Breaking News

သီအိုဇော် - အာဏာရှင်လက်အောက်က ရွေးကောက်ပွဲ အတုအယောင်

သီအိုဇော် - အာဏာရှင်လက်အောက်က ရွေးကောက်ပွဲ အတုအယောင်

မိုးမခ ၊ ဩဂုတ် ၆ ၊ ၂၀၂၅


အာဏာရှင်အစိုးရ (သို့မဟုတ်) အာဏာရှင်တွေ ကျင်းပပေးတဲ့ ရွေးကောက်ပွဲများဟာ လွတ်လပ်မျှတမှုတွေနဲ့ ကင်းမဲ့ပြီး၊ အာဏာကို ဆက်ဆုပ်ကိုင်ထားဖို့ နိုင်ငံတကာနဲ့ ပြည်သူကို လှည့်စားဖို့ ကြိုးစားခြင်း သက်သက်သာဖြစ်တဲ့အတွက်၊ ရွေးကောက်ပွဲ အတုအယောင်လို့ပဲ သတ်မှတ်လေ့ ရှိပါတယ်။ 

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာတော့ ကမ္ဘောဒီးယားနိုင်ငံက ရွေးကောက်ပွဲများ (အထူးသဖြင့် အခုနောက်ပိုင်းကာလ)ကို ရွေးကောက်ပွဲ အတုအယောင် ခေါင်းစဉ်အောက်မှာ ထည့်သွင်းကြပါတယ်။ ဒါ့ကြောင့် တခြားဥပမာပေးစရာ  ရွေးကောက်ပွဲ အတုအယောင်များထက်စာရင်၊ အာဆီယံဒေသတွင်းက ဖြစ်သလို  အတိုက်အခံ နိုင်ငံရေးသမားများကို ဖိနှိပ်ပြီး၊ ရွေးကောက်ပွဲဥပဒေ ပြင်ဆင်မှုတွေကိုလည်း ရေးဆွဲအသုံးချတတ်တဲ့ ကမ္ဘောဒီးယားနိုင်ငံ အကြောင်းကို ကောက်နုတ်ရေးသားလိုပါတယ်။

ဗီယက်နမ် ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကျောထောက်နောက်ခံပြု ဖွဲ့စည်းပေးထားခဲ့တဲ့ ကမ်ပူးချားပြည်သူ့သမ္မတ အစိုးရထဲမှာ ရွေးကောက်ပွဲလမ်းကြောင်းနဲ့ မဟုတ်ဘဲ၊ အသက် ၂၆ နှစ်ကျော်မှာ နိုင်ငံခြားရေးဝန်ကြီး၊ အသက် ၃၀ နှစ်ဝန်းကျင်မှာ ဒုဝန်ကြီးချုပ်၊ ၃၃ နှစ်အရွယ် (၁၉၈၅) မှာ ဝန်ကြီးချုပ် ဖြစ်ခဲ့တဲ့ ‘ဟွန်ဆန်’(Hun Sen)ဟာ ဒီကနေ့ထက်အထိ ကမ္ဘောဒီးယား နိုင်ငံရေးနယ်ပယ်မှာ ဩဇာကြီးမားသူတဦးအဖြစ် ဆက်ရှိနေပါတယ်။ သူ့ရဲ့ဝန်ကြီးချုပ် ဖြစ်စဉ်ကို ပြန်တွက်ကြည့်ရင်၊ အာဖရိတိုက်ကလွဲလို့  သူ့လောက် သက်တမ်းကြာကြာ၊ အစိုးရအဖွဲ့ အကြီးအကဲရာထူး ယူထားနိုင်ခဲ့သူ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ပါဘူး။

သတင်းဓါတ်ပုံတွေထဲမှာ မြင်ရတဲ့ သူပတ်ထားတဲ့ Patek Philippe နာရီတွေက အနိမ့်ဆုံး ဒေါ်လာတစ်သန်းကျော်တန်သလို၊ အဲဒီထက် များစွာတန်ဖိုးကြီးတဲ့ နာရီများကို စုဆောင်းတတ်သူ အသက် ၇၃ နှစ်အရွယ် ‘ဟွန်ဆန်’ဟာ သူ့မိသားစုဝင်တွေကိုလည်း မြင့်မားတဲ့ လမ်းကြောင်းတွေပေါ်ကို အကွက်ချ တွန်းတင်ပေးနိုင်ခဲ့တဲ့၊ ရည်ရွယ်ချက်ကြီးမားတဲ့ နိုင်ငံရေးသမားတယောက် ဖြစ်ပါတယ်။

တော်ဝင်ကမ္ဘောဒီးယား လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ဒုတိယအကြီးအကဲ၊ တော်ဝင် ကမ္ဘောဒီးယားကြည်းတပ်ရဲ့ ဦးစီးချုပ်၊ ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးဖြစ်ခဲ့သူ ၊ ‘ဟွန်မာနက်’(Hun Manet)ဟာ ‘ဟွန်ဆန်’ရဲ့သားဖြစ်ပြီး၊ ‘ဟွန်ဆန်’ဆီးနိတ်လွှတ်တော် ဥက္ကဋ္ဌတာဝန်ပြောင်းယူတဲ့ အခုအချိန်မှာ၊ ဖခင်ဖြစ်သူ ဆယ်စုနှစ်ပေါင်းများစွာ ရယူခဲ့တဲ့ ဝန်ကြီးချုပ်ရာထူးနေရာ လက်လွှဲယူနိုင်ခဲ့ပြီး ဖြစ်တယ်။ သူဟာ အမေရိကန် နိုင်ငံရဲ့ နာမည်ကြီး West Point စစ်တက္ကသိုလ် ကျောင်းဆင်းတဦးလည်း ဖြစ်တယ်။

စတုတ္ထသား ‘ဟွန်မင်းနစ်’(Hun Manith)ကတော့ ဒုဗိုလ်ချုပ်ကြီး အဆင့်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန အမျိုးသားကာကွယ်ရေး စစ်ဘက်ရေးရာ ထောက်လှမ်းရေးအဖွဲ့အစည်းရဲ့ အကြီးအကဲ ဖြစ်ပါတယ်။  အငယ်ဆုံးသားဖြစ်သူ ‘ဟွန်မန်နီ’(Hun Many)က အစိုးရအဖွဲ့ ဝန်ကြီးတဦးဖြစ်သလို၊ ဒုဝန်ကြီးချုပ်တွေထဲမှာ တယောက် အပါအဝင်လည်း ဖြစ်တယ်။ ကမ္ဘောဒီးယားနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဒုတိယ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး ‘ဒီ ဗစ်ချီးယာ’(Dy Vichea)ကတော့ ဟွန်ဆန်’ရဲ့ သမီးဖြစ်သူ ‘ဟွန် မားနာ’(Hun Mana) ရဲ့ ခင်ပွန်းဖြစ်ပါတယ်။

ဒါဆိုရင် ‘ဟွန်ဆန်’ရဲ့ တခြားဆွေမျိုးအသိုင်းအဝိုင်း၊ ခမည်းခမက်တွေအကြောင်းကို ထပ်ဖော်ပြစရာ မလိုတော့အောင် အကြမ်းဖျင်း ခန့်မှန်းလို့ရပါပြီ။ ဒီလိုနိုင်ငံရေးအင်ပါယာ အကွက်ကျကျ ခိုင်ခိုင်မာမာ တည်ထောင်ထားနိုင်သူတဦးနဲ့ ဆက်နွှယ်တဲ့ စီးပွားရေးအင်ပါယာ အကြောင်းကတော့ Global Witness လိုအဖွဲ့အစည်းနဲ့ တခြား အထင်ကရ သတင်းဌာနတွေရဲ့ ဖော်ထုတ်ရေးသားချက်တွေကို အသေးစိတ် ထပ်ဖတ်ကြည့်ဖို့ အချိန်မပေးနိုင်ရင်တောင်မှ ကောင်းကောင်းမှန်းဆနိုင်ပါပြီ။  နိုင်ငံတကာ နာမည်ကြီးအမှတ်တံဆိပ်တွေတောင် ကမ္ဘောဒီးယားမှာ လုပ်ငန်းလုပ်ကိုင်တဲ့အခါ သူတို့မိသားစု စီးပွားရေးကွန်ရက်ထဲက မလွတ်ကင်းကြပါဘူး။

Transparency International ရဲ့ ၂၀၂၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ Corruption Perceptions Index အရ နိုင်ငံပေါင်း (၁၈၀)အနက် ကမ္ဘောဒီးယားက အဆင့် (၁၅၈)၊ မြန်မာက (၁၆၈)နဲ့ အဲဒီအကျင့်ပျက်ခြစား အဂတိလိုက်စားမှု အညွှန်းကိန်းအစီရင်ခံစာရဲ့ အောက်ဆုံးနားမှာရှိတာကို ကြည့်ရင်၊ အာဏာပိုင်များနဲ့ ခရိုနီများ လက်ဝါးကြီးအုပ်ပြီး စီးပွားရေးလုပ်ဆောင်နေကြပုံကို လွယ်ကူစွာ မှန်းဆကြည့်နိုင်ပါတယ်။ 

နိုင်ငံရေး ကစားတတ်တဲ့ အာဏာရှင်ဆိုပြီး ‘ဟွန်ဆန်’အကြောင်း သုံးသပ်ကြတဲ့အခါ ဉာဏ်နီဉာဏ်နက် ဆိုတဲ့စကားလုံးက ကပ်ပါလေ့ရှိသလို၊ ဉာဏ်ရည်ထက်မြက်သူ တဦး ဆိုတာကိုလည်း ထည့်သုံးတတ်ကြပါတယ်။ အဖိနှိပ်ခံတွေဘက်က ကြည့်ရင်တော့၊ ကောင်းတဲ့ဘက်မှာ ထူးချွန်ထက်မြက်နေတာမျိုး မဟုတ်ဘူးလို့ပဲ ပြောရမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အကျိုးစီးပွါးအတွက် အာဏာ ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်တဲ့ပုံစံက ကမ္ဘာအရပ်ရပ်က အာဏာရှင်ကြီးငယ်တွေအတွက် အားကျစရာ ဖြစ်နေနိုင်ပါတယ်။


အဖိနှိပ်ခံ အတိုက်အခံများနှင့် ဖိနှိပ်ထားသော ရွေးကောက်ပွဲ

အထက်ကလို ‘ဟွန်ဆန်’အကြောင်း အကျဉ်းဖော်ပြနေရတာက ဒီလိုအာဏာရှင် ကျင်းပပေးတဲ့ ရွေးကောက်ပွဲ၊ ဒီလိုလူမျိုးနဲ့ ဆန့်ကျင်နေရတဲ့ ကမ္ဘောဒီးယားနိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေရဲ့ အကျဉ်းအကျပ် အနေအထားကို ပိုမြင်သာစေချင်တဲ့အတွက်ပါ။ 

ခမာနီတို့ ကြီးစိုးတဲ့ (၁၉၇၅-၇၉) ခုနှစ်က သန်းနဲ့ချီသေဆုံးခဲ့ရတဲ့ ဂျီနိုဆိုဒ်ပြစ်မှုများ အပါအဝင်၊ ကမ္ဘောဒီးယားပြည်သူတွေ ဖြတ်သန်းခဲ့ရတဲ့ ပဋိပက္ခတွေ၊ မငြိမ်သက်မှုတွေနဲ့ ဒုက္ခပင်လယ်ဝေခဲ့ကြရတွေက များပြားလွန်းလှပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံက စစ်ရေးအော်ပရေးရှင်း၊ ၄၅ နိုင်ငံက ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်တို့အတွက် စုစုပေါင်း ၂၀,၀၀၀ ကျော် ပါဝင် ခဲ့ကြတဲ့ UNTAC (1992) အော်ပရေးရှင်းဆောင်ရွက်ခဲ့ကြပြီးနောက်၊ ကျင်းပပေးခဲ့တဲ့ ၁၉၉၃ ခုနှစ် မေလ ရွေးကောက်ပွဲတခုတည်းကိုသာ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ သတ်မှတ်ချင်ကြသူတွေက ပိုများပါတယ်။

ဆန္ဒမဲပေးပိုင်ခွင့်သူ အရေအတွက်ရဲ့ (၉၀)ရာခိုင်နှုန်းဝန်းကျင် အင်တိုက်အားတိုက် မဲပေးခဲ့ကြတဲ့ အဲဒီရွေးကောက်ပွဲမှာ ဟွန်ဆန်တို့ပါတီ (CPP) က ဒုတိယ မဲအများဆုံးပါတီ အဖြစ်သာ ရရှိခဲ့ပါတယ်။ ဘုရင်သီဟာနု (King Norodom Sihanouk) ရဲ့သား အနိုင်ရပါတီ FUNCINPEC ခေါင်းဆောင် နိုရိုဒမ်ရနာရစ် ( Prince Norodom Ranariddh) က (First Prime Minister) ဝန်ကြီးချုပ်၊  ရွေးကောက်ပွဲရလဒ်ကို လက်မခံနိုင်တဲ့ ‘ဟွန်ဆန်’က၊ ညှိနှိုင်းမှုတွေအပြီး ဒုတိယ ဝန်ကြီးချုပ် ( Second Prime Minister)အဖြစ် ပူးတွဲ အာဏာခွဲဝေယူခဲ့ကြပါတယ်။ 

၁၉၉၇ ခုနှစ် ဇူလိုင်လမှာတော့ အာဏာသိမ်းပွဲနဲ့ ‘ဟွန်ဆန်’က ဝန်ကြီးချုပ်နေရာ ပြန်ယူခဲ့ပါတယ်။ နောက်ကြောင်းပြန်သုံးသပ်သူများကတော့၊ ရွေးကောက်ပွဲမှာ မဲရှုံးသူ ‘ဟွန်ဆန်’ကို ပူးတွဲအာဏာရယူခွင့်ပေးဖို့၊ ၁၉၉၃ ရွေးကောက်ပွဲပြီးချိန်မှာ နိုင်ငံတကာဘက်က ညှိနှိုင်းလိုက်လျောပေးလိုက်မိတဲ့အတွက်၊ ကမ္ဘောဒီးယား နိုင်ငံရေးမှာ အမှားအယွင်းတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုကြပါတယ်။

၁၉၉၈ ခုနှစ် ရွေးကောက်ပွဲက စပြီး၊ ဝန်ကြီးချုပ်နေရာ ဆက်တိုက်ရယူနိုင်ခဲ့တဲ့ ‘ဟွန်ဆန်’လက်ထက်မှာ ကမ္ဘောဒီးယားရဲ့ ပါတီစုံစနစ်ဟာ အင်အားကောင်းမလာပဲ၊ သူ့ရဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) သာ ကြီးစိုးပြီး ပါတီငယ်လေးများနဲ့ လှုပ်ရှားပုံဖော်တဲ့ မည်ကာမတ္တ ပါတီစုံ စနစ်အဖြစ် တစထက်တစ ကူးပြောင်းလာခဲ့ပါတော့တယ်။ ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံးရရှိခဲ့တဲ့ အတိုက်အခံ Cambodia National Rescue Party (CNRP)က ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ဖျက်သိမ်းခံရသလို၊ ပါတီဝင်တွေထဲကလည်း နိုင်ငံရေးမလှုပ်ရှားဖို့ ပိတ်ပင်ခံရပါတယ်။

အလားတူပါပဲ၊ ၂၀၂၃ ခုနှစ် မေလမှာ အတိုက်အခံ Candlelight ပါတီအနေနဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးလို့ ဆုံးဖြတ်တာ ခံခဲ့ရပါတယ်။ ဟွန်ဆန်က သူ့အတွက် အလေးသာစေမယ့် ရွေးကောက်ပွဲဥပဒေတွေ ပြင်ဆင်ပြဋ္ဌာန်းဖို့လည်း၂၀၂၃ ခုနှစ် ဇူလိုင်လ ရွေးကောက်ပွဲမတိုင်မီမှာ အားထုတ်နိုင်ခဲ့ပါတယ်။

အင်အားကောင်းတဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေ အတွက်တော့ ပြည်ပတိမ်းရှောင်ရသူ၊ ထောင်ဒဏ်ကျခံရသူ၊ တားမြစ်ခံရသူ၊ တရားစွဲဆိုခံရသူ စသဖြင့် နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ပိတ်ပင်တာတွေ ခံရတဲ့အတွက်  ‘ဟွန်ဆန်’ရဲ့ ပါတီကသာ တပါတီဆန်ဆန် လွှမ်းမိုးထားပါတော့တယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတာကလည်း တဖြည်း ဖြည်း မှေးမှိန်လာခဲ့ပါတယ်။ ဒါ့ကြောင့် ၁၉၉၃ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကသာ ကမ္ဘောဒီးယားနိုင်ငံသမိုင်းမှာ လွတ်လပ်မျှတဖူးခဲ့တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။

CNRP ပါတီခေါင်းဆောင်  ‘ကင်မ်ဆော့ခါ’(Kem Sokha)ဟာ ၂၀၁၈ ရွေးကောက်ပွဲ မတိုင်မီ၂၀၁၇ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ နောက် ၂ လအကြာမှာပဲ ကမ္ဘောဒီးယား တရားရုံးချုပ်က CNRP ပါတီကို ဖျက်သိမ်းဖို့ အမိန့်ချခဲ့ပါတယ်။ ၂၀၁၈ ဇူလိုင်ရွေးကောက်ပွဲနေ့ မတိုင်မီ အချိန် ၄၈ နာရီ ကစပြီး VOA,RFA အပါအဝင် သတင်းမီဒီယာများရဲ့ သတင်းလုပ်ငန်းတွေကို ရပ်ဆိုင်းထားခဲ့ပြီး ရလဒ်ထွက်လာတော့ ‘ဟွန်ဆန်’ရဲ့ CPP ပါတီက ရှိသမျှ လွှတ်တော်အမတ် နေရာအားလုံးမှာ (၁၀၀) ရာခိုင်နှုန်းပြည့် အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ ‘ကင်မ်ဆော့ခါ’ ကို အာမခံနဲ့ပြန်လွှတ်လိုက်၊ အကျယ်ချုပ်ချလိုက်၊ ပြန်လွှတ်ပေးလိုက် လုပ်နေခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့ကတော့ ဖနွမ်းပင်မြို့ကို ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလန်ကင်နဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်ဇူလိုင်လ ရွေးကောက်ပွဲမတိုင်မီ၊ မတ်လဆန်းမှာတော့ အသက် ၇၀ နှစ် ရှိပြီဖြစ်တဲ့ ‘ကင်မ်ဆော့ခါ’ကို (၂၇) နှစ် ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတုန်းကလည်း သူ့အရင် CNRP ပါတီခေါင်းဆောင် ‘ဆမ်ရိန်ဆီ’(Sam Rainsy)ကို မျက်ကွယ်မှာ ထောင်ဒဏ် (၁၀) နှစ် ချခဲ့ဖူးပါသေးတယ်။

အဖိနှိပ်ခံ ကမ္ဘောဒီးယား အတိုက်အခံတွေအကြောင်း ရေးစရာ များစွာရှိတဲ့အထဲက အခုနမူနာပြ ရွေးနုတ် ရေးဖော်ပြတာကနေ အနည်းငယ် ရုပ်လုံးပေါ်လောက်ပြီ ထင်ပါတယ်။ အမှန်ကတော့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ နိုင်ငံရေးသမား၊ သမဂ္ဂခေါင်းဆောင်၊ တက်ကြွလှုပ်ရှားသူတွေ၊ ဖမ်းဆီးအကျဉ်းချခံရသူတွေ၊ လူ့အခွင့်အရေးဖောက်ဖျက်မှုနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ၊ အစရှိတဲ့အကြောင်းတွေကိုပါ ထည့်သွင်းရေးသားမှသာ ပိုပြည့်စုံပါလိမ့်မယ်။ အမေရိကန်နိုင်ငံရဲ့ (၁၁၈) ကြိမ်မြောက် ကွန်ဂရက်စ်မှာတုန်းက Cambodia Democracy and Human Rights Act of 2023 ဆိုပြီး တင်သွင်းဆွေး နွေးကြရတဲ့အထိလည်း ဖြစ်ခဲ့ပါတယ်။ ဆီးနိတ်အတွက် ပူးတွဲ ကမကထ တင်သွင်းခဲ့သူက လက်ရှိနိုင်ငံခြားရေးဝန်ကြီး ‘မာကိုရူဘီယို’ပါ။ 

‘ဟွန်ဆန်’က ၂၀၂၃ ခုနှစ် ဇူလိုင်လ ရွေးကောက်ပွဲမတိုင်မီမှာ ရွေးကောက်ပွဲဥပဒေကို ပါလီမန်ကတဆင့် အသစ်ဖြည့်စွက်ပြင်ဆင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရွေးကောက်ပွဲဥပဒေ အပိုဒ် - ၁၄၂၊ အပိုဒ် ၁၄၃၊ အပိုဒ်၁၇၁၊ အပိုဒ် ၁၇၂ တို့မှာ မဲလက်မှတ်ကို ဖျက်ဆီးဖို့၊ ပယ်မဲဖြစ်အောင်လုပ်ဖို့၊ မဲစာရင်းမသွင်းဖို့၊ မဲမပေးဖို့ ၊ ရွေးကောက် ပွဲလုပ်ငန်းစဉ်ကို နှောင့်ယှက်ရာရောက်တဲ့ ပြောဆိုစည်းရုံးသူတွေကို ရီယယ် (KHR) ၅သန်း/ (USD ၁,၂၀၀) ကနေ ရီယယ် (KHR) ၂၀သန်း/ (USD ၄,၈၀၀)အထိ ဒဏ်တပ်ဖို့၊ နိုင်ငံရေးပါတီက လုပ်ဆောင်ခဲ့တာဆိုရင် ရီယယ် (KHR) ၁၀သန်း/ (USD ၂,၄၀၀) ကနေ ရီယယ် (KHR) ၃၀သန်း/ (USD ၇,၂၀၀)အထိ ဒဏ်တပ်ဖို့၊ ကိုယ်စားလှယ်လောင်း (သို့) နိုင်ငံရေးပါတီက လုပ်ဆောင်ခဲ့တာဆိုရင် အနည်းဆုံး (၅)နှစ် ရွေးကောက်ပွဲ မဝင်နိုင်ဖို့ ဆိုတာမျိုး ပါရှိပါတယ်။ ဒီ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာလည်း ဟွန်ဆန်ရဲ့ပါတီ (CPP) ကပဲ အမတ်နေရာ ၁၂၅ နေရာအနက် ၁၂၀ နေရာမှာ အနိုင်ရရှိခဲ့ပြန်ပါတယ်။

အခု စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ ‘ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ’ ဆိုတာကို ကြည့်ရင် ကမ္ဘောဒီးယားရဲ့  ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ချက်ကို နမူနာယူထားတာလို့ ပြောနိုင်ပါတယ်။ ‘ဟွန်ဆန်’ကတော့ သူ့ပါတီကြီးစိုးတဲ့ လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူပြီး ပြင်ဆင်ခဲ့တာပါ။ စစ်ကောင်စီကတော့ တရားမဝင် ရယူထားတဲ့ အာဏာကို အသုံးပြုပြီး ပိုကြီးလေးတဲ့ ပြစ်ဒဏ်တွေကိုလည်း ထည့်သွင်းခဲ့ပါသေးတယ်။ အနောက်နိုင်ငံအစိုးရတွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက ဟွန်ဆန်ရဲ့ ရွေးကောက်ပွဲဥပဒေပြင်ဆင်ချက်ကို တောင် ကန့်ကွက်ခဲ့ကြတာဖြစ်လို့၊ စစ်ကောင်စီရဲ့ ဒီလုပ်ဆောင်ချက်ကို ပိုပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချသင့်ပါတယ်။

ရွေးကောက်ပွဲ ဆိုတာ ဒီမိုကရေစီရဲ့ ပြယုဂ်တခုဖြစ်ပြီး၊ စံနှုန်းစံညွှန်းတွေ ရှိပြီးသား ဖြစ်ပါတယ်။ အခုစစ်ကောင်စီ စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲဟာ အတုအယောင်လို့ ပြောကြတဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲရဲ့ အဆင့်ကိုတောင် မမီပါဘူး။ ဘာကြောင့်လဲဆိုတော့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ‘ဟွန်ဆန်’က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ရွေးကောက်ခံ လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ၊ ရွေးကောက်ပွဲအသစ် ပြုလုပ်သလို၊ ရွေးကောက်ပွဲ ဥပဒေပြင်ဆင်ချက်ကိုလည်း ပါလီမန်အတည်ပြုချက်နဲ့ သူ့အလိုကျဖြစ်အောင် ကုလားဖန်ထိုးခဲ့တာပါ။ 

ဒီဆောင်းပါးပါ အချက်တွေက ‘ဟွန်ဆန်’ချီးမွမ်းခန်းလို့တော့ မထင်စေချင်ပါဘူး၊ ‘ဟွန်ဆန်’ဟာ ဉာဏ်နီဉာဏ်နက်များတဲ့ အာဏာရှင်စစ်စစ်ဆိုတာ ပေါ်လွင်စေချင်တဲ့အတွက် ဖော်ပြနေတာပါ။ ဒီလို အာဏာရှင်တယောက်နဲ့ နိုင်ငံရေးယှဉ်ပြိုင် ကစားရတာကလည်း မလွယ်တဲ့ကိစ္စပါ။ ဒါကြောင့်လဲ ကမ္ဘောဒီးယားနိုင်ငံရေးကို ဆယ်စုနှစ် (၄) ခု ကျော်လွန်ပြီး ဆက်လက်ချုပ်ကိုင်လို့ရအောင် အကွက်ချ ဖန်တီးနေနိုင်တာပါ။

ဘယ်လိုပဲ လှည့်စား လုပ်ကိုင်နိုင်ပါစေ၊ ပြည်သူလူထု အုံနဲ့ကျင်းနဲ့ ပါဝင်ဆန့်ကျင် လာတဲ့တနေ့မှာတော့ အစောပိုင်းကာလတွေမှာ လူကြိုက်များခဲ့ကြတဲ့ ဖိလစ်ပိုင် အာဏာရှင် ‘မားကိုစ့်’၊ရိုမေးနီးယား အာဏာရှင်’ချောင်ဆက်စကူး’တို့တောင် ဇာတ်သိမ်းမကောင်းခဲ့ကြပါဘူး။

ကမ္ဘောဒီးယား ပြည်သူတွေလည်း  အာဏာရှင်လက်အောက်မှာ နေချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ အချိန်မှာ ‘ဟွန်ဆန်’အာဏာစက် ပျက်စီးသွားအောင် လုပ်နိုင်တဲ့အထိ ဖြစ်မလာနိုင်သေးတာက အရှိတရားပါ။ မြန်မာနိုင်ငံဘက်ကို ပြန်လှည့်ကြည့်ရင်တော့ ‘ဟွန်ဆန်’ကို ဟဲဗီးဝိတ်တန်းက အာဏာရှင်လို့ ပြောရင်၊ စစ်ခေါင်းဆောင်ကို အပျော်တမ်း အဆင့်လောက်ပဲ သတ်မှတ်ရမှာပါ။ ဒီကနေ့ မြန်မာပြည်သူလူထုရဲ့ အင်တိုက်အားတိုက် တော်လှန်ပါဝင်နေမှုကလည်း ကမ္ဘောဒီးယားပြည်သူတွေထက် အဆပေါင်းများစွာ သာလွန်နေပါတယ်။ မြန်မာနိုင်ငံမှာ အာဏာရှင် ဖြုတ်ချနိုင်ဖို့ ရေခံမြေခံနဲ့ လိုအပ်ချက်များက အဆင်တသင့် ဖြစ်နေပါပြီ။

စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေက ရွေးကောက်ပွဲအတုအယောင်ကို အဖြေ လို့ မျှော်လင့်နေကြပါတယ်။ အခုအချိန်အထိ ကြားသိနေရတာကတော့ ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန် အပါအဝင် အနောက်နိုင်ငံများနဲ့ ဂျပန်တို့က ရွေးကောက်ပွဲအတုအယောင်လို့သာ သဘောထားကြတာပါ။ ပိုအဓိကကျတာက တော်လှန်ရေးအင်အားစုတွေအနေနဲ့  ရွေးကောက်ပွဲ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ဒါဟာ အဖြေ၊ ဒါဟာ အဆုံးအဖြတ်လို့ မမြင်ကြတာပါပဲ။ ကိုယ် ဆက်လျှောက်ရမယ့်လမ်းကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မြင်ထားပြီးသား ဖြစ်နေကြပါပြီ။

ရွေးကောက်ပွဲ အတုအယောင် အပါအဝင်၊ ဘယ်လို နိုင်ငံရေးကစားကွက်တွေနဲ့ လှည့်စားဖို့ ကြိုးစားကြပါစေ၊ နိုင်ငံတနိုင်ငံရဲ့ အနာဂတ်ဟာ အာဏာရှင်တွေရဲ့ လက်ထဲမှာချည့်ပဲ ရှိမနေပါဘူး။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးလိုတဲ့ ပြည်သူတွေ ပြုပြင်ပြောင်းလဲရေးကို အတိုင်းအဆမရှိ ဆာလောင်မွတ်သိပ်လာကြတဲ့ တနေ့မှာတော့၊ အာဏာရှင်စနစ် ပျက်စီးပြိုပျက်ဖို့ပဲ ရှိတော့တယ် ဆိုတာ၊ ကမ္ဘာအရပ်ရပ်က အာဏာရှင်တို့ရဲ့ မလှပတဲ့ ဇာတ်သိမ်းခန်းတွေက သက်သေထူပြီး ဖြစ်ပါတယ်။

‘မားကိုစ့်’နဲ့ သူ့ဇနီးတို့ ဖိလစ်ပိုင်က ထွက်ပြေးရလိမ့်မယ်၊ ‘ချောင်ဆက်စကူး’နဲ့ သူ့ဇနီး ကျည်ဆန် အချက် (၁၂၀) နဲ့ အဆုံးစီရင်ခံရလိမ့်မယ်လို့ သူတို့အပါအဝင် ဘယ်သူကမှ ကြိုတင်မှန်းဆမထားခဲ့ပါဘူး။ အသေအချာ ပြောနိုင်တာ တခုတော့ ရှိပါတယ်၊ နိဂုံးမလှတဲ့ အာဏာရှင် ဇာတ်သိမ်းခန်းတိုင်းရဲ့ နောက်ကွယ်မှာ ၊ ဆိုးယုတ်တဲ့ ဒီအာဏာရှင်တွေ လက်အောက်ကနေ မရရအောင် ရုန်းထွက်ကြမယ်ဆိုတဲ့ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာ ချထားတဲ့ တော်လှန်ပြည်သူတွေ တစုတစည်းတည်း ရှိနေခဲ့ကြတယ် ဆိုတာပါပဲ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar