မောင်ဘဦး - မလာပါနဲ့ သမီးလေး
မောင်ဘဦး - မလာပါနဲ့ သမီးလေး
မိုးမခ ၊ ဩဂုတ် ၂၃ ၊ ၂၀၂၅
(အညာရွာ၊ ဖုန်းလိုင်းမိသော နေရာမှ မိခင်နှင့်၊ သူနာပြုအကူ၊ ဆေးဝါးဗေဒ ဖမ်မကော်လော်ဂျီ ၃-လ သင်တန်းတက်ပြီး ပုဂ္ဂလိကဆေးရုံကြီးတွင် အလုပ်လုပ်နေသော သမီးတို့၏ အချီအချ စကားပြောခန်း)
(၁)
အညာက ရွာ၊ ပြန်လာချင်တယ် ...။
မလာစေလို၊ မန်းရွှေမြို့ကြီး၊
မီးမှန်ရေမှန်၊ ဝိုင်ဖိုင်မှန်ကာ၊
မှန်မှန်လခ၊ 'ရှယ်နာ့စ်' ရသေး၊
သင်တန်းကြွေးသာ၊ ကြေဖို့ရာ... ၊
ဆေးခန်းကြီးမှာ သည်းခံ နေ... ။
(၂)
ချက်မြှုပ်အညာ၊ ပြန်လာချင်တယ် ...။
အရင်ကဆို၊ ကျောင်းအိုကျောင်းကြား၊
ပြေးသွားလို့ရ၊ ခုကာလမူ၊
ပူရ လေထီး၊ ဗုံးသီး ရမ်းကြဲ၊
ဘုရားလည်း မရှောင်၊ ကျောင်း မရှောင်... ၊
လူတောင် မစုရဲအောင် လေ... ။
(၃)
မွေးရပ်အညာ၊ ပြန်လာပါမယ် ...။
မလာစေလို၊ တောလျှိုတွေထဲ၊
ယာခင်းထဲမှာ၊ တဲထိုး စစ်ရှောင်၊
ပုန်းရှောင်ကြရ၊ ဒုက္ခ မျိုးမျိုး၊
မြွေဆိုး ကင်းမှောက်၊ နယ်တလျှောက်... ၊
ရွာတောင် မရောက် ဖြစ်ကြ အေ... ။
(၄)
မွေးရပ်အညာ၊ ပြန်လာဦးမယ် ...။
စစ်ကိုင်းနှာဝ၊ တပ်မ-၃၃၊
စလုံး ခကွေး၊ ဆန် ပေးမသယ်၊
ပိတ်တယ် စားဆီ၊ စက်သုံးဆီ နှင့်၊
ဆေးမည် ဂျပ်ဖာ၊ ဒိုက်ဗာ ပါ... ၊
လစဉ်သုံးပါ မကျန်လေ ... ။
(၅)
အညာ အညာ ပြန်လာချင်တယ် ...။
လာမနေနဲ့၊ ပေါ်တာတွေဆွဲ၊
ဗုံးတွေကြဲချ၊ လမ်းမ ဝဲယာ၊
မိုင်းရှာ ဆင်းခိုင်း၊ လူသားဒိုင်း မှတ်၊
ကားတန်း ရပ်ဦး၊ ဝဲ နေတုန်း... ၊
ဒရုန်းစဲမှ သွား တဲ့အေ ... ။
(၆)
မွေးရပ်အညာ၊ လာပါဦးမယ်။
ဖြစ်ရင်မလာ၊ အဲသည်မှာ နေ၊
ရွာတွေဒုက္ခ၊ ကြုံကြရ လည်း၊
ဘုရားကျောင်းပွဲ၊ အလှူပွဲနှင့်၊
မင်္ဂလာပွဲစုံ၊ မွေးနေ့ကြုံ... ၊
ဓမ္မာရုံ ဆောက်ဖို့ အလှူခံနေ... ။
(၇)
မဟာအညာ ပြန်လာချင်တယ် ...။
မလာလေနဲ့၊ ရွာ-ပကဖ၊
ကြက်ဝိုင်းချ၍၊ ပအဖ-ဖိုးရှိ၊
ဖဲဝိုင်းမိ ကြောင့်၊ ဖမ်းသည့် ခရိုင်၊
အပိုင်ဒဏ်ချ၊ သည်တစ်လ... ၊
လ,ပတ် တိုးလို့ ကောက်တယ်လေ... ။
(၈)
မဟာအညာ လာချင်လိုက်တာ ...။
လာချင်လွန်းလို့၊ ကိုယ့်ထိုက် ကိုယ်ခံ၊
ရွာမြောက်ဌာန် အဖြစ်၊ စစ်ကြောင်းနဲ့တိုး၊
မိမိုး လင်မယား၊ နသားပါရ၊
အဓမ္မ အတင်း၊ လင်ရှေ့ခင်း.. ၊
မင်း ကျေနပ်သလား မေးသတဲ့ လေ... ။
သုခိတာ ဟောထ၊ ဒုက္ခ မုဉ္စထာ။ တလရဘက်တော်သူ/သားအားလုံး ချမ်းသာကြပါစေ၊ ဆင်းရဲအပေါင်းမှ လွတ်ကင်းကြပါစေ။
(မောင်ဘဦး၊ ၈၇၊ ခေါင်ကျော် ၅)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar