Breaking News

မောင်ဘဦး - အညာနွေ၊ ပဲနီလှော်ကြော်အမြည်းနှင့် တီးမ်ဝပ်ခ်



မောင်ဘဦး - အညာနွေ၊ ပဲနီလှော်ကြော်အမြည်းနှင့် တီးမ်ဝပ်ခ်

မိုးမခ ၊ ဩဂုတ် ၂၅ ၊ ၂၀၂၅


အညာနွေ... ။ အခုမှ စ,မယ်လို့ ရှိသေး။ နွေနေ့လယ် နေပူရှိန်က တဖြည်းဖြည်း ဇာတ်ရှိန်မြင့်၍ လာချေပြီ။

နှစ်ထပ်စွပ်ထားသော ဆာဂျီကယ်ဂလပ်နှစ်စုံမှာ၊ လုပ်ရင်းကိုင်ရင်း တစ်ထပ်ကို ချွတ်ပြီးဖြစ်ရကား၊ သွေးများဖြင့် ပေပွနေသော ဆာဂျီကယ်ဂလပ် နောက်တစ်ထပ်ကိုချွတ်၊ 'မျက်နှာဖုံးစွပ်' ခေါ် ပါးစပ်၌ တပ်ထားသည့် မတ်စ်နှင့် ခေါင်းပေါ်က ဆာဂျီကယ်-ကပ်ပ်ကိုပါ ချွတ်၊ လက်ကို ဆေး၊ မျက်နှာက ချွေးကိုသုတ်၊ 'အင်စတူးမင့်' ခေါ် ကိရိယာတန်ဆာပလာတွေကို ဆေးကြော သိမ်းထုပ်ပြီးသကာလ၊ ဧည့်ခံ တည်ခင်းထားသည့် စားပွဲပေါ်ပန်းကန်ပြားထဲမှ နီကျင့်ကျင့် ပဲနီလှော်ကြော်များကို ဗိုက်ဆာဆာဖြင့် ထိုးသွင်းကာ ဝါးလိုက်မိသည်။ 'အင်စတူးမင့်'တွေကိုတော့ အိမ်ပြန်ရောက်မှ အချောတထပ် ပြန်ဆေး၊ ရေနွေးနှင့်ပြုတ်၊ နောက်ထပ်ကေ့စ်အတွက် အသင့်ဖြစ်အောင် ပိုးသတ်သန့်ရှင်းရေး လုပ်တော့မည်လေ။

သက်ကြားအို၊ ဇရာအို အရွယ်ကျ၊ 'စက္ခုပသာဒ'က တော်တော့ကို 'သီ'လှပြီ။ ပါဝါမျက်မှန်လေးကလည်း ကိစ္စဝိစ္စအပြီး ဘေးဘီနားက တနေရာရာ၌ ချထားမိလိုက်လေရာ၊ ပန်းကန်ထဲက စားစရာမှာ  နီကျင်ကျင်သာ မြင်ရတော့သည်။ အစက ဘာပဲအမျိုးအစားမှန်း မသိ။ ဝါးကြည့်မှ သိရတော့သည်။ ဆီရွှဲရွှဲလူး၊ ဆားလေးပါ ဖြူးထားပြီး သေသေချာချာ ဝါးကြည့်တော့မှ၊ 'အိတိတိ-ဖီလင်'က မြေပဲ၊ 'ထောက်ကနဲ ထောက်ကနဲ'က ပဲနီလှော်။ တော်တော်လေး မာမည်ထင်၍ သွားကြားမညပ်အောင် ကြိုးစားအားထည့် ကြိတ်ဝါးလိုက်ကာမှ... ၊ ခပ်မာမာ ခပ်ကြွပ်ကြွပ်။ ပြီးတော့၊ ခပ်ပွပွ ခပ်ဆိမ့်ဆိမ့် အရသာ။  မြေပဲဆံလေးတွေကို ကြော်ပြီး ကတ်ကြေးနဲ့ ကိုက်ဖြတ်ကာ ပဲနီလှော်ကြော်ထဲတွင် ခပ်စိပ်စိပ်ကြားညှပ် ထည့်ထားမှန်း သိရသည်။ 'အမာ'နှင့် 'အပျော့' ရောစပ်ထားခြင်း။ ပဲတစ်မျိုးစီကို သီးခြားပန်းကန်များဖြင့် တစ်မျိုးချင်းစီ စားရသည်ထက်၊ ယခုလိုတွဲဖက်၍ စားရသည်က ပို၍ပင်ကောင်းသေးတော့။

ဗိုက်ဆာလို့လား မသိ၊ တော်တော်များများ ဝါးမျိုမိသည်။ ကြက်သွန်နီ၊ ဆီ၊ ဆားကလည်း အနေတော်။ လူနာပိုင်ရှင်၏ အိမ်ရှင်မမှ အကြမ်းပန်းကန်နှစ်လုံးမျှ ရေနွေးကြမ်း ငှဲ့ပေးထားပြီးဖြစ်ရာ၊ သောက်ရသည်ကလည်း မပူလွန်းဘဲ အနေတော်။ ဆာလောင်ဆို့နင့်သည်များ ပြေပျောက်သွားရသည်။ ထိုခဏ၊ နေပူသည့်ဒဏ်သည်ပင်လျှင် လျော့ကျသွားသယောင်။

မြန်မာပြည်၏ 'ဗက်တင်နာရီယန်'တွေထဲမှ 'အိုးလ်-ဗက်တင်နာရီယန်'။ ဟန် သာရှိ၊ မာန် မရှိတော့သည့် သက်ကြားအို ဗက်ဆာဂျင်ကြီးအနေဖြင့် 'မေဂျာ,မိုင်နာ' သိရှိပြီးဖြစ်လင့်ကစား၊ ခွဲစိပ်မှူ 'ဆာဂျရီ'ဟူသည် တခါတရံ သို့မဟုတ် အမြဲလိုလို၊ ထင်ထား,မှန်းထား, သင်ထားသလို မဟုတ်။ ဗရုတ်သုတ်ခတွေက ခြေထောက်ပေါက် ဝင်ရောက်လာတတ်သည့် နှစ်များစွာ၏ အတွေ့အကြုံအရ၊ 'သတိ'ကတော့ အပြည့်ရှိနေသည်။ လက်ထပ်လက်ပိုးကာ သင်ပေးလိုက်ကြရှာသည့် ရှေးက ဆရာဆရာမကြီးတွေ၏ စည်းစနစ်ကလည်း 'ပုံစံ'ကျနေသည် ကိုး။ 'လုပ်ကြံ သေသပ်၊ ယောက်ျားမြတ်' တဲ့။ 'ဒါလေး များ'၊ 'လုပ်ခဲ့ပေါင်းများလှပြီ'၊ 'အံတိုနေပြီ' ဆိုပေသိ၊ 'ဆိုးကျိုး-ရစ်ခ်စ်'များမှာ ထင်မှတ်မထားသည့်နေရာ, ထင်မှတ်မထားသည့် အချိန်တို့တွင် ဝင်ဝင် လာတတ်သေးသည်လေ။

နောက်ဆုံးပိတ် 'စကင်း-စတစ်ခ်ျ'ခေါ် အပေါ်ဆုံးလွှာ အရေခွံပိတ်ချိန်မျိုး ရောက်ကာမှ၊ 'အော်ပရေးရှင်းဝုန်း'ခေါ် ခွဲ,ဖွင့်,ဖြဲထားသည့် အပေါက်ထဲသို့၊ ငှက်ချေး ပါချတာမျိုး၊ အဝေးဆီမှ ပစ်လွှတ်လိုက်သည့် လောက်စာလုံးလိုမျိုး၊ တန်းတန်းမတ်မတ် ထိုးဆင်းသွားတာ ကြုံဖူးသည်။ နွေတကွေ့၊ လေပွေလေရူးလေး တစ်ချက်အဝှေ့၊ 'အော်ပရေးရှင်းဝုန်း'ထဲသို့ ဖုန်တွေ သဲတွေ သစ်ရွက်ကြွေတွေ ဝင်ရောက်သွားလို့ 'နော်မယ်ဆေလိုင်း'နှင့် ထပ်မံဆေးကြောရတာမျိုးလည်း ကြုံဖူးသည်။ လက်ညောင်းလှပြီ ဖြစ်တဲ့ 'အကူ-စတပ်ဖ်'အရာ ခိုင်းကာထားသည့် ကျေးရွာသား၊ ကြည့်ချင်မြင်ချင် သိချင်လွန်းလှ၍ ခေါင်းငုံ့ထား၊ စကားကလည်း ပြောချင်၊ ငုံထား ဝါးထားတဲ့ ကွမ်းတံတွေးတွေစင်၊ ဝင်ကုန်တာတို့ဘာတို့လည်း ကြုံဖူးသည်။

စင်စစ်၊ 'အဆက်(ပ်)တစ်-ဆာဂျီကယ်အော်ပရေးရှင်း' (သန့်ရှင်းသော ခွဲစိပ်မှူ) ဟူသည် 'တီးမ်ဝပ်ခ်'ခေါ် အဖွဲ့လိုက် ပူးပေါင်းလှူပ်ရှား လုပ်ကိုင်ဆောင်ရွက်ရခြင်းမျိုးသာ ဖြစ်သည်။ တစ်ဦးကောင်းရုံ တစ်ယောက်ကောင်းရုံဖြင့် မရ။ အဖွဲ့လိုက် ကောင်းမှ 'ရီဇာတ်'အဖြေ လှမည်။ 'ဂျွန်' ကောင်းရုံနှင့် မရ။ 'အုံ'ကောင်းမှ အဖြေကောင်းမည်။ တီးမ်ဝပ်ကိစ္စ၊ မရလေသည့် 'ဗက်တင်နာရီ ဆာဂျရီ'နှင့် မြန်မာပြည်။

မခွဲမီ 'ပရီအော့ဖ်' အတွက်၊ သေချာစေဖို့ ကွန်ဖန်းစေဖို့၊ ရှာကြစို့ ဖွေကြစို့ဆိုသည့် 'အင်ဗက်စတီကေးရှင်း' ခေါ် သွေးစစ်,ဆီးစစ်၊ ဓါတ်မှန်တွေ,အာထရာဆောင်းတွေ၊ ခွဲစိပ်ဖို့ ကောင်းသည်မကောင်းသည် ကြည့်ချင်ပေသိ၊ မရရှိ။ 'ပရီ-အော့ပ်, ပို့စ်-အော့ပ်'တိုင်းမှာ ပြုဘွယ်ကိစ္စ သပ္ပနအပေါင်း ရဖို့က၊ 'အားလုံးသောသတ္တဝါတွေ ကျမ္မာကြပါစေ ချမ်းသာကြပါစေ'၊ ပုဂ္ဂိုလ်တိုင်း ရွတ်ဆိုနေကြသည့် ဤမြန်ပြည်ဝယ် အဟုတ်တကယ် မလွယ်။ 'အင်ဖောင်း-အနယ်သီးဇီးယား'၊ မေ့ဆေးကို အကြောင်းကြား၊ 'အင်ဖောင်း-အိုတီ'၊ ခွဲစိပ်ခန်းက မမစိမ်းတို့ဆီ အကြောင်းကြားထား၊ ဆိုတာများကတော့ 'နိမ်းဟဲ'။ 'အော်ပရေးရှင်း သီရေတာ'ကိုက သဲထူထူ ကွင်းကျယ်ကျယ်, မန်ကျည်းပင်အောက် ထနောင်းပင်အောက်ရယ်မှာ။

'တာဝါ ကလို့သ်'က ဆာလာအိတ်။ 'ရှိတ်ဘီး'၊ အမွေးအမှင်ရိတ်သူက 'ကိုယ်'။ 'အဆစ်စတင့်'လုပ်မည့် လက်ထောက်သည် 'ကိုယ်'။ 'ဆာဂျင်' ဆိုသူက 'ကိုယ်'။ 'အနယ်သီးဇင်' မေ့ဆေးဆရာဝန်လည်း 'ကိုယ်'။ သည်လိုကြားထဲ၊ 'ဖတ်စတင်း'ခေါ် အစာမဖြတ်ဘဲ မေ့ဆေးပေးမိ၍ 'ဗိုမစ်တင်း' ခေါ် အန်သည့်ဒုက္ခ မပေးသည်ကိုက ကံကောင်းလှလေပြီ။

တိုတိုပြောရလျှင်၊ အညာနေကလည်း ပူသည်။ ဇောချွေးကလည်း ပြန်သည်။ သို့ပေသော်ငြား ဝါသနာဘာဂီ ဝသီဘော်ကြောင့် စိတ်ထဲမှာ ပျော်သည်။ သည့်ထက်၊ ပဲနီလှော်နှင့် မြေပဲ ရောနယ်ထားသလို၊ 'စီနီယာ+ဂျူနီယာ+အားသားရင့်ခ်'၊ 'တီးမ်ဝပ်ခ်' ခေါ် အဖွဲ့လိုက်အတွဲလိုက် လေးနှင့်သာ ဆိုလျှင်၊ လုပ်ရကိုင်ရ သည့်ထက် ပိုလွယ်၊ သည့်ထက် ပိုသက်သာ၊ သည့်ထက်ပို၍ ပျော်စရာ ကောင်းပေမည်။ လုပ်သက် ၃၅နှစ်ကျော် ၄၀နီးပါး ဘဝသံသရာရထားကြီး ထွက်ခွာဖို့ နီးလာသည့်အချိန်၊ အတွေ့အကြုံပေါင်း, ခံရပေါင်းတွေ များလွန်း၍ ကျွမ်းကျင်နေပေသိ၊ အာရုံခံအင်္ဂါတွေ, အားခွန်ဗလတွေကတော့ဖြင့် ယုတ်လျော့ပါချေပြီ။ သည်တော့ ပဲနီလှော်ကြော်လို လူငယ်အမာတို့နှင့် ဖက်တွဲရပေမည်။ နောက်မျိုးဆက်တို့အတွက် အတွေ့အကြုံကောင်းတွေ မျှဝေရပေမည်။

နေ့စဉ်နှင့်အမျှ ပေးဝေငှနေကြသည့် 'အမျှ-အမျှ-အမျှ'ဆိုသည်ကား ဤအရာပေတည်း။ အမွေပေးခြင်းဆိုသည်ကား ဤအရာပေတည်း။ 'သာဓု-သာဓု-သာဓု'ဆိုသည်ကား အဖွဲ့လိုက် လုပ်ကိုင်ဆောင်ရွက်ရင်း အတွေ့အကြုံကောင်းတွေကို ဝမ်းမြောက်ဝမ်းသာ ခံယူကြခြင်းပေတည်း။ ဤသည်တို့ကား ကုသိုလ် ၁၀ပါး တို့ပေတည်း။ 'ဒါ, သီ, ဘာ, ပူ၊ ကြောင့်ကြမူနှင့်၊ အလှူဝေငှ၊ အမျှ, သာဓု၊ သူ့တရား နာ၊ သိရာ ပြောဆို၊ ကံကို ကိုးယိုး၊ ဆယ်မျိုး ဝတ္ထု၊ ပုည မှူ၊ သုခ ပွားကြောင်း အမှန်' တဲ့။ ကျေးဇူးရှင် မဟာလယ်တီ ဆရာတော်ဘုရားကြီးက ကမ္ဘာသူကမ္ဘာသားများအတွက်၊ အညာသူအညာသားများအတွက်၊ လင်္ကာရေးဖွဲ့ ပေးထားခဲ့သည်။ အထူးအားဖြင့်သော်ကား၊ ဆရာတော်ဘုရားကြီး၏ မွေးဖွားရာ၊ အညာသူအညာသားများ လိုက်နာကျင့်သုံးဖို့ ကောင်းလှပေသည်။

ခက်သည်က 'ပဲနီလှော်ကြော်'။ အသက်ကယ်သည့် ဆေးရုံကြီးတွေသော်မှ ပန်းကန်သီးခြား ထည့်ပေးထားရသည်။

   "ဒို့ကမှ ထောက်ကနဲ,ထောက်ကနဲကွ"။

   "အမ်အာစီပီ, အက်ဖ်အာစီအက်စ် ကွ"။

   "အင်တာနယ်-အမ်အက်စီ လေးလောက်နဲ့ 'ခေါင်' လာမလုပ်နဲ့။"

   ဟို မြေပဲကြီးတွေကလည်း သူ့ပန်းကန်ထဲ အရောမခံနှိုင်။

   "ဝါးရတာ မခက်၊ အဆိမ့် အရသာ ဖက်၊ ‌ဆီထွက်တာ ဒို့ကမှ ကွ။"

'ဒီစီအက်စ်၊ စီနီယာစီအက်စ်၊ အက်ဖ်အေ'၊ ပန်းကန်တစ်ချပ်စီ သီးသန့် သပ်သပ်စီ ထည့်တည်လေမှ ကြိုက်ကြသည်။ 'တီးမ်ဝပ်ခ်'တွင် ကိုယ်သာလျှင် 'ခေါင်' ဖြစ်ချင်သည်။ 'ပါစင်'ပေး၍ မကစားတတ်ပဲ ကိုယ်သာလျှင် ဂိုးသွင်းချင်သည်။

စားသုံးသူ-ဧည့်သည် လူနာနှင့် လူနာရှင် အပိုင်းကလည်း လျှာရိုင်း နေသေးသည်။ တီးမ်ဝပ် ခေါ် အဖွဲ့လိုက်လှူပ်ရှားကြရမှူအပေါ် နားမလည်ကြ။ သဘောမပေါက်ကြ။ မြေပဲကိုသာ ဝိုင်း မြှောက်ကြသည်။ ပဲနီလှော်ကိုသာ ဝိုင်း ပင့်ကြသည်၊ ဆီတို့ ဆားတို့ ကြက်သွန်နီတို့၊ ကွယ်ရာမှ ပံ့ပိုးနေသည် ရေနွေးကြမ်းတို့ကိုမူ အရေးမလုပ်ချင်ကြ။ ဆီတို့ ဆားတို့ ကြက်သွန်တို့ကလည်း တီးမ်ဝပ် ခေါ် အဖွဲ့လိုက်လှူပ်ရှားကြရမှူအပေါ် နားမလည်။ သဘောမပေါက်။ မြေပဲပန်းကန်ကိုသာ အနေတော်၊ ပဲနီလှော်ကိုမူ စားမဖြစ်အောင် ဆားငန်စေ ဆီမလူးလေပဲ ဝိုင်းဝန်းကာ သမ,လိုက်ကြပြန်လေသည်။ ဆရာမွေး တပည့်မွေး၊ မွေးကြပြန်လေသည်။

'တီးမ်ဝပ်ခ်, အဖွဲ့လိုက် လှူပ်ရှားတတ်ခြင်း' နှင့်အတူ၊ 'တီးမ်-စပိရစ်' ခေါ် အဖွဲ့အစည်းလိုက် လုပ်တတ်ကိုင်တတ် ဆောင်ရွက်တတ်သည့် ဉာဉ်၊ လုပ်လိုကိုင်လို ဆောင်ရွက်လိုသည့် စိတ်ဓါတ်၊ ရှိနေကြဖို့သည်လည်း အဓိက လိုအပ်လှပါချေသည်။ တစ်ယောက်အားဖြင့် ယူသော် မရ။ ညီညွတ်စွာ စုပေါင်းအားဖြင့် ယူသော်၊ မလွဲမသွေ ဧကန်မုချ ရရမည်သာ ဖြစ်ပါ၏။

တောအရပ်တောခြေ တောမှာနေ၊ မိမိတို့လို တကိုယ်တော် 'ဗက်ဆာဂျင်'တွေ ဘဝ။ အာသာငမ်းငမ်း၊ ချဉ်ခြင်းတမ်းတ၊ 'ခမဲ'လိုနေသည့် 'တီးမ်ဝပ်ခ်'လောကကို ရော်ရမ်းမျှော်မှန်း တမ်းတမိခြင်းသာ။ 'ငါဘိုဘိုဟန် - နင်ဘယ်သူလဲ'။ နင်က ဘာလဲ - ငါက ဘာပဲ'။ ဆဲရေးတိုင်းထွာ စစ်‌အာဏာရှင်ပေးခဲ့သည့် အမွေ၊ ငတေ မာ ပြီးရော၊ တကိုယ်ကောင်းဆန်ဆန်၊ မာန်ဂုဏ်ပြိုင်ဖို့ မဟုတ်။

ငို့ဘ-ငါ့ဖို့၊ ဘယ်သူသေသေ ငတေမာ ပြီးရော စိတ်ဓာတ် စိတ်ထား တို့သည်ကား၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့ ပလန်ချကာ ထားရစ်ခဲ့သည့် အမွေဆိုးသာ ဖြစ်ချေသည်။ တီးမ်ဝပ်ခ်၊ တီးမ်စပိရစ်' သည်ကား ဘုရားဟော၊ ဒီမိုကရေစီ တရားသဘော၏ အမွေကောင်းသာ ဖြစ်ပေသည်။

မည်သို့ဆိုစေ မည်သို့ဖြစ်စေ၊ နေရာတိုင်းဌာနတိုင်း၊ ရုံးတိုင်း သမဂ္ဂ အဖွဲ့အစည်းတိုင်း၊ အစည်းအရုံး အသင်းအဖွဲ့ဟူသမျှတိုင်း တို့တွင် 'တီးမ်ဝပ်ခ်' ဆိုသည့် 'အဖွဲ့လိုက် ညီညွတ်စွာပူးပေါင်းဆောင်ရွက်မှူ' ကတော့ လိုအပ်လှပါသည် လေ။

သဘောပေါက် နားလည်ကြပါစေ။ တစ်သွေးထဲ တစ်သားထဲ ဖြစ်ကြပါစေ။ 'တီးမ်ဝပ်ခ်, တီးမ်စပိရစ်'၏ အဓိပ္ပါယ်နှင့် အညီ၊ အဖွဲ့လိုက် ညီညွတ်စွာ လှူပ်ရှားနှိုင်ကြပါစေ၊ မြန်မာပြည်။

တော်လှန်ရေးကြီး အောင်မြင်ပါစေ။

သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။

*[ဤဆောင်းပါးဖြင့်၊ ဒေသကောလိပ် ပထမနှစ်ဒုတိယနှစ် ဘိုင်အိုခန်းမှ ဖေါက်သည်ချကုန်ကြမ်းပေးလာသည့် ချစ်ခင်လေးစားရပါသော၊ ငယ်သူငယ်ချင်း ဗက်ဆာဂျင်ကြီးအား မှတ်တမ်းတင်အပ်ပါသည်။]




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar