Breaking News

ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့အပေါ် UWSA ရဲ့ အသိပေးချက် ရဲ့ သက်ရောက်မှုက ဘာတွေ ဖြစ်မလဲ

မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၂၀ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၁၊ ၂၀၂၅


ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့အပေါ်  UWSA ရဲ့ အသိပေးချက် ရဲ့ သက်ရောက်မှုက ဘာတွေ ဖြစ်မလဲ

ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အခြေစိုက်ပြီး မိမိတို့ လူမျိုးစုလွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့ ဖြစ်တဲ့ တအာန်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) တို့ကို ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA က ပန်းဆန်းမြို့ကို ဖိတ်ကြားပြီး UWSA ရဲ့ တရားဝင် စစ်ရေးဆုံးဖြတ်ချက်ကို အသိပေးခဲ့ပါတယ်။ 

အဲဒီအစည်းအဝေးအကြောင်းကို ဝ ပြည်က Wa News Land သတင်းဌာနက သြဂုတ်လ ၂၀ ရက်နေ့ ညပိုင်းမှာ သတင်းဓါတ်ပုံတွေနဲ့ တကွ ထုတ်ပြန်ခဲ့ရာမှာ မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်ရေးလွယ်ကူချောမွေ့စေရေး အကြောင်းခံပြီး မည်သည့် လက်နက်ကိရိယာ၊ ငွေကြေး အကူအညီပေးတော့မည် မဟုတ်ကြောင်း အသိပေးလိုက်တယ်လို့ ဖေါ်ပြထားတာ ဖြစ်ပါတယ်။ 

အဆိုပါ အစည်းအဝေးကို ဝ ပြည်နယ်က ဒုတိယ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ဖြစ်သူ ဝ ပြည်အစိုးရ ဒုတိယ ဥက္ကဌ နဲ့ ပြည်ပဆက်ဆံရေး ဝန်ကြီး ကျောက်ကော်အန်းက ဦးဆောင်တက်ရောက်ပြီး အသိပေးခဲ့တာ လို့ အဆိုပါ သတင်းဖော်ပြချက်မှာ ရေးသားထားပါတယ်။ 

အခု ဖိတ်ခေါ်အသိပေးတဲ့ လက်နက်ကိုင် ၃ ဖွဲ့ဟာ ဝ ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ ဦးဆောင်ပါဝင်တဲ့ FPNCC လို့ခေါ်ဆိုတဲ့ ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းရေးနဲ့အတိုင်ပင်ခံကော်မတီ အဖွဲ့ဝင် ၇ ဖွဲ့ထဲက ၃ ဖွဲ့ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွက် သီးခြားဖွဲ့စည်းတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် လက်နက်ကိုင် ၃ ဖွဲ့အနက် TNLA နဲ့ MNDAA တို့ ပါဝင်ပေမယ့် Arakan Army ရက္ခိုင့်တပ်တော် တော့ ပါဝင်ခြင်း မရှိပါဘူး။ အဆိုပါ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အခြေစိုက်လှုပ်ရှားကြတဲ့ လက်နက်ကိုင် ၃ ဖွဲ့က ထိပ်ပိုင်းတာဝန်ရှိသူတွေ ကိုယ်တိုင် တက်ရောက်ကြတာကို သတင်းဓါတ်ပုံတွေမှာ တွေ့ကြရပါတယ်။ 

အဆိုပါ သတင်းဖေါ်ပြချက်မှာ “ဤအရေးကြီးဆုံးဖြတ်ချက်ကို တရားဝင်မကြေငြာမှီတွင် "ဝ" ပြည်နယ်ဘက်မှ ညီအကိုမောင်နှမများကိုယ်စား "ဝ" ပြည်နယ်၏ ငြိမ်းချမ်းရေး ရပ်တည်ချက်နှင့် လက်ရှိရင်ဆိုင်နေရသော အလွန်ဆိုးရွားသော အခြေအနေများကို အသိပေးလိုပါသည်” လို့  အစချီထားတာ တွေ့ရပါတယ်။ “ဝ”ပြည် လက်ရှိရင်ဆိုင်နေရတဲ့ အလွန်ဆိုးရွားသော အခြေအနေ ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ ဘာကိုရည်ညွှန်းသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိနိုင်ပေမယ့် တရုတ်နိုင်ငံရဲ့ ဆုပေးဒဏ်ပေး သတိပေးမှု၊ ဖိအား ဖြစ်နိုင်တယ်လို့ ကောက်ချက်ချရမယ့် သဘောဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၈၀/၉၀ ရာနှုန်းလောက်သော နယ်မြေဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ဘေးတိမ်းရှောင်နေကြရတဲ့ အနေအထားမျိုး  “ဝ”ပြည်မှာ ဖြစ်ပွားနေခြင်း မရှိပါဘူး။ သို့ပေမယ့် အိမ်နီးချင်း တရုတ်နိုင်ငံကို အမှီပြုထားတဲ့ “ဝ”ပြည်နယ်ရဲ့ အနေအထားက တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ ဖိအားကို ရင်ဆိုင်နေရတဲ့ သဘောဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ပြန်ချက်မှာ တရုတ်က ၀ပြည်ရဲ့ အဖွဲ့အလိုက်၊ လုပ်ငန်းအလိုက်၊ တဦးချင်းလိုက် ပိုင်ဆိုင်မှု ဒေါ်လာ ဘီလျံနဲ့ ချီပြီး ဘဏ်တွေကနေ ထုတ်မပေးဘဲ ထိန်းသိမ်းထားခဲ့တယ်လို့ ရေးသားထားတာ ဖတ်ရပါတယ်။

လွန်ခဲ့တဲ့  ၁ နှစ်ခွဲကျော်ကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စစ်ရေး အောင်မြင်မှု၊ ထိုးစစ်တွေ ဆင်နွှဲနိုင်မှုမှာ UWSA ရဲ့ လက်နက်ခဲယမ်း နဲ့ ငွေကြေးထောက်ပံ့မှုတွေ ပါရှိခဲ့တယ်ဆိုတာကို အခု အသိပေးချက်က ဝန်ခံလိုက်သလိုဖြစ်ခဲ့ပါတယ်။  

အဲဒီနောက် သတင်းဖေါ်ပြချက်မှာ "ဝ" ပြည်နယ်သည် မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်ပေ။ ဤဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူအညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် "ဝ" ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် အဖွဲ့အစည်းများအား တိုက်တွန်းအပ်ပါသည်" လို့ဖေါ်ပြထားတာတွေ့ရပါတယ်။ မူရင်းတရုတ်ဘာသာနဲ့ ပြောဆိုခဲ့တယ်လို့ ယူဆရပြီး  မြန်မာဘာသာ ပြန်ဆိုထားတဲ့ အသုံးအနှုန်းအရ ဆိုရင် ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကျဥ်ရန် အဖွဲ့အစည်းများအား တိုက်တွန်းအပ်ပါသည် ဆိုတဲ့ အသုံးအနှုန်းက အနည်းငယ် ပြင်းထန်တဲ့ စကားလုံး ဖြစ်ပါတယ်။ 

အခုလို UWSA က မဟာမိတ်လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်ကြားပြီး အသိပေးရတဲ့ အကြောင်းခံက တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုဆိုတဲ့ အချက်အပေါ် ဘယ်သူကမှ အငြင်းပွားကြလိမ့်မှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံ အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး အစပိုင်းမှာ အတိုင်းအတာတခုထိ သဘောတူညီခဲ့တယ်လို့ မြန်မာ့အရေး လေ့လာသုံးသပ်သူတိုင်းက လက်ခံထားကြပြီး မြန်မာစစ်တပ် အရှုံးနဲ့ ဆက်တိုက်ရင်ဆိုင်နေရချိန်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ မူဝါဒ အချိုးအကွေ့ဖြစ်ခဲ့ပြီး နယ်မြေ ဆက်လက်သိမ်းယူဖို့ အပြင်းအထန် ကြိုးစားတိုက်ခိုက်နေတဲ့ တရုတ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေက တိုင်းရင်းသားလက်နက်ကိုင်တွေကို အပစ်ရပ်ဖို့ ဆွေးနွေးဖို့ ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးမှာ အသုံးပြုနေကြတဲ့ စစ်လက်နက်တွေ၊ စစ်ရေးနည်းပညာ နဲ့ ငွေကြေးတွေက ဘယ်အဖွဲ့ထံက လာသလဲဆိုတာကိုလည်း တရုတ်နိုင်ငံက သိရှိပြီးဖြစ်သလို လက်နက်နဲ့ ငွေကြေး မြစ်ဖျားခံစီးဆင်းရာ UWSA ကို ယခင်နှစ် သြဂုတ်လမှာ စတင်ဖိအားပေး ပြောဆိုခဲ့တာ ပေါက်ကြားလာတဲ့ အစည်းအဝေး မှတ်တမ်းတွေအရ သိရှိရပါတယ်။ 

UWSA အဖွဲ့ဟာ အာဏာသိမ်းစစ်တပ်နဲ့ တိုက်ခိုက်မှု၊ ပွတ်တိုက်မှု တကြိမ်မျှ ဖြစ်ပွားခြင်း မရှိခဲ့ပေမယ့်  ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း MNDAA တိုက်ခိုက်သိမ်းယူခဲ့တဲ့ ဟိုပန်နဲ့ ပန်လုံမြို့ ၂ မြို့ကို ရက်ပိုင်းအတွင်း UWSA ထံ လွှဲပြောင်းပေးခဲ့ပြီး UWSA ကလည်း လက်ခံရယူကာ UWSA  ရဲ့ အုပ်ချုပ်ရေးထဲ ထည့်သွင်းခဲ့ပါတယ်။ 

အခုလို မြောက်ပိုင်းညီနောင် မဟာမိတ်လက်နက်ကိုင် အဖွဲ့၊ SSPP/SSA တို့လို ရှမ်းမြောက်မှာ အခြေစိုက်တာ ဒါမှမဟုတ် လှုပ်ရှားမှုလုပ်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ UWSA ရဲ့ လက်နက်ခဲယမ်း ထောက်ပံ့မှုနဲ့ အနည်းနဲ့အများ ဆက်စပ်နေကြတဲ့ သဘောလည်း ဖြစ်ပါတယ်။ ပအိုးဝ် အမျိုးသားလွတ်မြောက်ရေးတပ် PNLA နဲ့  ကရင်နီ(ကယား) ပြည်နယ်က PDF တပ်တွေ၊ KNDF, KA စတဲ့အဖွဲ့တွေကလည်း လက်နက်ခဲယမ်း ဖြည့်တင်းဖို့အတွက် UWSA ထံမှ ရှမ်းပြည်နယ် တောင်ပိုင်းကို ဖြတ်ပြီး သယ်ယူကြတဲ့ အနေအထားမျိုးလည်း ရှိခဲ့တယ်လို့ အချို့သော ဖြစ်ရပ်တွေ၊ သတင်းဖေါ်ပြချက်တွေအရ ကြားသိရပါတယ်။ 

မြန်မာနိုင်ငံ အရှေ့မြောက်ဘက်၊ အရှေ့ဘက် နဲ့ မြောက်ဘက်ပိုင်းတွေက လက်နက်ကိုင် အဖွဲ့တွေအနက် KIA နဲ့ UWSA တို့မှာသာ ကိုယ်ပိုင်လက်နက်ခဲယမ်း ထုတ်လုပ်တဲ့ စက်ရုံရှိကြတယ်လို့ ဒေသခံတချို့က ပြောဆိုကြပါတယ်။ အဆိုပါလက်နက်ကိုင် ၂ ဖွဲ့သည်ပင်လျှင် လက်နက်စက်ရုံအတွက် လိုအပ်တဲ့ ကုန်ကြမ်းအချို့ကို တရုတ်နိုင်ငံကို မှီခိုကြရတယ်လို့ လည်း ဆိုပါတယ်။ ဒီနောက်ခံ အခြေအနေတွေက တရုတ်ရဲ့ ဖိအားကို အနည်းနဲ့ အများ လွန်ဆန်လို့မရဘူးဆိုတာကို ပြသနေတဲ့ သဘော ဖြစ်ပါတယ်။ 

အခုလို UWSA ရဲ့ လူသိရှင်ကြား ထုတ်ပြန်ချက်က ရှမ်းမြောက်ဒေသရဲ့ စစ်ရေး အရှုံးအနိုင်၊ နယ်မြေသိမ်းယူ ထိန်းချုပ်နိုင်မှုတွေအပေါ် ဘယ်လောက်သက်ရောက်မှု ရှိလာဦးမလဲ ဆိုတာတော့ ဆက်လက် စောင့်ကြည့်ရဦးမယ့် အခြေအနေဖြစ်ပါတယ်။ 

MNDAA အနေနဲ့ လက်ရှိကာလမှာ စစ်တပ်နဲ့ အပစ်ရပ်ထားတာ ဖြစ်လို့ ပိုနေမြဲကျားနေမြဲကို ဆက်လက်ထိန်းသိမ်းထားလို့ ရကောင်းရနိုင်ပေမယ့် လက်ရှိ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကို ခုခံနေရတဲ့ TNLA အဖို့ နောက်ထပ် ထိုးနှက်ချက် တခုဖြစ်နေမလားလို့ မှန်းဆနိုင်ပါတယ်။ ရှမ်းမြောက်ဒေသရဲ့ အဆင့်ဆင့်သော အကျိုးစီးပွား ဆက်နွှယ်မှုတွေရဲ့ အပေါ်ဆင့်တွေမှာ အိမ်နီးချင်း အင်အားကြီးနိုင်ငံ တရုတ်နိုင်ငံရှိနေတဲ့ အချက်ကို လျစ်လျူရှုလို့ မရကြောင်း အခုဖြစ်ရပ်တွေက ထပ်မံ သက်သေပြလိုက်တာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar