ဆယ်ပေါင်တူ - ဇာတိရပ်ရွာ ရှာမရသည့် ကြင်စိုးနှင့် ဒုက္ခရောက်ကုန်ကြသော မြို့မိမြို့ဖများ
ဆယ်ပေါင်တူ - ဇာတိရပ်ရွာ ရှာမရသည့် ကြင်စိုးနှင့် ဒုက္ခရောက်ကုန်ကြသော မြို့မိမြို့ဖများ
မိုးမခ ၊ ဩဂုတ် ၂၁ ၊ ၂၀၂၅
‘ရော်.…ဟိုနေ့ကပဲ မင်းဘူးသားဆိုပြီး အလည်သွားသေးတယ်မလား’ဟု တွေးမိကြပါလိမ့်မည်။ တစိတ်တပိုင်းတော့ မှန်လေသည်။ အဲဒီနေ့အထိတော့ မင်းဘူးသည် ကြင်စိုး၏ ဇာတိချက်မြှုပ် ဧကန် ဖြစ်နေသေးသည်။ သို့ရာတွင် ကြင်စိုး အလည်ရောက်လာပြီး သူ မွေးဖွားသည့် မင်းဘူးမြို့အကြောင်း ချီးမွမ်းပြောဆိုစကား ဆိုပြီးသည်နှင့် ‘ဒီလို အယုတ္တအနတ္တကောင်နဲ့တော့ ငါတို့မြို့ တွဲပြီးသိလို့ မဖြစ်ချေဘူး’ ဟု အတွေးပေါက်ကုန်ကြသော မြို့မိမြို့ဖများ ခေါင်းချင်းရိုက်ကုန်ကြတော့သည်။
စုဝေးအကြံထုတ်ပြီးသကာလ ကြင်စိုးကို တွေ့ဆုံစကားပြောခွင့်တောင်းလေသည်။
‘ဗိုလ်ချုပ်မှူးကြီး မပြန်ခင် ကျနော်တို့ကို အခုလိုတွေ့ခွင့်ပေးတာ ကျေးဇူးတင်ပါတယ်’ဟု ဦးဆောင်သူ မြို့မိမြို့ဖတဦးက စပြောသည်။
ဟာ ….ဦးလေးကလဲ ဗိုလ်ချုပ်မှူးကြီးတွေ ဘာတွေ လုပ်မနေပါနဲ့၊ ငယ်ငယ်တုန်းက ခေါ်သလို မောင်ကြင်စိုးပဲပေါ့၊ မောင်ကြင်စိုး ဆိုရင် ရပြီ။ အခုက တနိုင်ငံလုံးက မေယိုး၊ မြွေယိုး၊ သားရေကြိုး မအလလို့တောင် ခေါ်နေကြတာ၊ ကျနော်တို့က တမြို့တည်း တရပ်တည်းသားတွေပဲလေ’ ဟု ကြုံရာကျပန်း တွေ့ကရာ ပေါက်ပန်းလေးဆယ် လျှောက်ပြောဖို့ ဝန်မလေးသည့် ကြင်စိုးက တရင်းတနှီးဟန်ဖြင့် ပြောလေသည်။ ဆိုလိုရင်းမှ လမ်းကြောင်းလွဲသွားမည်စိုး၍ ‘အဲဒီလို ‘အာ’နဲ့သာဆို၊ သူများ ငါတို့ဘက် ခြမ်းမှာ ရှိနေရင် ဟိုအဖွဲ့ သစ်ထဲ ပါနိုင်ကောင်းလောက်ရဲ့’ ဟုလည်း ဆက်၍မတွေးကြစေချင်။ ကြင်စိုး ‘အာ’ လောက်နှင့်တော့လည်း နေရာကောင်း ရနိုင်လိမ့်မည်မဟုတ်။
‘ဦးလေးကို ကျနော် ကောင်းကောင်းမှတ်မိတာပေါ့၊ ဦးလေးမိန်းမ ထဘီ ကျနော် လာရုတ်တုန်းက မိသွားတော့ သက်သက်ညှာညှာလေး နားပန်ကျင်းပြီး ပြန်လွှတ်တာလေ၊ ကျနော်ဖြင့် ကျေးဇူးတင်လိုက်ရတာ’
‘ဟိုဦးထုပ်အဖြူနဲ့ဘကြီးက သူ့သမီး ရေချိုးတာ ထရံပေါက်က ချောင်းကြည့်လို့ ဆိုပြီး ကျနော့်ကို ဖနောင့်နဲ့ ပေါက်ခဲ့တဲ့ သူမဟုတ်လား၊ မစိုးရိမ်ပါနဲ့ ကျနော်က အငြှိုးအတေးမရှိပါဘူး၊ ဟိုမဲလိမ်တယ်လို့ ကျနော် ခဏခဏ လီဆယ်လုပ်ကြံပြောတဲ့ အမကြီးကလွဲရင်ပေါ့’
မင်းဘူးမြို့မိမြို့ဖများက ဗရွတ်ရွှတ်တ ဟိုပြောဒီပြော လုပ်နေသော ကြင်စိုး၏စကားများကို အသာနားထောင်ရာမှ ‘ အခု လာတွေ့ကြတာက မောင်ကြင်စိုး မင်းဘူးသား ဖြစ်လို့မရဘူးဆိုတဲ့အကြောင်း လာပြောတာ’ဟု စပြောလိုက်သည်။
ကြင်စိုး ဇဝေဇဝါဖြစ်သွားသည်။ ‘ကျနော် မင်းဘူးမှာ မွေးတဲ့ မင်းဘူးသားလေ၊ မိန့်ခွန်းထဲမှာတောင် ထည့်ပြောလိုက်သေးတယ်၊ ကြားကြတယ်မလား’
‘ကြားပါတယ်၊ ဒါပေမဲ့ မင်းဘူးသား ဖြစ်တယ်လို့ ရှေ့လျှောက်ဆက်ပြောနေရင် မောင်ကြင်စိုး ဒုက္ခတွေ့လိမ့်မယ်’
နားမလည်ဖြစ်သွားသော ကြင်စိုးတယောက် မျက်စိပေကလပ် ပေကလပ်လုပ်ကာ ဆက်ပြောလာမည့် စကားကို စောင့်နေသည်။
‘ဒီလိုကွ ဒို့မြို့က ‘မင်းနဲ့ဘူး’နဲ့ စာလုံးနှစ်လုံးတွဲထားတာလေ’
ကြင်စိုး ခေါင်းအသာညိတ်လိုက်သည်။ ဒါတော့ သူလည်း သိတာပေါ့ဟု ဆက်တွေးမိသည်။
‘မင်း ဆိုတာက ဘုရင်ပေါ့၊ ဟုတ်တယ်မလား၊ ‘ဘူး’ဆိုတာက အငြင်းစကား၊ ငြင်းပယ်တဲ့သဘော၊ မရှိဘူး၊ မသိဘူး၊ မဖြစ်ဘူး စသဖြင့်ပေါ့ကွာ၊ အဲဒီတော့ မင်းဘူးဆိုတော့ မင်း မဖြစ်ဘူး၊ ဘုရင်မဖြစ်ဘူးလို့ အဓိပ္ပါယ်ကောက်လို့ရတာပေါ့၊ မောင်ကြင်စိုးက ဘုရင်ဖြစ်ချင်တာမဟုတ်လား၊ မင်းဘူးသား မင်းဘူးသား ဆိုပြီး ဆက်ပြောနေရင်တော့ မြို့နာမည်စီးပြီး ဘုရင်မဖြစ်တော့ပဲ နေလိမ့်မယ်’
နလပိန်းတုံးပီပီ ကြင်စိုးက ဘာမျှရေရေရာရာ စဉ်းစားတတ်သည် မဟုတ်၊ ဘုရင် မဖြစ်တော့ဘူး ဆိုတာကပဲ သူ့စိတ်ကို ဖိစီးသွားသည်။ ဒီလူကြီးတွေပြောတာလည်း ဟုတ်တုတ်တုတ်ပဲဟု အတွေးဝင်သွားသည်။ သို့သော် သူ့ခေါင်းထဲ ရှိတာတခုကိုတော့ ဝင်ပြောသည်။
‘ကျနော်တို့မြို့က အာဇာနည်ကြီးတွေထဲက အတွင်းဝန်ကြီးလို အကျော်အမော်တွေ တော့ ပေါ်သေးတာပဲ၊ မင်းဘူးသား အကျော်အမော် ကျနော်ဖြစ်နိုင်သေးတာပေါ့’
‘အဲဒါလည်း ဆက်ပြောမလို့၊ ဒို့မြို့က အာဇာနည် ရှိတာတော့ မှန်တယ်၊ သူ ဘယ်လို ဆုံးပါးသွားတာလဲ မောင်ကြင်စိုး ပြန်စဉ်းစားကြည့်လေ၊ လုပ်ကြံခံရတာမလား’
လုပ်ကြံခံရသည် ဆိုသည့် စကားကို ကြားလိုက်ရရချင်း၊ မျက်စိမျက်နှာ အလွန်အမင်း ပျက်သွားသော ကြင်စိုးက ယောင်ယမ်းပြီး သူ့နားနှစ်ဖက်ကို အုပ်လိုက်လေသည်။ သူ့အခြေအနေက သူ့မိန်းမ လေလည်သံကြားရင်တောင် လန့်ဖြန့်ပြီး ကုတင် အောက် ဝင်ပုန်းမိနေရတာမျိုး။ အိပ်လည်း ကျည်ကာဝတ်၊ ရေချိုးလည်း ကျည်ကာဝတ်နှင့်၊ ဒီအသက်အရွယ်ကြီးမို့သာပေါ့၊ အရွယ်ကောင်းတုန်းက ဆိုရင်တော့ ဟိုဒင်းဟိုဟာချိန်မှာလည်း ကျည်ကာနှင့်ပင် ဖြစ်နေလောက်သည်ဟု သူ့ကိုယ်သူ တွေးမိသည်။
မင်းဘူးမြို့မိမြို့ဖများ ပစ်လွှတ်လိုက်သည့် မြှားများက ကြင်စိုးကို တည့်တည့်စိုက် လေပြီ၊။ ဘုရင်မဖြစ်နိုင်တာ၊ လုပ်ကြံခံရနိုင်တာ ဒါတွေက ကြင်စိုးကို အကြီးအကျယ် နှလုံးချောက်ချားစေသည်။
မင်းဘူးက အပြန်ခရီးတွင် နှုတ်ဆိတ်နေသော ကြင်စိုးက မဲလုံးကို စကားစသည်။
‘မင်းဘူးနဲ့ပတ်သက်ပြီး ငါ့အတွက် အတိတ်နိမိတ်တွေက မကောင်းဘူး။ ငါကိုယ့်ငါ မင်းဘူးသားလို့လည်း ပြောပြီးသွားပြီ၊ ဘယ်လိုပြန်ပြင်ရမလဲ
‘ဘာမှပြင်မနေပါနဲ့ဘပု၊ ကျနော့်လိုပဲ ဘပုပြောတာဆို တပြည်လုံး ဘယ်သူကမှ ယုံကြတာမှ မဟုတ်တာ၊ စဉ်းစားကြည့်လေ မြေအောက်ရထား၊ လျှပ်စစ်ရထား၊ ဘက် ထရီသင်္ဘောတို့၊ အဂတိလိုက်စားမှု တိုက်ဖျက်မှာတို့၊ ဗျာတိတ်တော်လာ ကြွက်မင်းတို့ဘပုပြောသမျှ ဘယ်သူက အလေးအနက်ထားကြလို့လဲ၊ ဟာသလို့ပဲ ထင်ကြတာ၊ အခုလည်း ဘပုဘယ်မှာ မွေးတယ်ပြောပြော သူတို့ ခေါင်းထဲမှာမရှိဘူး၊ အင်း.. ဘပုဘယ်မှာ သေမယ်ဆိုတာကိုပဲ ပိုစိတ်ဝင်စားကြမှာ’
မဲလုံးပြောတာတွေက နားထောင်လို့ မကောင်းသော်လည်း၊ဟုတ်နေ၍ ကြင်စိုး ဘာမှ ပြန်မပြောသာ။
‘တခုတော့ ရှိတယ်ကွ၊ တမြို့မြို့မှာတော့ ငါကို့မွေးမှဖြစ်မယ်၊ ဘယ်မြို့မှာ မွေးရင် ကောင်းမလဲ စဉ်းစားစမ်းပါဦး’ ဟု ပြောလိုက်သည်။
ဤသို့ဖြင့် မြန်မာတနိုင်ငံလုံးရှိ မြို့ကြီးမြို့ငယ်များကို ကြင်စိုးမွေးရပ်ဇာတိ ဖြစ်နိုင်မလားဆိုပြီး လှည့်ပတ်စကားတောက်ကြ လေတော့သည်။ တပြည်လုံးရှိ မြို့မိ မြို့ဖများ စိတ်ဒုက္ခ အတိရောက်ကုန်ကြသည်။
မည်သည့်မြို့ကမျှ ကြင်စိုးကို သူတို့ မြို့သား အဖြစ်မခံချင်ကြ၊ မင်းဘူးမြို့မိမြို့ဖများလို အကြောင်းအမျိုးမျိုးပြပြီး ကြင်စိုး သူတို့မြို့သား ဖြစ်ချင်စိတ်မရှိအောင် ပြန်ပြောကြသည်၊ကြင်စိုးကိုခြောက်ကြသည်။ တချို့အကြောင်းရှာမရသေးသည့် မြို့များမှ မြို့မိမြို့ဖများကတော့ ဒေါသထွက်ထွက်နှင့် သူတို့အချင်းချင်း ပြောကုန်ကြသည်ကတော့ ‘ကြင်စိုးဘယ်မှာမွေးတယ် ဆိုတဲ့ဟာကို အလုပ်ရှုပ်ခံပြီး ရေးကြီးခွန်းကျယ် လုပ်မနေကြနဲ့တော့ကွာ၊ ဂုတ်ကျားတို့ အောင်နက် တို့ဆိုရင်လည်း သူတို့ဘယ်ချောင်ဂလောင်မှာမွေးမွေး အရေးမှမကြီးတာ’ တဲ့။ ကြင်စိုးကို ထိုစကား ပြန်ကြားစေချင်သည်။
သို့မှသာ ပြည်သူများ၏ သူ့အပေါ်ထားရှိသော မေတ္တာကို ကြင်စိုး ကောင်းကောင်း သဘောပေါက် သွားနိုင်ပေလိမ့်မည်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar