Breaking News

နေပြည်တော်သိမ်းအောင် - နှာနုမှသည် အမြီးပြတ်နှင့် အမဲလုံးဆီသို့

နေပြည်တော်သိမ်းအောင် - နှာနုမှသည် အမြီးပြတ်နှင့် အမဲလုံးဆီသို့

မိုးမခ ၊ စက်တင်ဘာ ၁၂ ၊ ၂၀၂၅


‘သွားတော့မယ်….ရောက်ပြီ’ ဆိုတဲ့ ပြက်လုံးကတောင် လက်မှိုင်ချရလောက်တယ်။ လေတလုံး မိုးတလုံးပြောပြီး အားခဲလိုက်ရုံရှိသေးတယ်၊ ပါတီ ဖျက်သိမ်းခံလိုက်ရပြီတဲ့။ ဒါကို ပြန်ထွက်ပြောတာက ‘နှာနုကို ဖြတ်ရိုက်လိုက်သလိုပဲ’ တဲ့။ အခုကျမှ ကိုယ့်ဘဝမှန် ပြန်သိကုန်ကြတာမျိုး။ 

‘ပြည်သူလူထု’ ဆိုတဲ့ စကား မြဲမြဲမှတ်ထား၊ ပြည်သူ ဆိုတာက လူ၊ ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာ သွားနေရင်တော့ ခြေလေးချောင်းထဲက တချောင်းချောင်း သုံးရင်း နှာနုသာ ခဏခဏ ပြန်စမ်းနေပေတော့။

"တိုင်းပြည်အပေါ် စစ်အာဏာရှင်ကျေးဇူး၊ မူးလို့တောင် ရှူစရာမရှိဘူး" ဆရာ ဟံသာဝတီ ဦးဝင်းတင် ပြောခဲ့တဲ့စကား သွေးထွက်အောင် မှန်ဆဲပဲ။ အရိုးအရင်းလောက် ကိုက်ရမယ့် ရွေးကောက်ပွဲအတုကို ခြေသလုံးဖက်ပြီး မျက်နှာလိုအားရ ဝင်ပြချင်ကြတဲ့သူတွေ၊ ကဲ…အခုတော့ နှာနုလေးတစမ်းစမ်း ဖြစ်ကုန်ပြီမလား၊ စစ်အာဏာရှင်တွေနဲ့ အပေါင်းပါတွေအတွက် ဒီလိုအကွက်တွေက ပါးပါးလေးပဲ ရှိသေးတယ်။

‘ခွေးကတက်မှာ နေရနေရ  ရွေးကောက်ပွဲအတုမှာ ဝင်ပါပါရစေ’ ဆိုတာမျိုး တနည်းမဟုတ် တနည်း ပြောခဲ့ကြသူတွေ။  အခုတော့ ကိုယ့်နှာနုအကြောင်း ကိုယ်ပြောရင်း အံတကြိတ်ကြိတ် ဖြစ်ကုန်ကြပြီပေါ့။ အာဏာသိမ်း ဆိုတဲ့ စကားတောင် ရဲရဲမပြောရဲပဲ အာဏာထိန်း ပြန်ပြင်ပြောလည်း စစ်အုပ်စုက လက်ခလယ် ထောင်ပြလိုက်တာပဲ။ အယူခံတာ မခံတာ၊ နောက်ဆက်တွဲ ဘာပဲဆက်ဖြစ်ဖြစ် ကျောင်းမှန်းကန်မှန်းသိအောင် သင်ခန်းစာ အပေးခံလိုက်ရတာ။ ကျောကော့အောင်သာ ခံပေတော့။

နိုင်ငံအနှံ့ ဝင်ပြိုင်မယ်ဆိုတဲ့ ပါတီနာမည်တွေ မြင်လေလေ၊ တိုင်းပြည်မိခင်ရဲ့ ဉာဏ်ပညာ အမြော်အမြင်ကို ပိုသိမြင်လာရလေလေပဲ။ အနားသီလို့ မရတဲ့သူ၊ ကန်ထုတ်ခံရသူတွေရဲ့ ပါတီတွေဆိုတာ သိလိုက်ရတဲ့အတွက်။ ပြည်သူကို ဆန့်ကျင်မယ့် ‘ဇ’တွေကို ကြိုမြင်ခဲ့တဲ့ ဉာဏ်ပညာပိုင်ရှင် တိုင်းပြည်မိခင်ကြီး။

‘ကျားသနားမှ နွားချမ်းသာရမယ့်ကိန်း’  ဖြစ်ကုန်ကြပြီ။ ထော်လော်ကန့်လန့် လုပ်တယ် လို့ မြင်တဲ့တနေ့ ရွေးကော်ဥပဒေနဲ့ပဲ ဖြစ်ဖြစ်၊ လုပ်ကြံအမှုတွေနဲ့ပဲဖြစ်ဖြစ် ကိုယ့်ပါတီရော၊ ရွေးကောက်ပွဲ အတုက ရချင်ရင်ရလာမယ့် အမတ်တုဘဝရော ပျောက်ချင်းမလှ ပျောက်သွားရတော့မှာ။ ကိုယ့်ကိုယ်ကိုယ် နွားအဖြစ်ခံချင်ရင်လည်း ခံကြပေါ့၊ ပိုဆိုးတာက အဲဒီကျားက ဖွတ်ကျား။

ဘယ်စစ်အာဏာရှင်မှ နိုင်ငံနဲ့ပြည်သူအပေါ် မေတ္တာ စေတနာ မထားခဲ့ကြပါဘူး။ သူတို့ကိုယ်ကျိုးပဲ ကြည့်ခဲ့ကြတဲ့ အတ္တသမားတွေ။ ဒါပေမဲ့ အခု ဖွတ်ကျားလောက်တော့ တရုတ်ကို ဒူးမတုပ်ခဲ့ကြဘူးလို့ ဆိုရမှာ။ တွေးတတ်ရင် မြိုးမြိုးမြက်မြက် စားရတဲ့သူတွေက လက်တဆုပ်စာသာသာ၊ အဲဒီအိုကြီးအိုမအုပ်စု တိုင်းပြည်ကို ရောင်းစားချင်

တိုင်းစား၊ ပြည်သူကို ထင်သလို ဥပဒေမဲ့ပြုလိုပြု၊ နှိပ်စက်သတ်ဖြတ်နေကြတာတွေကို ‘ငါတို့သည်နိုင်ငံတော်နှင့်နိုင်ငံသားတို့၏သစ္စာကို စောင့်သိရိုသေပါမည်’လို့ ယူနီဖေါင်းကြီးဝတ် ပြည်သူကျွေးတဲ့ ထမင်းစားပြီး နေ့စဉ် သစ္စာအဓိဋ္ဌာန်ဆိုကြသူတွေက ကြည့်ကောင်းကောင်းနဲ့ ကြည့်နေကြသေးတယ်။

အလိုတူအလိုပါ ဆက်လုပ်နေကြရင်တော့ အဲဒီသစ္စာ အနှေးနဲ့ အမြန် စူးမှာပဲ။ အခုလည်း ကြည့်၊ သောက်သောက်လဲ အသက်မရှူကြတော့တဲ့ ဇာတ်လမ်းတွေက နေ့စဉ်နဲ့အမျှပဲ။  အသိဝင်ကြရမယ့်အချိန်၊ နောက်တောင်ကျနေပြီ ဆိုပေမဲ့ ဘယ်တော့မှ အသိမဝင်တာထက် စာရင်၊ နောက်ကျပြီးမှ အသိဝင်လိုက်တာက လမ်းမှန်ပေါ် ကို ဘယ်လိုပဲဖြစ်ဖြစ် ပြန်ရောက်တာလို့ ဆိုရမှာ။

ပြည်သူ့မျက်နှာကြည့်တဲ့ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားစစ်စစ် လို့ ခံယူထားသူတွေကတော့ ဒီအတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံရေးသင်္ချိုင်းပဲ ဆိုတာ သဘောပေါက်တယ်။ ရွေးကောက်ပွဲက ‘စကမ’အတွက် ထွက်ပေါက် မဟုတ်သလို၊ နိုင်ငံနဲ့ ပြည်သူအတွက် အဖြေလည်း မဟုတ်ဘူး။  ဆီးရီးယားက ထွက်မပြေးရခင်တော့ ‘အာဆတ်’ က သူ့စတုတ္ထ သမ္မတသက်တမ်းအတွက် ၉၅.၁ ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲနိုင်တယ် လုပ်ခဲ့သေးတာပဲ။ အခု​ရွေးကောက်ပွဲအတု ရလဒ်ကို မျှော်ပြီး အိပ်မက်တွေ မက်မနေကြနဲ့၊ ပြည်သူတွေက အတေးအမှတ်ကြီးတယ်။

စုစည်းညီညွတ်မှု ဆိုတာ တော်လှန်ရေးအင်အားစုတွေအတွက် Last piece of the puzzle လို့ပြောနိုင်တဲ့ ပဟေဋိကားချပ် ရုပ်ပုံကွက်ရဲ့ နောက်ဆုံးအပိုင်းအစပဲ။ ကြီးတော့ကြီးတယ်၊ ဒါပေမဲ့ ဒီတကွက် ဖြည့်နိုင်ရင် ပွဲပြတ်ပြီ ဆိုတာမျိုး။ မဖြည့်နိုင်ခဲ့ဘူး ဆိုရင်လည်း ပွဲပြတ်ပြီလို့ပဲ ပြောရတော့မှာ။ အဲဒီအခါကျတော့ ရင်နာနာနဲ့ပေါ့။ သက်ဆိုင်သူအားလုံးကလည်း ဒီအချက်ကို သိကြပြီးသား၊ မဆုတ်မနစ် ကြိုးစားနေကြမှာပဲ။ မြေခွေးနဲ့ ဝံပုလွေတွေကလည်း မျက်နှာဖုံးကွာကျပြီ။ ဘာသာရေး လူမျိုးရေး သွေးခွဲလာနိုင်တာတွေကို သတိရှိရှိနဲ့နေရင်း၊ ခေါင်းထဲမပြတ် ထည့်ထားရမှာက ‘အချိန်က ဘယ်သူ့ဘက်မှာ ရှိသလဲ’ဆိုတာ။

ပြည်သူနဲ့ ဆန့်ကျင်ဘက်မှာနေတဲ့ ဘယ်နိုင်ငံရေးသမား၊ ဘယ်အဖွဲ့အစည်းမှ ဇာတ်သိမ်း မကောင်းကြဘူး။ နှာနုဖြတ်ရိုက်ခံရတယ် ဆိုတဲ့သူတွေလည်း ‘မပေးပေးပေး ငါ့ရွေးကောက်ပွဲ ပြန်ပေး’ဆိုပြီး ‘မယ်စန္ဒာ မြေလူး’ တဲ့ ဇာတ် မှာ ဒိုင်ယာလော့ခ် အသစ် ထည့်ပြောကြပေရော့။ ဇာတ်က ရှည်တယ် မပြီးသေးဘူး၊ ‘သွက်သွက်ခါ မြေလူး’ ခန်းတွေလည်း ပါလာဦးမယ်၊ ကြီးကောင်ကြီးမားနဲ့ ဒီအရွယ် ကြီးကျမှ ကိုယ်ပါတီနာမည်ပျောက်ပြီး ညီလေး’ပါတီ ဖြစ်သွားရတဲ့သူကလည်း (အရပ်ထဲပြောနေတဲ့ ပါတီနာမည်သာ ထည့်ရေးလိုက်ရရင်တော့) စစ်ရာဇဝတ်ကောင် ဖွတ်ကျားကို ခြေဆုပ်လက်နယ် ပြုပေးရတာ တန်ရဲ့လားဆိုတာ ပြန်တွေး။

ပြောသာပြောရပါတယ်၊ အသိခေါက်ခက် အဝင်နက်သူတွေအတွက်ကတော့ အမြီးပြတ်ပြန်စမ်းရင်း ပါးစပ်က အမြှုပ်တစီစီ ထွက်လေကာမှ ဪ…ခုနက ဖွတ် ကျားကျွေးလိုက်တဲ့ အမဲလုံးထဲမှာ အဆိပ်တွေနဲ့ပါလားလို့ ဆန့်ငင်ဆန့်ငင် အသိဝင်သွားကြမယ့်ပုံ။ အဲဒါဆိုရင်တော့  နှာနုဖြတ်ရိုက်ခံရတာထက် ပိုဆိုးသွားပြီ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar