Breaking News

မာန်(တောင်လုံးပြန်) - တနင်္ဂနွေကို ရောင်းချခြင်း (၁)

မာန်(တောင်လုံးပြန်) - တနင်္ဂနွေကို ရောင်းချခြင်း (၁)

မိုးမခ ၊ ဩဂုတ် ၂၇ ၊ ၂၀၂၅

"ဟေ့၊ ဒီနိုင်ငံမှာ ဘဏ်ထဲ ဒေါ်လာ ၂၀၀၀ ရှိရင် အကောင်ပဲကွ"

ရောက်စက မကြာမကြာ ကြားရသော စိန်ခေါ်မှုတရပ်ပါ။

နေနှင့်ဦးပေါ့ကွာ။

ငါ့အစွမ်း ပြရချေသေးဟု။



ကျနော် ဒီနိုင်ငံရောက်တော့ ၂၀၂၁၊ နွေဦး။ အသက်က ငါးဆယ် စွန်းပြီ။

ကျနော့်အဖို့ ရေစိမ်း၊ မြေစိမ်းသာမက၊ တိုက်ခတ်နေသော လေတွေကလည်း စိမ်း၊ လူတွေက စိမ်း၊ထိတွေ့ဆက်ဆံရသမျှ အားလုံး အစိမ်းသက်သက် စိမ်းကြလေသည်။ ရုတ်ခြည်း အကျွမ်းဝင်ရခက်လှသည်မို့ ဟစ်၍သာ အော်လိုက်ချင်စိတ်မှာ မကြာခဏပင်။

ရက်ဗျူဂျီဘဝ ထုံးစံအတိုင်း ယဥ်ကျေးမှုသင်တန်းတွေ တက်ရသည်။ ဘာသာစကားအတွက်အချိန်ပိုင်းဖြင့် ကျောင်းတက်ရသည်။ ဘတ်စ်ကားကောင်းကောင်းစီးတတ်အောင် သွားရလာရသည်။ ဆေးလာစစ်ဖို့ ခေါ်လျှင် မဖြစ်မနေ သွားရသည်။ email ဖြင့် ရုံးဌာနက မကြာမကြာဆင့်ခေါ်လေတိုင်း အချိန်မီကြွလှမ်းရသည်။

နေထိုင် စားသောက်ရေးမှာတော့ လူခံ မဝင်းဝင်းတို့ သားအမိ ရှိနေသည်မို့ အဆင်ပြေပါသည်။ ပြီးတော့ မဝင်းဝင်းက ကျနော့်အိမ်ရှင်။ သူက လက်ခံကူညီပါမည့်အကြောင်း သူတို့မြို့ ရုံးဌာနကိုအကြောင်းကြားထားသဖြင့် ကျနော့်အတွက် ခြေချစရာ၊ ကျောခင်းစရာ ရရှိခဲ့ခြင်းပင်။ သူတို့မြို့လေးက နယူးယောက်ပြည်နယ် အစိုးရရုံးစိုက်ရာ အော်ဘာနီမြို့လေး ဖြစ်သည်။

ကျနော့်မှာ ထိုကာလကစ၍ သင်ယူစရာတွေက အနန္တ။ ဒီနိုင်ငံအား ရုပ်ရှင်ဇာတ်ကားများဖြင့်သာ ရင်းနှီးခဲ့ရပြီး လက်တွေ့ကျကျ ကြုံရသည့်အခါ ရုပ်ရှင်များသည် အဆမတန် တင်စားထားချက်များပါလားဟု ကျကျနနကြီး သိရပါပြီ။ သို့သော်လည်း လူပျိုပေါက်အရွယ်ကတည်းက လှုပ်ရှားရုန်းကန်ခဲ့ရသော လူစားမို့ အလုပ်ရလျှင်ဖြင့်ပြီးသွားမှာပါဟု တွေးရတော့သည်။

ထိုစဥ်ကတော့ တနင်္ဂနွေ စိန်ခေါ်မှုကို နားမလည်မိသေး။




ကျနော်သည် တနင်္ဂနွေအား ၃ နှစ်လုံးလုံး ကာကွယ်နိုင်ခဲ့သည်။

ပထမအကြိမ် အလုပ်ခွင်ထဲ ရောက်ရောက်ချင်းမှာပင် "ကိုမက်ခရူး" က ကျနော့်ကို သင်ကြားပေးရင်း သြဝါဒခြွေသည်က—

"ခင်ဗျားတို့ ကျနော်တို့အရွယ်တွေက အလုပ်နင်းကန်လုပ်ဖို့ မကောင်းဘူးဗျ၊ ကျန်းမာရေး ထိခိုက်သွားရင် စရိတ်က တအားကြီးတယ်၊ ဖြည်းဖြည်းလုပ်ဗျ"

ထိုကိစ္စသည် အလုပ်ခွင်၌ အော်ဒါများ တိုးလာချိန်တွင် အားလုံး အချိန်ပိုဆင်းကြပါဗျို့ဟု မန်နေဂျာက ဆော်သြရာမှ စခဲ့လေသည်။

ကျနော်သည် ၃ လ အစမ်းခန့်ကာလသမားမို့ အချိန်ပိုမဆင်းလည်း ရပါသည်။ နေ့စဥ် ဂျူတီက ပထမအလုပ်ခွင်ချိန်မို့ နံနက် ၇ နာရီခွဲမှ ညနေ ၃ နာရီခွဲ။ စနေ၊ တနင်္ဂနွေ အပြည့်နားရသည်။

ကျနော် လုပ်ရသည့် ကြေးနန်းကြိုးထုတ်သောစက်ကြီးပိုင်း၌ "ကိုမက်ခရူး"အပြင် "ဒွန်"လည်း ရှိသည်။

"ဒွန်"က စပိန်နွယ်ဖွား၊ ပေါ်တေရီဂိုသား။ ပူပူနွေးနွေး ကလေးအဖေ။ အသက်က ၃၀ အရွယ်။ အလုပ်ကိုအင်မတန်ကျွမ်းကျင်သူဖြစ်ပြီး တစ်နေ့ကို အချိန်ပို ၄ နာရီ မရလျှင် ဖျတ်ဖျတ်လူးကာ၊ စားမဝင်ရှာသူ။ စက်ရုံကြီးက တစ်နေ့ ၃ ဆိုင်း လည်ပတ်သည်မို့ အချိန်ပိုရှာရသည်မှာ မခက်။

"ကိုမက်ခရူး"ကတော့ ပြောင်းပြန်။ တခါတရံ စောစောပြန်လစ်ဖို့ ချောင်းနေသူ။ သူက သူသာမက သူ ထရိန်းပေးထားသော ကျနော့်ကိုလည်း သူ့ပါတီဝင်ဖြစ်စေခြင်းငှာ သြဝါဒခြွေလေ့ရှိသည်။ သူ့သြဝါဒက စနေ၊ တနင်္ဂနွေကို ကာကွယ်ဖို့ အဓိက။

သြော်... ကျနော့်ဝင်ငွေက အစမ်းခန့်ကာလအတွင်း ၁ နာရီ လုပ်အားခအဖြစ် ($၁၈.၃၀ဆင့်) ရသည်။ နေ့စဥ် ၈ နာရီ။ တစ်ပတ်လျှင် နာရီ ၄၀ ပုံမှန်အလုပ်ချိန် ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ဆိုလျှင် လစာက ဘဏ်စာရင်းသို့ အလိုလိုဝင်လာပါပြီ။ အစပိုင်း၌ အခွန်စနစ်တွေ ကျနော် ကောင်းကောင်းမသိ။ ကျနော် မသိသော်ငြား အခွန်ဌာနကြီးကကျနော့်အား ခွင့်တောင်းနေသည် မဟုတ်။ အခွန်ခေါင်းစဥ်မျိုးစုံတို့သည် ကျနော်၏ ၁ နာရီလုပ်အားခပေါ် မူတည်လျက် ပြည်နယ်ခွန်က ဘယ်မျှ၊ ဖက်ဒရယ်ခွန်က ဘယ်ရွေ့၊ နယူးယော့မှာ နေခ ဘယ်လောက်၊ ကျန်းမာရေးခွန်က ဘယ်ရွေ့ စသဖြင့် ဖြတ်တောက်သုတ်သင်ပြီးကာမှ၊ မောင်မင်းအတွက် ယခုအပတ်လစာဤရွေ့ဤမျှ ရပါပေသည်ဟု စာရင်းရှည်ကြီးနှင့်တကွ ဝင်လာခြင်းပင်။ အစက ကျနော် ဘာသိမလဲ။ ဘဏ်စာရင်းထဲ ဝင်လာသည့် လစာကိုသာ ကြည့်ပြီး၊ သြော် ဒီတစ်ပတ် လစာ ဒီလောက်ရပါလားဟုသာ။

ဆက်ပါဦးမည်။

မာန်(တောင်လုံးပြန်)

ခေတ္တ-ယူအက်စ်အေ


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar