လင်းလက်နွေဦး - ဘယ်လို ဇာတ်သိမ်းမျိုးပါလိမ့်
လင်းလက်နွေဦး - ဘယ်လို ဇာတ်သိမ်းမျိုးပါလိမ့်
မိုးမခ ၊ ဩဂုတ် ၂၁ ၊ ၂၀၂၅
မနက်ကပဲ၊ အသက်ကြီးကြီး အဘိုးကြီးတစ်ယောက် ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။ ရွာထဲမှာ၊ မဟုတ်လောက်ပါဘူး တနယ်လုံးမှာ အသက်ကြီးဆုံး ထင်ပါရဲ့။ အဘက တောကြိုက်၊ တောပျော်ကြီး။ သားတွေ သမီးတွေကတော့ ရေကြည်ရာ မြို့ပြတွေမှာ။ အဘက ခုအသက်အရွယ်ထိ လုပ်နိုင်သမျှလေးတွေ လုပ်တုန်းကိုင်တုန်း။ သားသမီးတွေဆီက ဘာမှ မမျှော်လင့်ဘဲ၊ မြေးတွေ မြစ်တွေရတဲ့အထိ သားသမီးတွေကို ပေးချင်ကျွေးချင်နေတုန်းပဲ။ ဖခင်တယောက်ရဲ့ တာဝန်၊ ဝတ္တရားတွေ အထူးကျေပွန်ပါတယ်။ တောင်သူယာလုပ် ဓားမခုတ် ဆိုသလို တောထဲ တောင်ထဲ နေ့တိုင်းထွက်၊ လုပ်စရာ ရှာလုပ်နေလေ့ ရှိတယ်။
'အဘ နှမ်းသိမ်းပြီးရင် ဘာချမလဲ'
'မြေပဲချမလို့ ငါ့မြေးရေ...'
ရှစ်စပ်က ဂျင်ခြေလည်အောင် အလုပ်နဲ့ လက် မပြတ်တာကို 'လယ်သမား'လို့ ခေါ်တယ် မလုပ်လား။ အဘကလည်း အလုပ်ကြိုက်တဲ့ တောင်သူလယ်သမား။ အတူနေ တူတော်မောင်က အလုပ်ဦးစီးပြီး လုပ်နိုင်ကိုင်နိုင်တာတောင် မနက်မိုးလင်းတာနဲ့ ထမင်းကြမ်းလေး စားပြီးရင် လှည်းကောက် တောထွက်လိုက်ရမှ။ အလုပ်ကြိုက်လွန်းလို့ တူအရီးချင်း စကားများကြတာ ခဏ ခဏပါပဲ။ အင်း... အလုပ်လုပ်လွန်းသူကြီး ဒီလိုလူမျိုးတွေ ဘာလို့ နိုင်ငံရေးမလုပ်ပါလိမ့်။ သူ့လိုလူမျိုးတွေသာ လူကြီးတက်လုပ်ရင် မြို့ရွာနိုင်ငံ အတော်ဖွံ့ဖြိုးလိမ့်မယ်လို့ မြင်တိုင်း တွေ့တိုင်း အတွေးဝင်မိပါတယ်။
တခါက မနေနိုင်လို့ အဘကို အင်တာဗျူးဖူးတယ်။ အဲဒါလေး ဖုန်းနဲ့ရိုက်ပြီး လိုင်းပေါ်တင်ရင် ပေါက်တာပေါ့။ အဲ... ပေါက်ချင်မှလည်း ပေါက်မှာပါ၊ အလှပဂေးလည်း မပါ၊ ရယ်စရာလည်း မဟုတ်ဘူးလေ။
အဘ ဘာလို့ ဒီအရွယ်ကြီးထိ အလုပ် လုပ်နေသေးလဲ၊ သက်တူရွယ်တူတွေဆိုရင် ဘုရားသွား ကျောင်းတက်၊ အိမ်မှာ ဇိမ်နဲ့ နှပ်နေကြတာ မဟုတ်လားပေါ့။ အဘက ဒီလို ပြန်ပြောတယ်၊ အလုပ်က လူမှန်းမသိခင်ကတည်းက လုပ်လာလို့ ထင်ပါတယ် ငါ့မြေးရယ်... မလုပ်ရရင် ဖျားချင်သလိုလို ကိုက်ချင်သလိုလို ဖြစ်လာတယ်တဲ့။
အလုပ်ကြိုက်ရောဂါပေါ့။ အဲဒီလို ပြောကြမယ် ထင်တယ်။ ဘာတဲ့၊ ဟိုနေရာ ငါ မပါ မပြီး၊ ဒီအလုပ် ငါ့လုပ်မှ ပြီးမယ် ထင်တဲ့ စိတ်စွဲရောဂါမျိုး ထင်ပါရဲ့။ ဒါပေမဲ့ ဒီအဘက အကုန်သိမ်းကြုံးလုပ်တဲ့လူတော့ မဟုတ်ဘူး။ သူ့တူနဲ့ နေ့စားတွေကို သူ လုပ်ချင်တာတွေ ပြောပြတယ်။ သူ့တူကို ဦးဆောင်လုပ်ခိုင်းတယ်။ ပြီးမှ သူက တောက်တိုမည်ရ လိုက်လုပ်ပေးတာ။ တကယ့်နောက်ကွယ်က လက်မည်းကြီးဆိုတာ သူပဲ။ လက်စွပ်တွေ ဘာတွေတော့ ဝတ်မထားပါဘူး။
'တောထဲ နေ့တိုင်းထွက်နေတော့ ရွာထဲတောင် သိပ်မနေတတ်တော့ဘူး'လို့ အဘက ဆက်ပြောတယ်။ စိုက်ခင်းလေးကြည့်ပြီး တောလေလေး ဝဝရှူလိုက်ရရင်ကို လန်းဆန်းလာတယ်။ အပင်ပေါက်ကလေးတွေ တဖြည်းဖြည်း ကြီးလာ အရွယ်ရောက်လာ ဖူးစုံပွင့်စုံနဲ့ ငုံလာပွင့်လာချိန်မျိုး သိပ်ကြည်နှူးစရာပဲ။ သားတွေတုန်းက မြင်းနဲ့ ဝင်းနဲ့ လှူပြီးခဲ့ပြီ မြေးမြစ်တွေ လှူပေးရတော့မယ်ဆိုပြီး စိတ်ကူးယဉ်လို့ သိပ်ကောင်းတာပေါ့။
ဟုတ်တယ်၊ အဲ... အဘတို့ လင်စုံမယားစုံ ရှိတုန်းက တစ်ခါ လှူပြီးသွားပြီ။ ကျနော်တို့ငယ်ငယ် လူမှန်း သိပ်မသိသေးခင်ကပေါ့။ ဆွေမျိုးမကင်းလို့ ကျနော့်ကိုတောင် ရှင်လောင်းတောင်းသေးတယ်။ ကျနော်တို့ အမေကြီးနဲ့က နှစ်ဝမ်းကွဲ သုံးဝမ်းကွဲ လောက်ပဲ ရှိသေးတာ။ သူ့အမျိုးသမီးက အသက်ခြောက်ဆယ်ကျော်လောက်ကပဲ ဆုံးသွားရှာတယ်။ အဘ ပြောသလို ပြောရရင် သက်ဆိုးမရှည်ရှာဘူးပေါ့။
နောက်တခုက ငါ့မြေးရ... အဘတို့က ငယ်ကတည်းက ဆင်းဆင်းရဲရဲ နေခဲ့ရတာကိုး။ မင့်အမေကြီး ပြော ပြောနေတဲ့ ဂျပန့်ခေတ်နဲ့ ကြုံခဲ့ရတယ်။ တကယ့်ခေတ်ဆိုး ခေတ်ကြပ်ကြီး။ အစား ရှား အဝတ် ရှားပေါ့။ စားစရာ ဘယ်လောက်ရှားလဲဆို ဆန်ကွဲထမင်းတောင် မစားနိုင်တော့လို့ ပြောင်းဆန် ဖွပ်စားခဲ့ရတယ်။ တခါတလေ ပိန်းဥပြုတ် ကန်စွန်းဥပြုတ်နဲ့ ပြီးခဲ့ရတယ်။ အဝတ်အစားဆိုရင်လည်း ဖျင်ကြမ်းတိုက်ပုံတထည်ပဲ ကောင်းကောင်း ရှိခဲ့တာ။ အောက်ပိုင်းလုံဖို့ အဓိကပေါ့။ တဘက်လေး ပခုံးတင်သလိုလို ရေဝတ်ပုဆိုးလေး တင်သလိုလိုပေါ့။
နောက် ဗိုလ်ချုပ်တို့ ပြန်ဝင်လာတော့ တိုက်ပွဲတွေ ဖြစ်တာပဲ။ ဂျပန်ကို တိုက်ထုတ်ပစ်တာပဲ။ အဲချိန်ကာလအတွင်းကလည်း လူးလိမ့်နေအောင် ခံရတာပဲ။ မြို့တွေပေါ်က ပိုဆိုးတာပေါ့။ မြို့သားတွေ ဒို့ရွာထိတောင် ပြေးလာကြတာပဲ။ တချို့ ခုထိ မြဲနေတယ်၊ မြို့မပြန်တော့တာ မင်းလည်း အသိသား။
ဒါပေမဲ့ လွတ်လပ်ရေးရပြီးမှ ငါတို့ရွာတွေက ပိုဆိုးလာတာ။ အလံဖြူတဲ့ အလံနီတဲ့။ ဟိုဘက်က လာသတ်လိုက် ဒီဘက်က လာသတ်လိုက်။ ဘယ်သူက သူပုန်၊ ဘယ်သူက အစိုးရ မသိပါဘူး။ အဲနောက်မှ ပြန်အေးချမ်းလာတာ။
အဲဒါမို့ အဘက အလုပ်ကြိုးစားတာလား၊ ချမ်းသာအောင်လို့။
ချမ်းသာအောင်ထက် မငတ်အောင်လို့ပေါ့။ ကိုယ့်ကျီထဲ ရှိမှ ကိုယ့်ဟာပေါ့။ ဒါပေမယ့်ကွာ၊ ကိုယ့်ကျီထဲ ရှိပေမယ့် ကိုယ်မပိုင်တဲ့ခေတ် ရောက်ခဲ့သေးတယ်။ ဟိုကွာ ၈၈ ဆိုလားကွာ။ မင်းတော့ ဆယ်နှစ်သားလောက် ရှိမပေါ့။ အဲတုန်းကလည်း ဘယ်လိုက ဘယ်လို ဖြစ်တာလဲ သိပါဘူး။ တတိုင်းပြည်လုံး အုန်းအုန်း ကျွက်ကျွက် ပါပဲကွာ။ ခေါင်းစည်းအနီ လက်မောင်းပတ် အနီတွေနဲ့ ကျောင်းသားလေးတွေဟေ့ ကားကြီးတွေနဲ့ ရောက်လာတယ်။ တရွာလုံး လူစုပြီး ဟောကြပြောကြနဲ့။ အဲဒီကျမှ မစိုက်ချင်တဲ့ ဝါတွေ ပဲတွေ ဘာလို့ စိုက်ရတယ်၊ ဘာလို့ ဒိုင်ပဲ သွားသွင်းရတယ်။ ရွာက သမဆိုင်မှာ ဘာလို့ ဘာမှ မရှိတာ။ ငါဖြင့် မှတ်မှတ်ရရ ပုဆိုးတစ်ထည်ပဲ ဝယ်လို့ရဖူးတယ်။ ဒီမိုကရေစီဆိုတာ အဲကျမှ ကြားခဲ့ဖူးတာပဲ။ အတော်ကောင်းဆိုပဲဟ။
အဲဒီ ဒီမိုကရေစီဆိုတာကြီး ရရင် ငါ့မြေးတွေကို ရှင်ပြုပေးအုံးမယ်။ အဲဒီစိတ်ကူးနဲ့ အလုပ် လုပ်တာလည်း ပါတာပေါ့။
အဘ အသက် ကိုးဆယ်ကျော်မှာ လှူဖို့ လုံးပန်းခဲ့ပါတယ်။ မျက်လုံးတွေ ဝေသီ၊ နားတွေ မကြည်တော့ပေမယ့် သေးသေးပိန်ပိန် ကိုယ်လုံးလေးနဲ့ ကျန်းမာနေဆဲ။ မှတ်ဉာဏ်တွေက ထူးခြားကောင်းမွန်ဆဲ။ ဘယ်တုန်းက ဘယ်လိုလေး၊ မင်း ပြောခဲ့တာ၊ မင့်သမီးက ဘယ်နှစ်ခု ဖွား၊ ဘယ်နှစ်တန်း မဟုတ်လား။ ကပ်အမျိုးမျိုးနဲ့ ပွတ်တိုက်ခံရပေမယ့် အသက်နဲ့ ခန္ဓာ မြဲလျက်။ စိတ်ကော်ကောင်းကောင်း ကပ်ထားတယ် ထင်ပါ့။
မင်းအောင်လှိုင် အာဏာသိမ်းမှုကြောင့် မြေးမြစ်တတွေနဲ့ အလှူပေးမယ့် အဘရဲ့ အတွေးစိတ်ကူး ပျက်လွင့်ခဲ့ရတယ်။ မြေးတချို့က အစိုးရဝန်ထမ်းတွေ၊ အာဏာဖီဆန်ရင်း ထွက်ပြေးနေရ။ သမီးတယောက်ကလည်း ထောက်ပံ့ဆိုပြီး အသံထွက်လာလို့ တခြားနယ် ထပ်ပြောင်းသွားရ။ ကိုဗစ်ရောဂါဆိုးက ငြိမ်လာပေမယ့် စစ်အာဏာသိမ်းမှုကြောင့် လူတွေ ဒုက္ခရောက်နေချိန် အလှူကြီး အတန်းကြီးနဲ့ ပျော်တာ မသင့်တော်ပါဘူးတဲ့လေ။
မနှစ်က ထင်တယ်၊ 'ငါ့မြေးရေ... ဒီထက် အခြေအနေ မဆိုးခင် လှူလိုက်မှ ထင်တယ်'လို့ တိုင်ပင်လာတယ်။ လူစုံအောင် ခဏ စောင့်ကြည့်လိုက်ပါ့လားလို့ အကြံပေးခဲ့ပါတယ်။ ဒီနှစ်ပိုင်းတွေမှာ အဘခမျာ စတုဒီသာလေးတွေ ကျွေးပြီး အာသာဖြေနေရတယ်။ အသက်တစ်ရာပြည့်ရင်တော့ ရာပြည့်မွေးနေ့အနေနဲ့ အလှူ ပေးအုံးမယ်တဲ့။ တခါက အမျိုးရွာတစ်ရွာကို အတူစစ်ပြေးရင်း တိုင်ပင်ခဲ့ဖူးတယ်။
ရာသီဥတုဒဏ်၊ စစ်ဘေးစစ်ဒဏ်နဲ့ သံမဏိခဲကြီး မဟဲနိုင်တော့ဘူး ထင်တယ်။ ဆေးရုံတင်လိုက်ရတယ်။ အသက်ခုနစ်ဆယ်လောက်က ဆီးကျိတ်ရောင်ရောဂါနဲ့ ဆေးရုံတက်ပြီးနောက်ပိုင်း၊ ခုမှ ပြန်တက်ရတာပါ။ အဲဒီနောက် ဆေးရုံဆင်းပြီးလည်း သိပ်မထူထောင်သေးဘူး။ နေမကောင်း၊ အစာမဝင်တော့ နှစ်ပေါင်း သုံးဆယ်လောက် နေ့စဉ် သောက်နေကျ ဆေးတွေလည်း မသောက်ချင်တော့ဘူးတဲ့။ ဒါကြောင့် ဆီးပိုက်ပြန်ထည့်ရတယ်။ ဆီးပေါက်ရပေမယ့် အစာမဝင်ပါဘူး။
အဲဒီညက ကျနော်လည်း အဘတို့အိမ်မှာ အိပ်တယ်။ ညရေးညတာနဲ့ အကူးအသန်း လုပ်လို့ မကောင်းဘူးလေ။ ပြီးတော့ အဘအခြေအနေက သိပ်မဟန်တော့ဘူး။ သတိကောင်းပေမယ့် အစာမဝင်တာ သုံး လေးရက် ကြာလာပြီ။ အဘက ကျနော့်အသံ ကြားတဲ့အခါ မျက်လုံးလေး ဖွင့်ကြည့်လာတယ်။ သူ့မျက်လုံးတွေက တခုခု ပြောချင်နေတဲ့ပုံ။ ကျနော် ပြောပြောနေတဲ့ နိုင်ငံရေးကို မေးချင်ဟန်တူရဲ့။ သူ ပြောခဲ့ဖူးတဲ့ လောကနိဗ္ဗာန်ကို နောက်ဆုံးအနေနဲ့ တခါလေးဖြစ်ဖြစ် ခံစားသွားချင်ဟန်တူရဲ့။
ကျနော် အဘကို ဘာမှ မပြောလိုက်ပါဘူး။ မမြည်းစမ်းဖူးတဲ့ အရသာကို ဘယ်သူကများ ဝေမျှခံစားနိုင်မလဲနော်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar