ကိုနောင်ကျော် သို့ အမှတ်တရ
![]() |
| မမွှေး ၏ ပန်းချီ |
ကိုနောင်ကျော် သို့ အမှတ်တရ
မောင်ရစ် (မိုးမခ) ဩဂုတ် ၂၆၊ ၂၀၂၅ကိုနောင်ကျော် ဆုံးပြီလို့ ကိုခင်လွန်းက ပြောလာတယ်။ သေချာအောင် မေးပေးပါဦးဗျာ တဲ့။ ဒါနဲ့ ကိုနေဝင်းအောင်၊ သူ့သူငယ်ချင်းကို လှမ်းဆက်မေးတယ်၊ သူက ဟုတ်တယ်လို့ ပြောတယ်။ သူလည်း ထိခိုက် ကြေကွဲနေတော့ စကားလည်း ဆက်မပြောဖြစ်တော့ပါဘူး။ ဖုန်းချထားလိုက်တယ်။ ကိုခင်လွန်းကို မှန်ကန်ကြောင်း လှမ်းပြောတယ်။ သူလည်း အခြားကနေ သိပြီးပါပြီ။ ကျနော်တို့ မိုးမခကနေ အမှတ်တရ ဝမ်းနည်းမှတ်တမ်းရေးလိုက်ပါလို့ ကိုခင်လွန်းက မှာပါတယ်။ သူက ဆေးခန်းထဲမှာမို့ သေချာစာရေးနိုင်မှာ မဟုတ်ဘူးတဲ့။
မိုးမခ၏ ဝမ်းနည်းမှတ်တမ်းမှာ ကိုနောင်ကျော်ကို စာပေမိတ်ဆွေ၊ နိုင်ငံရေးမိတ်ဆွေလို့ပါ ထည့်ရေးလိုက်မိတယ်။ စာပေသမားတွေကို စာပေမိသားစုစာနယ်ဇင်းသမားတွေကို စာနယ်ဇင်းမိတ်ဆွေတွေအဖြစ် အသိအမှတ်ပြု ဖော်ပြ မိလေ့ရှိပါတယ်။ သို့သော် လက်က နိုင်ငံရေးမိတ်ဆွေလို့ ရေးလိုက်မိတယ်။ ၈၈ အရေးတော်ပုံကနေ ရုန်းကန် ချီတက်ကြသူတွေထဲမှာ အဝေးကပဲ သိရှိခဲ့ပေမယ့် တကယ်တန်း လူချင်းတွေ့ ရင်းနှီးရတဲ့အခါ စာပေတင်သာမက နိုင်ငံရေးစိတ်ဓာတ်နဲ့ စိတ်ထားက ရိုးရှင်း ခိုင်မာ တည်ကြည် ဖြောင့်တန်းသူအဖြစ် ချစ်ခင်ရင်းနှီးရလို့ ဖြစ်ပါတယ်။ ပြောမနာဆိုမနာ ဘယ်အချိန်တွေ့တွေ့ဘယ်နေရာတွေ့တွေ့ တစိတ်တည်း တလမ်းတည်း တခုတည်း တဘ၀တည်း သာရှင်သန်သူတဦးမို့ သူ့လိုလူမျိုးနဲ့ မိတ်ဆွေဖြစ်ခွင့်ရတာအပြင် နိုင်ငံရေးအရလည်း သိကျွမ်းပြောဆို ဖလှယ်ဆွေးနွေးမှု အမြဲလုပ်နိုင်တာ၊ ဘယ်တော့မှ ရန်သူမဖြစ်တာ၊ တစိမ်းမဆန်တာကို ယုံကြည်သက်ဝင်မိလို့ နိုင်ငံရေးမိတ်ဆွေလို့ ရေးတာပါ။ ကျနော့်မှာ အဲသည်လို နိုင်ငံရေးမိတ်ဆွေတွေ အများကြီးလိုပါတယ်။ အများကြီး မရှိတော့လည်း ရှိတာလေးနဲ့ ကျေနပ်ရတာပေါ့။ အခုတော့ သူ့က ကျနော်တို့ကို ထားခဲ့ပါပြီ။
နာရေးဆောင်းပါးတွေ ကျနော်က ရေးနေကျ ဖြစ်နေပါပြီ။ ၈၈ အရေးတော်ပုံနောက်ပိုင်း လူကြီးတွေ မိတ်ဆွေတွေ ရဲဘော်တွေ ကျဆုံးတိုင်း ကျနော်က မိုးမခမှာ ပင်တိုင် နာရေးအမှတ်တရဆောင်းပါးတွေ ရေးပါတယ်။ စစ်အုပ်စုလက်အောက်မှာ နေထိုင်ရသူတွေနဲ့ ရင်းနှီး သက်ဝင်သော်လည်း ကျနော်တို့တတွေက နှုတ်လုံ ပါးစပ်ပိတ် နားပိတ်နေတတ်ရပါတယ်။ စစ်အုပ်စုနဲ့ လက်ပါးစေတွေက စာပေသမားတွေ မိသားစုတွေကို နည်းအမျိုးမျိုးနဲ့ ကန့်သတ် ဖိနှိပ် ရန်ရှာ တိုက်ခိုက်လွန်းတော့ ကျနော်တို့က ရင်းရင်းနှီးနှိး စာထဲပေထဲ မရေးကြပါဘူး။ စည်းကမ်းထားကြပါတယ်။ သူတို့ကလည်း ပြည်ပက စာနယ်ဇင်းတွေမှာ ကလောင်အမည် အရင်းနဲ့ ရေးကြလေ့ မရှိပါဘူး။ သို့သော် သူတို့ ကွယ်လွန် ဆုံးရှုံးကြရင်ဖြင့် ကျနော်တို့က နာရေးဆောင်းပါး ပွင့်ပွင့်လင်းလင်းရေးပြီး ဂုဏ်ပြု နှုတ်ဆက်ခွင့် ရကြပါတယ်။ စာပေအနုပညာတခုခုဖြင့် လွမ်းသူ့ပန်းခွေ ချရတယ်လို့ ဆိုရမှာပေါ့ ခင်ဗျာ။
၂၀၁၀ နောက်ပိုင်း အနည်းငယ် လွတ်လပ်လာလို့ ကျနော်တို့ ပြည်တော်ဝင်ကြတော့ စာပေမိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆို ရေးသား ဖော်ပြနိုင်ကြပါတယ်။ အဲသည်ကနေ ကျနော်တို့ ခန ခန အိမ်ပြန်ကြပါတယ်။ အိမ်ပြန်တိုင်း ကိုနောင်ကျော်နဲ့ အမြဲချိန်းတယ်။ ပန်းဆိုးတန်းလမ်းအပေါ်ဘလောက်က လဘက်ရည်ဆိုင်မှာ။ ညနေနည်းနည်းစောင်းရင်း သူထိုင်တဲ့ ရွှေလီ (ထင်ပါရဲ့) စားသောက်ဆိုင်မှာ။ အခြားစာပေသမား နိုင်ငံရေးသမားတွေ တဦး နှစ်ဦးလည်း ပါတတ်ပါတယ်။ ပြောချင်တာ ပြော ဆိုချင်တာဆို ဆွေးနွေးချင်တာ ဆွေးနွေးပါပဲ။ ကျနော်က လူငယ်ဆိုတော့ လူကြီးကို ပြောမနာ ဆိုမနာ စနောက်ပါတယ်။ သူကလည်း ပျော်ပျော်ရွှင်ရွှင် နောက်နောက်ပြောင်ပြောင်နေပါတယ်။ မြန်မာပြည်အရေးနဲ့ သူရေးတာတွေ သူစဉ်းစားတာတွေ ကျနော်တွေးတာတွေ ပွင့်ပွင့်လင်း ပြောဆို ကြတဲ့ ညနေခင်းများ ဖြစ်ပါတယ်။
စစ်တပ်က ၂၀၂၁ မှာ အာဏာသိမ်းလိုက်တော့ မြန်မာပြည်က မိတ်ဆွေတွေနဲ့ ကျနော်တို့ ဝေးကွာသွားကြရပါတယ်။ အခု ဝေးကွာတာက ယခင်ကထက် ပိုမိုစိမ်းကားသော ဝေးကွာအေးစက်မှုပါ။ စစ်ကောင်စီက အာဏာမသိမ်းခင်ကတည်းက ကြိုတင်ပြီး စာပေအနုပညာသမားတွေကို ဖမ်းဆီး နှိပ်ကွပ်တာတွေ လုပ်ခဲ့ပါတယ်။ ကိုနောင်ကျော့်မိတ်ဆွေ စာရေးဆရာ မောင်သာချိုလည်း အဖမ်းဆီးခံရပါတယ်။ ရွေးကောက်ပွဲနိုင်တဲ့ NLD ပါတီ လူတွေ အမတ်တွေကို မတရားလိုက်ဖမ်း သတ်ဖြတ်တာတွေလည်း ကျုးလွန်ပါတယ်။ နွေဦးတော်လှန်ရေးပေါ်ထွန်းလာတော့ စစ်တပ်က လက်နက်မဲ့ လူငယ်တွေ ပြည်သူတွေကို တရားလက်လွတ် ဖမ်းဆီး သတ်ဖြတ် ပစ်သတ် လုပ်ကြံတာတွေ နေ့စဉ်ရက်ဆက် ကျုးလွန်ပါတယ်။ သည်တော့ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်တွေက မြန်မာပြည်သူတွေကို လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ဖို့ တွန်းပို့လိုက်ပါတယ်။
နွေဦးတော်လှန်ရေးကာလမှာ ကျနော်တို့တတွေက ပြည်တွင်းက စာပေမိတ်ဆွေ နိုင်ငံရေးမိတ်ဆွေတွေနဲ့ တစိမ်းပြင်ပြင်လို နေကြရပါတယ်။ သာရေး နာရေး အလာပသလာပတောင် မပြောဖြစ်ကြတော့ပါ။ စစ်အာဏာရှင်နင်းချေမှုအောက်မှာ သူတို့တွေ မလိုအပ်ဘဲ ထိခိုက် ပျက်စီးမှာ စိုးလို့ ကျနော်တို့ သူစိမ်းဆန်ဆန် နေကြရတယ် ဆိုကြပါစို့။
သို့ပေမယ့် သေခြင်းတရားကတော့ အချိန်လည်း မစောင့်ပါဘူး။ ကိုဗစ်ကာလကစပြီး စစ်ကောင်စီကာလထဲမှာလည်း မိတ်ဆွေတွေကို တဦးပြီးတဦး အညှာကနေ ရက်ရက်စက်စက် ခြွေမွ ခြွေချသွားတော့တာပါပဲ။ ကျနော်တို့မှာ ယခင်ကာလတုန်းကလို နွေးထွေးတဲ့ စကားတွေ အပြုံးတွေနဲ့ နှုတ်ဆက်ခွင့်တွေ မရခဲ့ကြပါဘူး။ စစ်အာဏာရှင်အောက်မှာ ကျနော်တို့ လက်လွတ်ဆုံးရှုံးလိုက်ရသူတွေ အများကြီးမှ အများကြီးပါ။ ကိုနောင်ကျော်ကိုလည်း ကျနော် နှုတ်ဆက်စကား ပြောခွင့်မကြုံလိုက်တော့ပါဘူး။ ဆရာမောင်ခင်မင်ဆုံးတော့၊ ဆရာ မောင်သာချိုဆုံးတော့ အကြောင်းဆက်စပ်ပြီးတောာင် ကိုနောင်ကျော်ကို သတင်းမမေးမိပါ။ ကျနော်တို့တွေက အရေးတော်ပုံကာလတွေမှာ ရှင်ကွဲ သေကွဲတွေ များလွန်းအားကြီးတော့ ခံစားချက်တွေ နှလုံးသားတွေက လိုအပ်တာထက်ပိုပြီး ထုံနေသလား မသိပါ။
အခု ကိုနောင်ကျော် ဆုံးတော့ ဒါလေးတွေးမိပါတယ်။ ကျန်ရစ်သေးတဲ့ မိတ်ဆွေတွေကိုလည်း နောင်ဆို မစိမ်းကားဘဲ သိုသိုသိပ်သိပ် နွေးနွေးထွေးထွေး ဆက်ဆံဦးမှလို့ တွေးမိလာပါတယ်။
နောက်တခုက ကိုနောင်ကျော်ကို ကျီစယ်မိတဲ့ကိစ္စပါ။ သူက နိုင်ငံရေးပါတဲ့ အချစ်၀တ္ထုရေးပါတယ်။ သူ့ဇာတ်ကောင်ကလည်း ပြည်တွင်းစစ်ကြီးပြီးမှ သူ့ချစ်တဲ့သူနဲ့ ပေါင်းနိုင်မယ် ဆိုတာချည်းပဲ။ မိန်းကလေးက မမူရဘူး။ အမျိုးသားဇာတ်ကောင်က နိုင်ငံရေးကို နောက်ဆံတင်းလွန်းလှတော့ အိမ်ထောင်ကျဖို့၊ သမီးရည်းစားချစ်ကြဖို့တောင် မစဉ်းစားသေးဘူးတဲ့လေ။ သည်တော့ ကျနော်က ဆရာရယ် သည်လိုသာဆိုရင် ကျနော်တို့ မြန်မာပြည်ကြီး မျိုးတုံးကုန်မှာပေါ့။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ဆိုတာ ကျနော်တို့ တသက်မှာ ဖြစ်နိုင်ပါ့မလား။ ဆရာ ဇာတ်ကောင်လည်း လူပျိုကြီးကနေ လူအိုကြီး ဖြစ်ပြီး ဇာတ်သိမ်းရတော့မှာလို့ နောက်မိပါတယ်။ အဲသည်တုန်းက ဆရာက ပြုံးပြုံးကြီးနဲ့ပါပဲ။ သူပြောနေကျ သည် “သောက်ကလေးတွေက” လို့ ပြောတာမျိုးတော့ ကျနော့်ကို ပြန်ပြောခဲ့မယ် ထင်ပါရဲ့။ အခုတော့ ကိုနောင်ကျော်၏ တသက်မှာ သူမြင်လိုတဲ့ ငြိမ်းချမ်းရေးကို မမြင်လိုက်ရတော့ပါဘူး။
ကိုနောင်ကျော်၏ တသက်လုံး ရင်းနှီးပြီး ရေးသားပြောဆို တင်ပြ မျှဝေခဲ့တဲ့ စာပေဆောင်းပါး အတွေးအမြင်တွေဟာ ကျနော်တို့၏ တော်လှန်ရေးအတွက် စာပေသင်ရိုး နိုင်ငံရေးဖတ်စာတွေအဖြစ် တင်ကျန်ရစ်ခဲ့ပြီ။ ရည်ညွှန်းစာတွေအဖြစ် ကျန်ရစ်ခဲ့ပြီလို့ ပြောလိုပါတယ်။ သူများတွေ လက်မခံရင်လည်း ကျနော်ကတော့ မေးလာရင် သူ့စာတွေ ဖတ်ကြည့်ဖို့ ညွှန်းရမှာပဲ။ သူရေးတဲ့ နိုင်ငံရေးနောက်ခံ အချစ်၀တ္ထုလည်း ညွှန်းပြရမှာပဲ။ တော်လှန်ရေးလည်း လုပ်ပါ။ အိမ်ထောင်ပြုတာကိုလည်း မေ့မထားနဲ့လို့ ကိုနောင်ကျော့် ဥပမာထားပြီး ရယ်စရာလေးလည်း ပြောရမှာပဲ။
လက်နက်ကိုင်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်ကြီးထဲ ကျနော်တို့ ဒုတ်ဒုတ်ထိ ဖြတ်သန်းနေကြရချိန်ဖြစ်တော့ သူ့၀တ္ထုလေးတွေ သူ့အက်ဆေးလေးတွေ ဖတ်ရင်း အတွေးပေါ်မိတာလေး ရေးချင်ပါတယ်။ ကိုနောင်ကျော်ကို ၂၀၁၀မှာ ကိုဝင်းငြိမ်းတို့ ရွှေအမြုတေက စာပေဆု ချီးမြှင့်ပါတယ်။ သူ့စာတွေ ခံစားချက်တွေကို မြန်မာပြည်သူတွေ မျိုးဆက်သစ်တွေ အာရုံစိုက်မိလာပါတယ်။ မြန်မာပြည်စာပေလောက၏ ပင်မရေစီးက ပြည်သူအများစု နေထိုင်ရာ ကျေးလက်နဲ့ မြို့ပြတွေ ဖြစ်တော့ ပြည်သူတွေ၏ ခံစားချက်နဲ့ အတွေးအခေါ်ကို ဖော်ပြ ထင်ဟတ်တာကို ဘ၀သရုပ်ဖော်စာတွေလို့ ခေါ်ကြလေ့ရှိတယ် ထင်ပါတယ်။ ကိုနောင်ကျော်က သူဖြတ်သန်းခဲ့တဲ့ ခေတ်ကို သူ့အမြင်အတိုင်း ဖော်ကျုးခဲ့တာ ဖြစ်ပါတယ်။
အခုလို ပြည်တွင်းစစ်ကာလကြီးမှာ ပြည်သူတွေ၏ ဘ၀ခံစားချက်ကို ထင်ဟတ် ပေါ်လွင် တင်ပြတဲ့ ဘ၀သရုပ်ဖော်စာပေတွေ၏ လှိုင်းနဲ့ အရွေ့က ပေါ်ထွန်း မြင်သာလာပြီလား လို့ တွေးနေမိပါတယ်။ ယခုနွေဦးတော်လှန်ရေးကာလ ၅ နှစ် ကျော်လာပါပြီ။ ပြည်သူလူထု လို့ ဆိုတဲ့ဆီမှာ တော်လှန်ဒေသတွေ ၊စစ်ဘေးရှောင်တွေ ၊စစ်မီးသင့်ဒေသတွေ၊ လက်နက်ကိုင်ထားတဲ့ လူငယ်တွေ၊ ပညာတပိုင်းတစတွေ၊ နယ်စပ်ဖြတ်ကျော်တွေ၊ မိဝေး ဘဝေး အိမ်ဝေး၊ မိမဲ့ ဘမဲ့ ခြေလက်မဲ့တွေ၊ ပြေးရင်းလွှားရင် စာဖတ်နေသေး စာသင်နေသေးတဲ့ မျိုးဆက်သစ်တွေ … အဲသည်လိုမျိုး ကျနော့်မျက်စိထဲ မြင်ယောင်လာပါတယ်။ အဲသည် သမိုင်းသစ် အဲသည်တိုင်းပြည် အချိုးအကွေ့တွေကို ကျနော်တို့ နောက် စာပေမျိုးဆက်တွေက ဆက်လက်ပြီး သရုပ်ဖော်ပန်းချီကားကြီးအဖြစ် ပြည့်စုံအောင် ရေးဆွဲကြရဦးမှာ ဖြစ်ပါတယ်။ ကိုနောင်ကျော်ကလည်း သူဖြတ်သန်းခဲ့သမျှ ဘ၀ကို ရိုးရှင်း ဖြောင့်တန်းစွာ ဖော်ကျုးဖွဲ့ဆိုခဲ့ပါပြီ။ ကျနော်တို့တွေလည်း သည်ခရီးကို ဆက်သွားကြရဦးမှာ ဖြစ်ပါတယ်။
ကိုနောင်ကျော် သက်တော်ရာကျော်ရှည်ပါစေ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
