖွဲ့ကို အပြီးတိုင် ချေမှုန်းရေးနဲ့ ဖမ်းဆီးခံ ဓါးစာခံတွေ ပြန်လည်ကယ်တင်ရေးဆိုတဲ့ ခေါင်းစဥ်အောက်မှာ စစ်ဆင်ရေးနေ့စဥ်ရက်ဆက် လုပ်ဆောင်ခဲ့တာ ခုဆိုရင် ၁ နှစ်နဲ့ ၁၀ လတိုင်ရှိနေပြီဖြစ်ပါတယ်။ သတင်းတွေ စောင့်ကြည့်နေသူတွေ အနေနဲ့ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ အခု ရေးပြတဲ့ အဖြစ်အပျက်တွေအားလုံး သိရှိပြီးဖြစ်ပါလိမ့်မယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်း ၂ သန်းကျော် နေထိုင်နေကြတယ်လို့ ပါလက်စတိုင်း အုပ်ချုပ်ရေးအာဏာပိုင် စာရင်းတွေအရ သိရှိရပြီး အစ္စရေးလ်ရဲ့ ၁ နှစ်နဲ့ ၁၀ လအတွင်း လေကြောင်းနဲ့ မြေပြင် တိုက်ခိုက်မှုတွေကြောင့် သေဆုံးရှုံးရတဲ့ ပါလက်စတိုင်း အရပ်သား ၅သောင်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ ဟားမားစ် အဖွဲ့ဝင် ဘယ်လောက်သေဆုံးတယ်ဆိုတာ ခန့်မှန်းခြေ ရော စာရင်းဇယားအရ တိတိပပ မသိနိုင်ပေမယ့် အရပ်သား ၅ သောင်းကျော် သေဆုံးမှု၊ ခုလပိုင်းတွေမှာ ရိက္ခာဖြတ်တောက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းတွေ အငတ်ဘေးနဲ့ သေဆုံးမှု နဲ့ ရိက္ခာလက်ခံရယူဖို့ စုဝေးနေတဲ့ လူအုပ်ကို IDF နဲ့ အမေရိကန် အကူအညီပေးရေး အဖွဲ့ ရဲ့ အချို့သောလုံခြုံရေးတွေရဲ့ ပစ်ခတ်မှုကြောင့် တရက် တရက်ကို လူဒါဇင်နဲ့ချီ သေဆုံးနေကြရတဲ့ သတင်းတွေလည်း ဖတ်ရှုနေကြရတာပါ။
အစ္စရေးလ် အစိုးရက ဂါဇာကမ်းမြောင် ဒေသကို လနဲ့ချီ ရိက္ခာ ဖြတ်တောက်ခြင်းဟာ ရိက္ခာကို လက်နက်သဖွယ်အသုံးပြုပြီး လူသားတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ အရပ်သား သောင်းနဲ့ချီ သေဆုံးတဲ့အထိ အရပ်သားနေထိုင်ရာ နေအိမ်၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦတွေ ကို IDF က ဗုံးကြဲ၊ တင့်ကားနဲ့ တိုက်ခိုက်၊ မြေပြင် တပ်တွေဝင်ရောက်စီးနင်း ဖမ်းဆီးသတ်ဖြတ်တာတွေက ICC က အစ္စရေးလ် ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို ဖမ်းဝရန်း ထုတ်ခဲ့ပေမယ့် လက်တွေ့မှာ ဖမ်းဆီးနိုင်ခြင်းတော့ မရှိပါဘူး။
စစ်ဆင်ရေး အစပိုင်းမှာတော့ အစ္စရေးလ်ရဲ့ ဂါဇာကမ်းမြောင်ကို ကျူးကျော်ဝင်ရောက်ကာ ဟားမားစ်တွေကို အကြောင်းပြကာ တိုက်ခိုက်တာ၊ သတ်ဖြတ်တာနဲ့ ဖမ်းဆီးတာတွေက ဓါးစာခံပြန်လွတ်မြောက်ရေး၊ ဟားမားစ်အဖွဲ့ကို အပြီးတိုင် ချေမှုန်းရေးအတွက်လို့ အမည်တပ်ခဲ့ပေမယ့် ဂါဇာကမ်းမြောင်မှာ အဆောက်အဦအားလုံးနီးပါး စိစိညက်ညက်ကြေလောက်အောင် ပျက်စီးနေတဲ့ အချိန်ထိ ဒီစစ်ဆင်ရေးက မပြီးဆုံးသေးတဲ့ အချက်၊ ခုရက်ပိုင်းမှာ အစ္စရေးလ်ဝန်ကြီးချုပ်ရဲ့ ဂါဇာကို အပြီးတိုင် ထိမ်းချုပ်မယ်ဆိုတဲ့ ပြောဆိုချက်ကိုကြည့်ရင် နေတန်ယာဟုရဲ့ ရည်ရွယ်ချက်က ဟားမားစ်ကို ချေမှုန်းရေး မဟုတ်တော့ဘဲ ဂါဇာကို ချဲ့ထွင်သိမ်းယူရေး ဆိုတဲ့အချက်က ပေါ်လွင်ထင်ရှားလာပြီ ဖြစ်ပါတယ်။
အစ္စရေးလ် အနေနဲ့ ပါလက်စတိုင်း ၂ သန်းကျော်လုံးကို သတ်ဖြတ်ဖို့ မဖြစ်နိုင်ပေမယ့် ဒီဂါဇာကမ်းမြောင်ကနေ ထွက်ခွာသွားအောင် အခြေအနေ ဖန်တီးနေတာက ပိုထင်ရှားလာနေတာ ဖြစ်ပါတယ်။ အလျား ၂၅ မိုင်ရှည်လျားပြီး အကျယ် ၄ မိုင်နီးပါးကနေ အများဆုံး ၇ မိုင်ခွဲလောက်သာရှိတဲ့ ဒီကမ်းမြောင်ဒေသမှာ ၁ နှစ် ၁၀ လတာ ကာလအတွင်း အကာအကွယ်မဲ့တဲ့ ပါလက်စတိုင်း အရပ်သားတွေ ၅ သောင်းကျော် သေဆုံးခဲ့ကြရတဲ့ အဖြစ်က ကမ္ဘာ့အခြားဒေသက ပြည်တွင်းစစ်၊ ကျူးကျော်စစ်တွေနဲ့ နှိုင်းယှဥ်ဖို့ ခက်ခဲပါတယ်။
အခုလို ၂ နှစ်နီးပါးကာလအတွင်း နေ့စဥ်နဲ့အမျှ ဗုံးတွေကြဲ၊ တင့်ကားတွေနဲ့ ဝင်ရောက် စစ်ဆင်ရေး လုပ်နေတဲ့ အစ္စရေးလ်ကို ကူညီပေးနေတဲ့ အမေရိကန်၊ ဂျာမနီ၊ ယူကေ အစရှိတဲ့ အနောက်ဥရောပနိုင်ငံတွေကို အရှက်တရား ရစေခြင်းငှာ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒီ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကို အထိန်းအကွပ်မရှိ ကျူးလွန်တဲ့ နေတန်ယာဟု ခေါင်းဆောင်တဲ့ အစ္စရေးအစိုးရကို အားပေးကူညီကြတဲ့ ငွေအား လက်နက်အားရှိတဲ့ နိုင်ငံကြီးတွေ အနေနဲ့ အစ္စရေးလ်ဟာ မိမိနိုင်ငံ၊ နိုင်ငံသားတွေကို ကာကွယ်ခွင့်ရှိတယ် ဆိုတဲ့ စကားလုံး တလုံးကလွဲရင် အခြားဆင်ခြေဆင်လက် မရှိဘဲ တလျှောက်လုံး ကူညီလာကြတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်က ကမ္ဘာကြီးမှာ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုတွေကို မတားဆီးနိုင်ကြတဲ့ အနေအထားကို ထင်ရှားစေပြီး ၂၁ ရာစု ခေတ်သစ်သမိုင်းမှာ ရဝမ်ဒါ၊ ကော်ဆိုဗိုတို့လို ရုပ်ဆိုးတဲ့ လူမျိုးတုံး သတ်ဖြတ်မှု တခုကို ထပ်မံ ထပ်မံမှတ်တမ်းတင်နေကြရတဲ့ အဖြစ်လို့ဆိုရင် မှားမယ် မထင်ပါဘူး။
ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အနေနဲ့ လူမျိုးတုန်း သတ်ဖြတ်မှုတွေကို အခုတကြိမ်မှာလည်း တားဆီးဖို့ ဆိုတာထက် စီးပွားရေးနဲ့ စစ်လက်နက် အတတ်ပညာတွေ လူသိရှင်ကြားထောက်ပံ့ပေးနေကြတဲ့ အခြေအနေမျိုးက ကမ္ဘာ့သမိုင်းမှာ အမည်းစက်ကြီးတခု ထပ်မံရေးခြယ်နေကြတဲ့ သဘောမျိုး ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တနှစ်ကျော် ကာလ အောက်တိုဘာ ၇ ရက် စစ်ဆင်ရေးစတင်ပြီး လပိုင်းအကြာကတည်းက အရပ်သား သေဆုံးမှုသောင်းဂဏန်း ကျော်လာချိန်ကတည်းက နိုင်ငံတကာက ဥပဒေ၊ နိုင်ငံရေးသိပ္ပံ ပညာရှင်တွေက ဒီဖြစ်ရပ်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်တယ်လို့ ပြောဆိုလာကြပေမယ့် အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ နဲ့ ဥရောပနိုင်ငံအချို့က လျစ်လျူရှုကာ အစ္စရေးလ် ကာကွယ်ရေးတပ်ဖွဲ့ကို ဆက်လက် ကူညီပေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုလတ်တလော ရိက္ခာဖြတ်တောက်မှုတွေ ရဲ့ ပုံရိပ်၊ အငတ်ဘေးကျရောက်နေတဲ့ ပါလက်စတိုင်းတွေ ရိက္ခာရရှိဖို့ စုဝေးနေတဲ့ လူအုပ်ကို မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလာချိန်မှာ ပါလက်စတိုင်း နိုင်ငံတည်ရှိခွင့်ကို အသိအမှတ်ပြုမယ်ဆိုတဲ့ ဖြေလျော့မှုတချို့ကို စတင်ပြောဆိုလာတာ ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ရဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကနေ ယူနိုင်တဲ့ သင်ခန်းစာကတော့ အိုင်တီနည်းပညာတွေ တိုးတက်ထွန်းကားပြီး ဖြစ်ရပ်တွေ မှတ်တမ်းတွေ မိနစ်ပိုင်း နာရီပိုင်းအတွင်း ကမ္ဘာအနှံ့ပျံ့နှံ့နိုင်တဲ့ ကာလမှာ အစ္စရေးလ် ရဲ့ မိမိကိုယ်ခုခံကာကွယ်ခွင့် စကားလုံး တလုံးနဲ့ ပါလက်စတိုင်း အရပ်သား ၅ သောင်းကျော် အသက်သေဆုံးတဲ့ အထိ ကျူးလွန်တဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ကမ္ဘာက ခွင့်ပြုထားကြတဲ့ အဖြစ်ပါဘဲ။
မြန်မာနိုင်ငံက ပြည်တွင်းစစ်အတွင်း အာဏာသိမ်း စစ်တပ် ရဲ့ ကျူးလွန်မှုတွေ ဖြစ်တဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ အရပ်သားတွေကို စွပ်စွဲသတ်ဖြတ်မှု၊ စစ်ဆင်ရေးတွေအတွင်း အရပ်သားတွေ အပေါ် အဓမ္မပြုကျင့်မှု၊ ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ အသက်ဆုံးရှုံးရမှုတွေကို ကမ္ဘာက ကြည့်နေနိုင်သလား မေးခဲ့ရင် ဂါဇာလို အဖြစ်အပျက်မျိုးတောင် ကြည့်နေနိုင်ကြတာကို နှိုင်းယှဥ် သဘောပေါက်နိုင်ကြဖို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြဿနာကို နိုင်ငံတကာက ဝင်ရောက်ဖြေရှင်းတာ စွက်ဖက်တာတွေထက် မိမိတို့ အင်အားနဲ့ ဖြေရှင်းနိုင်ဖို့ စဥ်းစားလုပ်ဆောင်ကြဖို့ အချိန်တန်ပြီလို့လည်း ဆိုချင်တာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar