Breaking News

စစ်တပ် လိုချင်တဲ့ ပုံဖော်ဖို့ လုပ်တဲ့ ရွေးကောက်ပွဲ၊ ဒေါက်တာအေးမောင်ကို နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှု ပြစ်ဒဏ်ကြွေးကျန်ကို ပယ်ဖျက်ပေး

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၁ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၂၅

စစ်တပ် လိုချင်တဲ့ ပုံဖော်ဖို့ လုပ်တဲ့ ရွေးကောက်ပွဲ၊ ဒေါက်တာအေးမောင်ကို နိုင်ငံတော်ပုန်ကန်မှု၊ အကြည်ညိုပျက်စေမှု ပြစ်ဒဏ်ကြွေးကျန်ကို ပယ်ဖျက်ပေး

အာဏာသိမ်းထားတဲ့ စစ်တပ်က ၄င်းတို့ တာဝန်ယူ ကျင်းပမယ့် ရွေးကောက်ပွဲရက်ကို ပြီးခဲ့တဲ့လက သတ်မှတ်ကြေညာပြီးနောက်မှာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနာမည်စာရင်းသွင်းတာတွေ စတင်လုပ်ဆောင်လာကြပြီး စစ်အာဏာသိမ်းပြီး အုပ်ချုပ်နေရာကနေ အရပ်ဝတ်လဲထားတဲ့ ဗိုလ်ချုပ်ဟောင်းတွေ အစိုးရဖြစ်လာမယ့် အသွင်ပြောင်းမှုတခုမှာ ပါဝင်ဖို့ လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ 

ယခင် ၂၀၁၀ မတိုင်ခင် NLD ပါတီဝင်၊ ပါတီရဲ့ အဆင့်တခုမှာ ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ဖူးသူတွေဖြစ်တဲ့ ဦးခင်မောင်ဆွေနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ ဒေါက်တာသန်းငြိမ်းတို့ဦးဆောင်ကာ အမျိုး သားဒီမိုကရေစီ အင်အားစု NDF ပါတီကို ဦးဆောင်တည်ထောင်ပြီး ရွေးကောက်ပွဲဝင်ခဲ့ဖူးပါတယ်။ အဲဒီနောက် ၁၅ နှစ်အကြာမှာလည်း NLD ပါတီ ယှဥ်ပြိုင်ခြင်းမပြုမယ့် ရွေးကောက်ပွဲကို NDF ပါတီက ဝင်ရောက်ယှဥ်ပြိုင်ဖို့လုပ်ဆောင်နေစဥ်မှာ အခုလက်ရှိရွေးကောက်ပွဲကော်မရှင်က ပါတီ ဝင်အရေအတွက် မပြည့်မီဘူးဆိုတဲ့အချက်နဲ့ ရွေးကောက်ပွဲဝင်ခွင့်မပြုတဲ့အပြင် ပါတီကိုပါ ဖျက် သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အချိန်အတန်ကြာမှာ ပြင်ဆင်ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ဥပဒေဟာ ပါတီဝင်အင်အားနည်းပါးခဲ့ရင် ယခင်ဥပဒေမှာလို တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီအဖြစ် မှတ်ပုံတင်ခွင့်မရှိဘဲ ပြည်နယ်တခု သို့မဟုတ် တိုင်းအဆင့် တခုမှာသာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရှိမယ့် ပါတီအဖြစ် မှတ်ပုံတင်ခွင့်ရှိမယ့်သဘော ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီပြဋ္ဌာန်းချက်ကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ယှဥ်ပြိုင်ဖို့ ရည်ရွယ်တဲ့ ပါတီတရပ် အနေနဲ့ ပါတီဝင်အင်အား ၁ သိန်းရှိရမှာ ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပတဲ့အခါ မြို့နယ် ၃၃၀ ရဲ့ ထက်ဝက်ကျော်မှာ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရမယ်လို့ ယခင်သတ်မှတ်ထားတဲ့ပမာဏထက် သိသာစွာများပြားတဲ့အရေအတွက်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ဒီလို ပြဋ္ဌာန်းတဲ့ ရည်ရွယ်ချက်က ပါတီဝင် အရေ အတွက်အလယ်အလတ်နဲ့ နည်းတဲ့ ပါတီတွေအဖို့ ပြည်နယ် တခု သို့မဟုတ် တိုင်းဒေသတခုမှာသာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပါတီအဖြစ် မှတ်ပုံတင်အောင် ကန့်သတ်တဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးအနေနဲ့ တိုင်းရင်းသား ပါတီတွေနဲ့ငွေအား ပါတီဝင်အင်အားနည်းတဲ့ ပါတီတွေကို  ပြိုင် ဘက်ပါတီ ထည့်သွင်းစဥ်းစားဖို့မလိုအောင် ရည်ရွယ်လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

၂၀၂၅ အကုန်နဲ့ ၂၀၂၆ နှစ်ဆန်းမှာ အပိုင်းလိုက်ကျင်းပမယ့်ရွေးကောက်ပွဲဟာ ပြည်တွင်းစစ်မီးကျယ်ကျယ်ပြန့်ပြန့် တောက်လောင်နေပြီး မြန်မာနိုင်ငံလူဦးရေရဲ့ ၁၀ ပုံတပုံနီးပါးလောက်က နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရချိန် လက်နက်ကိုင်ခုခံတိုက်ခိုက်မှု၊ မြို့ပေါ်တွေမှာလည်း မြေအောက် လှုပ်ရှားမှုနဲ့လုပ်ကြံသတ်ဖြတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတဲ့နောက်ခံအခြေအနေမှာ ရွေး ကောက်ပွဲ နိုင်ငံရေးပါတီတခုကိုအဖွဲ့ဝင်အဖြစ်ဝင်ဖို့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဥ်ပြိုင်ဖို့ မလွယ်ကူပါဘူး။ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဒေသတွေမှာ ရွေးကောက်ပွဲ စည်းရုံးဖို့ မဲပေးဖို့ အခြေအနေတွေက စဥ်းစားကြည့်ရင်တောင် မဖြစ်နိုင်သလို ရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်တွေအနေနဲ့လည်း လွှတ်တော်ထဲရောက်ဖို့ထက် လက် နက်ကိုင်အဖွဲ့တဖွဲ့ဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံရနိုင်ခြေ၊ သတ်ဖြတ်ခံရနိုင်ခြေ အများကြီးရှိနေတာ ဖြစ်ပါတယ်။ ခုရက်ပိုင်းအတွင်းမှာပင်လျှင် ရေးမြို့နယ်ကိုသွားရောက်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက စည်းရုံးရေးမှူး ၃ ဦး ကို အမည်မသိသေးတဲ့ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးထားတဲ့ သတင်းပေါ်ထွက်လာတာ ဖြစ်ပါတယ်။ 

ဒီလိုအနေအထားမှာ ပါတီဝင် ၁ သိန်းပြည့်ဖို့ ၁၆၅ မြို့နယ်အနည်းဆုံး ယှဥ်ပြိုင်ဖို့ရည်ရွယ်တဲ့ ပြည်ထောင်စုအဆင့် နိုင်ငံရေးပါတီသတ်မှတ်ချက်ပြည့်ဖို့ ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်းအတွင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ကို ပါတီဖျက်သိမ်းကြောင်း ကြေ ညာလိုက်ခြင်းဟာ နဂိုကတည်းက ရွေးကောက်ပွဲ လမ်းကြောင်းကို သံသယရှိနေခြင်းကို ပိုမိုအားဖြည့်လိုက်သလိုဖြစ်စေခဲ့ပါတယ်။ NDF ပါတီတခုထည်း ဖျက်သိမ်းခံရတာမဟုတ်ပေမယ့် ဖျက်သိမ်းခံအခြား ၃ ပါတီထက်ကို NDF ပါတီက လူထုကိုအတိုင်းအတာတခုထိ ဆွဲဆောင်ကောင်းဆွဲဆောင်နိုင်မယ့် အနေအထားလို့ မြင်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တဲ့ ဦးခင်မောင်ဆွေ တည်ထောင်ခဲ့ပြီး လက်ရှိမှာ နာယကအဖြစ်တာဝန်ယူထားတဲ့ ပါတီအနေနဲ့ ၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲကို တက်တက်ကြွကြွ ဝင်ရောက်ယှဥ်ပြိုင်ဖို့ အားခဲထားရာက ပြေးမယ့်မြင်းကို ဖမ်းချုပ်လိုက်သလို နှာနုဖြတ်ရိုက်ခံရသလို ဖြစ်စေခဲ့ပါတယ်။ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် NLD ပါတီ တရားဝင်ရပ်တည်ရေး လမ်းကြောင်းကို တွန်းတွန်းတိုက်တိုက် ပြောခဲ့လို့ လူအများရဲ့ ဝေဖန်မှုခံရသူ ဒေါ်စန္ဒာမင်းကလည်း ကိုယ်စားလှယ်လောင်း စာရင်းပေးသွင်းခါနီးအချိန်မှာ NDF ပါတီကို ဝင်ရောက်သွားပြီး ဒုဥက္ကဋ္ဌ တာဝန်ယူခဲ့ပါတယ်။ ဒေါ်စန္ဒာမင်း NDF ပါတီဝင်ရောက်သွားချိန်မှာ ကြံ့ခိုင်ရေးနဲ့ စစ်တပ် အနေနဲ့ လက်နက်ကိုင် လမ်းစဥ်ကို ရွေးချယ် ထောက်ခံခြင်းမပြုတဲ့ အန်အယ်လ်ဒီ ပါတီဝင်၊ ပါတီစည်းရုံးရေးမှူးတွေနဲ့ ပါတီထောက်ခံသူတွေ အနေနဲ့ NDF ကို ဝင်ပြီးအားဖြည့်ကြမှာလားဆိုတဲ့ စိုးရိမ်မှု ရှိလာတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ဒီစိုးရိမ်မှုက NDF ပါတီကို ကန့်သတ်နိုင်တဲ့ အချက်အလက် အခြေအနေတွေကို ရှာဖွေပြီး အသုံးချကာ ပါတီဖျက်သိမ်းကြောင်း ကြေညာခဲ့တာလားလို့ စဥ်းစားစရာ ရှိပါတယ်။ နကိုကတည်းက လူ အများအယုံအကြည် မရှိဖြစ်နေတဲ့ ၂၀၂၅/၂၀၂၆ ရွေးကောက်ပွဲဟာ NDF အပါအဝင် အခြား ၃ ပါတီဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းက ရွေးကောက်ပွဲအပေါ်  စိတ်ဝင်စားမှုနဲ့ ယုံကြည်မှုကို အောက်ဆုံးအထိ ကျဆင်းစေခဲ့ပြီဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာ တခုကလည်း ရွေးကောက်ပွဲနဲ့ ဆက်စပ်နေပါတယ်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ရခိုင့်နိုင်ငံတော် ဆုံးရှုံးတဲ့ အထိမ်းအမှတ် ဟောပြောပွဲကို အကြောင်းပြုပြီး နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့နဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြစ်ဒဏ်လျှော့ပေါ့ခွင့်နဲ့ လွတ်မြောက်ခဲ့တဲ့ ဒေါက်တာအေးမောင်ကို ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ အတွက် ကြွေးကျန်ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့် ထုတ်ပြန်ပေးခဲ့တဲ့ ကြေညာချက် ဖြစ်ပါတယ်။ ဒေါက်တာအေးမောင်ဟာ ၂၀၁၈ ခုနှစ် ရသေ့တောင် ဟောပြောပွဲပြီးနောက် မြောက်ဦးကိုအသွားဖမ်းဆီးခံခဲ့ရကာ ရသေ့တောင် ဟောပြောပွဲရဲ့ ဟော ပြောမှုတွေကို နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ တရားစွဲဆိုကာ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ 

NLD အစိုးရလက်ထက်မှာဖြစ်ပွားခဲ့တဲ့ အဆိုပါဟောပြောမှုအတွက် ပြစ်ဒဏ်ကျခံနေရတဲ့ ဒေါက် တာအေးမောင်ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး မကြာခင် လအနည်းငယ်အကြာမှာ အာဏာ သိမ်းစစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။ ထိုစဥ်က ပြစ်ဒဏ်ကျခံမှု မပြီးဆုံးခင် ပြစ်ဒဏ်ကြွေးကျန် အနေနဲ့ လွှတ်ပေးခဲ့တာ ဖြစ်လို့ အဆိုပါ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မနဲ့ အရေးယူခံထားရသူ ပြစ်ဒဏ်ကြွေးကျန် ရှိသူတဦးအနေနဲ့ ရွေးကောက်ပွဲလိုမျိုးမှာ ရွေး ကောက်ခံ ကိုယ်စားလှယ်အဖြစ် ပါဝင်ခွင့် မရှိတဲ့အနေအထားကို ကာ/လုံ လုပ်ပိုင်ခွင့်နဲ့ ပယ်ဖျက်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာ လက်ရှိ အနေအထားအရ စစ်ကောင်စီအနေနဲ့ စစ်တွေနဲ့ ကျောက်ဖြူလို ၂ မြို့မှာသာ ရွေးကောက်ပွဲကိုအဖြစ် အနေအထားနဲ့ လုပ်နိုင်မယ့် အခြေအနေ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ကျော်ထွက်လာတဲ့ AA ရဲ့ ထိုးစစ်တွေကို ခုခံနေရတဲ့အခြေအနေကြောင့် ရခိုင်ပြည်နယ်အဖို့ ရွေးကောက်ပွဲ လုပ်တယ်ဆိုရင်တော့ အဝေးရောက် ရွေးကောက်ပွဲသာ ဖြစ်ပါလိမ့်မယ်။ အာဏာသိမ်းစစ်တပ် အနေနဲ့ ဒေါက်တာအေးမောင်ကို အဝေးကနေ လုပ်မယ့်ရွေးကောက်ပွဲ ရခိုင် ပြည်နယ်ကိုကိုယ်စားပြုတဲ့ အနည်းငယ်မျှသော ဝင်ရောက်ရွေးချယ်ခံမယ့် ကိုယ်စားလှယ်တွေအဖြစ် အသုံးချဖို့ ရည်ရွယ်ချက်နဲ့ ဥပဒေကြောင်းအရ လွတ်ငြိမ်းခွင့်ပေးခြင်းလို့သာ ကောက် ချက်ချရမှာ ဖြစ်ပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar