တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေမှာ ဘုံရည်မှန်းချက်နဲ့ အကျိုးစီးပွား တူညီနေကြရဲ့လား
မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၂၁ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၂၊ ၂၀၂၅
တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေမှာ ဘုံရည်မှန်းချက်နဲ့ အကျိုးစီးပွား တူညီနေကြရဲ့လား
အာဏာသိမ်း စစ်တပ်နဲ့ ယှဥ်ပြိုင်တိုက်ခိုက်နေကြရတဲ့ တော်လှန်ရေးလက်နက်ကိုင် တပ်ဖွဲ့တွေမှာ ဘုံရည်မှန်းချက်နဲ့ ဘုံအကျိုးစီးပွား ရှိနေကြရဲ့လား ဆိုတဲ့ မေးခွန်းဟာ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်း ကာလအလွန်မှာ ပေါ်ထွက်လာတဲ့ မေးခွန်းတရပ်ဖြစ်ပါတယ်။
အမှန်တော့ ၁၀၂၇ စစ်ဆင်ရေး ကာလတွေ မတိုင်ခင်ကတည်းကလည်း ဖက်ဒရယ် အရေး ကွန်ဖက်ဒရိတ် အဆင့်အတန်းနဲ့ ပတ်သက်လို့ဖြစ်စေ၊ ပြည်နယ်ထူထောင်ခွင့်နဲ့ ပတ်သက်လို့ ဖြစ်စေ မေးခွန်းတွေ ရှိနေပေမယ့် ရေရာတဲ့ မူဝါဒက အင်အားစုတွေအကြားမှာ ဆွေးနွေးသဘောတူညီကြပြီးသား အနေအထားတော့ မဟုတ်ပါဘူး။ အနာဂတ် ပြည်ထောင်စုမြန်မာနိုင်ငံကို ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ ထူထောင်ကြမလဲ၊ မျှော်မှန်းထားတဲ့ ပုံစံမော်ဒယ်က ဘယ်ဖက်ဒရယ်စနစ်မျိုး ဖြစ်မလဲ၊ ဖက်ဒရယ်ဒီမိုကရေစီလား သို့မဟုတ် အချို့သော ဒေသတွေမှာ လက်ရှိအုပ်ချုပ်မှုပုံစံဖြစ်တဲ့ ပဒေသရာဇ်စနစ် အငွေ့အသက်၊ အာဏာရှင် သဘောသဘာဝတွေ ပါဝင်နေတဲ့ အုပ်ချုပ်ရေးမျိုးလား ဆိုတဲ့ နိုင်ငံရေးစနစ်တွေ နဲ့ ပတ်သက်လို့လည်း တိတိပပ ဆွေးနွေး သဘောတူထားကြတဲ့ အနေအထားတော့ ရှိမနေတာ သတိပြုမိပါတယ်။
ဒီကာလမှာ ဒါတွေ အသေးစိတ်ဆွေးနွေးဖို့ မလိုအပ်သေးဘူး ဆိုတဲ့ ယူဆချက်တွေလည်း စစ်ရေး နိုင်ငံရေး အဖွဲ့အစည်းတွေကို ဦးဆောင်သူ အချို့မှာ ရှိနေကြတာတွေ့ရပါတယ်။ လောလောဆယ်မှာ ဘုံတူညီချက် ဖြစ်တဲ့ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး၊ အာဏာသိမ်း စစ်တပ်ပြုတ်ကျရေး အချက်မှာ တူညီဖို့သာ အဓိကဆိုတဲ့ ယုတ္တိဆင်ခြေနဲ့ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ လူထုကို စည်းရုံးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ “တော်လှန်ရေး” ဆိုတဲ့ စကားလုံးက အတွေးအခေါ် အယူအဆအားဖြင့် တော်လှန်သော၊ လုပ်နည်းလုပ်ဟန်အားဖြင့် တော်လှန်သော ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် အထိ ကောက်ယူကြတာထက် စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံးကို ယေဘုယျဆန်ဆန် သုံးနှုန်းကြတဲ့ သဘောလည်း တွေ့ရမှာ ဖြစ်ပါတယ်။
အချို့သော လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အာဏာရှင် စစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်နေကြပေမယ့် အတွေးအခေါ်အားဖြင့် မူဝါဒအားဖြင့် အာဏာရှင်စနစ်ကို ဆန့်ကျင်တာမျိုးထက် အကျိုးစီးပွားဆန့်ကျင်ဘက် ဖြစ်မှုကြောင့်၊ အုပ်ချုပ်ခွင့်၊ နယ်မြေစိုးမိုးခွင့်နဲ့ သယံဇာတ ထုတ်ယူသုံးစွဲခွင့်တွေမှာ အကျိုးစီးပွား ဆန့်ကျင်ဘက် ဖြစ်နေတာကြောင့် လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်နေတဲ့ သဘောမျိုးကိုလည်း သေချာစွာ စေ့ငုကြည့်ရင် တွေ့ရမှာ ဖြစ်ပါတယ်။ ပဒေသရာဇ် စနစ်ဆန်ဆန် မျိုးရိုးစဥ်ဆက် နိုင်ငံရေး စစ်ရေးအာဏာတွေကို ချုပ်ကိုင် ထားကြတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အုပ်ချုပ်တဲ့ ဒေသတွေလည်း ရှိသလို၊ နိုင်ငံရေး ဦးဆောင်မှုကို ရွေးကောက်ခံစနစ်နဲ့ ရွေးချယ် တာဝန်ယူကြတာမျိုး မဟုတ်ဘဲ၊ လက်နက်ကိုင် တပ်ဖွဲ့တွေက ဦးဆောင်သူက နိုင်ငံရေး ခေါင်းဆောင် အလိုအလျှောက် သတ်မှတ်ကြတဲ့ စနစ်မျိုးနဲ့ သွားနေကြတဲ့ အဖွဲ့အစည်းနဲ့ နယ်မြေဒေသတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ မကြာသေးခင် ဆယ်စုနှစ်တွေကာလကျ မှ ပေါ်ထွက်လာတဲ့ အဖွဲ့အစည်းတွေ ဖြစ်လို့ ရွေးကောက်ခံစနစ်နဲ့ နိုင်ငံရေး ဦးဆောင်မှုကို ရွေးချယ်တာမျိုး မကျင့်သုံးနိုင်သေးတာကို အနေအထားတခုထိ နားလည်ပေးနိုင်ပါတယ်။ သို့ပေမယ့် စစ်ရေးခေါင်းဆောင်က နိုင်ငံရေး ခေါင်းဆောင် အလိုအလျှောက် တာဝန်ရယူတာမျိုးက ၄င်းတို့ဒေသ၊ ပြည်ထောင်စုရဲ့ အနာဂတ်မှာ အခက်အခဲ အဖုအထစ်တွေ ပေါ်ထွက်လာစေနိုင်တာလည်း ဖြစ်ပါတယ်။
ဒီလိုကာလမှာ စစ်အာဏာရှင် ပြုတ်ကျရေးသာ အာရုံစိုက်သင့်ပြီး ကျန်တဲ့ မတူညီကွဲလွဲမှုတွေက စစ်အာဏာရှင် ပြုတ်ကျပြီးနောက်မှာ မိမိတို့အချင်းချင်း ဖြေရှင်းလို့ ရတယ်ဆိုတဲ့ အယူအဆ ပြောဆိုချက်က လက်တွေ့ အဖြစ်အပျက်တွေမှာ မှန်ကန်ပါရဲ့လား။
ဘုံရန်သူကို တိုက်ခိုက်နေချိန်မှာ အနာဂတ်မှာ ထူထောင်မယ့် ပြည်ထောင်စုနိုင်ငံ နဲ့ ပတ်သက်တဲ့ အသေးစိတ် ပုံဖော်မှုတွေအထိ တူညီဖို့အထိ ညှိနှိုင်းဆွေးနွေးတာမျိုး အထိ မလိုအပ်ပေမယ့်လည်း စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် တိုက်ပွဲအတွင်းမှာ အနာဂတ် ပန်းတိုင်က ဘယ်အကွာအဝေးထိ တူညီကြတာလည်း ဆိုတဲ့ အနေအထားမျိုးကိုတော့ အဖွဲ့အစည်းတွေအကြားမှာ ဆွေးနွေးနားလည် ထားကြဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။
အချို့သော လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပန်းတိုင်က အနည်းငယ် အလှမ်းကွာသေးတယ်လို့ ယူဆနေကြပေမယ့် အချို့သော အဖွဲ့အစည်းတွေအဖို့ လက်နက်ကိုင် တိုက်ပွဲတွေ နဲ့ အောင်မြင်မှုတချို့ ရရှိချိန် နယ်မြေဒေသ အတိုင်းအတာတခုထိ သိမ်းပိုက်ရရှိချိန်မှာ သူတို့ ရည်မှန်းချက်ပန်းတိုင် ရောက်နေပြီလို့ အကဲဖြတ် မှတ်ယူကြတာမျိုးလည်း ရှိနိုင်တာ ဖြစ်ပါတယ်။
ဖက်ဒရယ် စနစ်နဲ့ အနာဂတ်နိုင်ငံကို ထူထောင်တည်ဆောက်ကြမယ်ဆိုတဲ့ ဘုံသဘောတူညီချက်မှာတော့ တော်လှန်ရေးလက်နက်ကိုင်အင်အားစု အတော်များများ ယေဘုယျ သဘောတူကြထားကြတာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ ပထမကာလနဲ့ ဒုတိယကာလနှောင်းပိုင်းတွေ ရောက်လာတဲ့အခါမှာ နယ်မြေစိုးမိုး အုပ်ချုပ်မှု၊ သယံဇာတ ထုတ်ယူမှု၊ အခွန်အကောက် ကောက်ခံမှုနဲ့ စစ်သားစုဆောင်းမှု ကိစ္စရပ်တွေ နဲ့ ပတ်သက်လို့ လက်တွေ့ရင်ဆိုင်ကြရတဲ့ စိမ်ခေါ်မှုတွေ၊ ပွတ်တိုက်မှုတွေ ပေါ်ထွက်လာခဲ့တာ တွေ့ကြရပါတယ်။
ဒီအဖြစ်အပျက်တွေက စစ်အာဏာရှင် ပြုတ်ကျရေးက ပထမ ကျန်တာအားလုံး စစ်အာဏာရှင် ပြုတ်ကျပြီးနောက်မှ ဖြေရှင်းလို့ ရတယ်ဆိုတဲ့ ယူဆချက်က လက်တွေ့မှာ အပြည့်အဝ မှန်ကန်ခြင်း ရှိမနေတာ သိရှိလာရပါတယ်။
အာဏာရှင် စစ်တပ်ကို အနိုင်ရလို့ သိမ်းယူရရှိတဲ့ နယ်မြေတွေကို စိုးမိုးအုပ်ချုပ်ခွင့် နဲ့ မိမိတို့ ပိုင်ဆိုင်ရရှိတဲ့ နယ်မြေအဖြစ် အသိပေးကြေညာခြင်းတွေမှာ အခြားသော တိုင်းရင်းသားဒေသခံနဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ ပွတ်တိုက်မှုတွေ ယခင်မကြုံခဲ့ရဖူးတဲ့ ပြဿနာအသစ်တွေလည်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပွတ်တိုက်မှုတွေ နယ်မြေပိုင်ဆိုင်မှုနဲ့ ဆက်စပ်ပြီး ပေါ်ထွက်လာတဲ့ ထိတွေ့မှု၊ အင်အားပြိုင်ဆိုင်မှု၊ လက်ဦးမှုရယူ ထိန်းချုပ်မှုတွေကို သုံးသပ်ကြည့်ရင် စစ်အာဏာရှင်ခေတ် အလွန် အနာဂတ်မှာ ကြုံတွေ့ရနိုင်ခြေရှိတဲ့ ပြဿနာအသစ်တွေ ဖြစ်ပြီး မိတ်ဆွေကနေ ရန်သူဖြစ်လာနိုင်တဲ့ အနေအထားတွေလည်း ဖြစ်ပါတယ်။
ဒီလို ပြဿနာသစ်တွေ ပေါ်ထွက်လာချိန်နဲ့ ဒီအခွင့်အလမ်းကို အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ အာဏာရှင်စစ်တပ်ကလည်း အမိအရ ရယူ အသုံးချနိုင်သေးတာ ဖြစ်ပါတယ်။ အချို့သော တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေကို ယခင်က မပေးဖူးတဲ့ အခွင့်အရေးပေးတာ၊ ကမ်းလှမ်းတာတွေ လုပ်ဆောင်ပြီး ကြားနေဖို့ သို့မဟုတ် ဒီထက်ပိုရင် မဟာမိတ်ဖွဲ့ ဖို့ အထိ ကြိုးစားမှုတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။
ဒီလို ရေဆန်မှာ ချောပြီး ရေစုန်ကျမှ မောရတဲ့ အခြေအနေမျိုး မကြုံရအောင် ဆွေးနွေးညှိနှိုင်းပြီး သဘောတူညီမှု ယူထားရမယ့် အရာတွေကို အချိန်မဆွဲဘဲ၊ ရေစုန်မျှော မထားဘဲ အချိန်မှီအဖြေရှာ ဖြေရှင်းပြီး အမှန်တကယ်တူညီတဲ့ ပန်းတိုင်နဲ့ လမ်းစဥ်တွေကို ချမှတ်ထားနိုင်မှသာ အောင်ပွဲက နီးကပ်လာမယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar