သီအိုဇော် - ခြေသံလုံသော ‘သူလိုလူ’ တော်လှန်ရေးသမား
ခြေသံလုံသော ‘သူလိုလူ’ တော်လှန်ရေးသမား
သီအိုဇော်
မိုးမခ ၊ စက်တင်ဘာ ၁၂ ၊ ၂၀၂၅
‘တီအန်မင်’ရင်ပြင်က ဖက်ဆစ်ဂျပန်တို့အပေါ် နှစ် ၈၀ ပြည့် အောင်ပွဲကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့တဲ့ သတင်းဓာတ်ပုံတွေ ပြီးခဲ့တဲ့ရက်ပိုင်းက မြင်တွေ့ခဲ့ကြရပါတယ်။ တဆက်တည်းမှာပဲ မြန်မာနိုင်ငံက သမိုင်းဝင် ဖက်ဆစ်တော်လှန်ရေးကြီးအကြောင်း ခေါင်းထဲ ဝင်လာပါတယ်။ အဲဒီသမိုင်းဖြစ်ရပ်တွေထဲကမှ အထင်ကရ ပုဂ္ဂိုလ်တဦးအကြောင်း ကွက်ကွက်လေး ရွေးနုတ် တွေးချင်စိတ် ပေါ်လာမိပါတယ်။
‘သူလိုလူ’ ဆိုတာနဲ့ ဘယ်သူ့ကို ရည်ညွှန်းလိုက်တယ် ဆိုတာ အထူးတလည် ပြောဖို့ မလိုအပ်တော့ပါဘူး။ ‘ဂျာနယ်ကျော် ဦးချစ်မောင်’အတွက် ဇနီးဖြစ်သူ ‘ဂျာနယ်ကျော် မမလေး’ ရေးသားခဲ့တဲ့ ‘သူလိုလူ’စာအုပ်ဟာ စာပေလောကအတွက် မှတ်တိုင်တခုလို့လည်း ပြောလို့ ရပါတယ်။ ‘ဂျာနယ်ကျော် ဦးချစ်မောင်’ကို သတင်းစာဆရာ၊ စာရေးဆရာ၊ အယ်ဒီတာ၊ နိုင်ငံရေးသမား စသဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ် ခေါ်လို့ရပါတယ်။ အခု ရေးလိုတဲ့ အကြောင်းအရာကတော့ ဂျပန်ခေတ်အတွင်းက သူ လျှို့ဝှက်လုပ်ဆောင်ခဲ့တဲ့ တော်လှန်ရေးသမားဘဝနဲ့ ပိုပြီးဆက်စပ်ပါတယ်။
‘သူ့ကို ဂျပန်ခေတ်က လက်ဖက်ရည်ဆိုင်မှာ အမြဲတွေ့၍ ဘာအလုပ်မှ မလုပ်သည့် သူတယောက်ဟု ပြောကြသည်’ ဆိုပြီး အများရဲ့အမြင်ကို ဇနီးဖြစ်သူက ပြန်ပြောင်းရေးသားခဲ့ပါတယ်။ တကယ်က တော့ ဂျာနယ်လုပ်ငန်း ရပ်ဆိုင်းထားပေမယ့်၊ အဲဒီအချိန်မှာ ဂျပန်တို့ရဲ့ သတင်းများကို ရယူထောက်လှမ်းတဲ့ သူလျှိုလုပ်ငန်းကို သူ လုပ်ကိုင်နေတာပါ။ နိုင်ငံတကာသတင်း၊ ပြည်တွင်း ပြည်ပစစ်ရေး၊ စီးပွားရေး ကဏ္ဍစုံရဲ့ သတင်းတွေကို စုံစမ်းထောက်လှမ်းပြီး သူ့ထင်မြင်သုံးသပ်ချက်တွေနဲ့အတူ အဲဒီလျှို့ဝှက်မှတ်တမ်းများကို သတင်းပေးပို့နေရတာ ဖြစ်ပါတယ်။
သူနဲ့ တိုက်ရိုက် အဆက်အသွယ်ရှိသူက ဗိုလ်လကျ်ာပါ။ သူ စည်းရုံးထားတဲ့ သတင်းပေးတွေက ဂျပန်ကင်ပေတိုင်ရုံးထဲအထိ ရှိပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ ဂျပန်စစ်ကြောင်း စစ်စခန်းတွေနဲ့ လက်နက်တိုက်လို နေရာမျိုးက အစ၊ ဂျပန်နဲ့ စစ်ဘက် အရပ်ဘက် ကုန်သွယ်စာရင်းအင်း အချက်အလက်တွေအထိ သတင်းရယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
သူလို အရည်အချင်းရှိသူတဦးက ဒီလုပ်ငန်းမျိုးတွေကို လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်း ရှိတာကတော့ အဆန်းတကြယ် မဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဖက်ဆစ်ဂျပန်တို့ ကြီးစိုးတဲ့ခေတ်မှာ လုပ်ရ ကိုင်ရတာက စပိုင်ရုပ်ရှင်ဇာတ်ကားတွေထဲကထက် သည်းထိတ်ရင်ဖို ဖြစ်စရာပါ။ ဂျပန်ခေတ်အတွင်း အိမ်အတည်တကျ နေလို့မရဘဲ၊ ဂျပန်စစ်တပ်က နေချင်တယ်ဆိုပြီး လာနှင်လိုက်၊ အဆင်ပြေတဲ့ နေရာ ရွှေ့ပေးရလိုက် ဆိုတဲ့ ဖြစ်ရပ်တွေက ဦးချစ်မောင်တို့လည်း ကြုံတွေ့ခဲ့ကြရပါတယ်။
တာမွေ မြင်းပြိုင်ကွင်းနားက ဝတ်လုံတော်ရတဦးရဲ့ မိသားစုပိုင် ခြံကျယ်ကြီးမှာ ငှားနေကြတုန်းက အဲဒီလိုပဲ ဂျပန်စစ်တပ် ရောက်လာပြီး အိမ်က ဖယ်ခိုင်းပါတယ်။ နောက်ထပ် အိမ်ရှာမတွေ့ခင်အထိ စခန်းလာချတဲ့ ဂျပန်စစ်သားတွေနဲ့ တခြံတည်း နေခဲ့ရတာပါ။ အဲဒီအချိန်က ဦးချစ်မောင် လုပ်ကိုင်နေရတာတွေနဲ့ ပြန်စဉ်းစားကြည့်ရင် ဘယ်လောက်တောင် အန္တရာယ်များတယ်၊ ပါးနပ်သိုသိပ်စွာ နေထိုင်ခဲ့ရတယ် ဆိုတာကို သိမြင်နိုင်ပါတယ်။
ဒီတကြိမ်ပဲလား ဆိုတော့ မဟုတ်ပါဘူး။ အဲဒီကနေ ဘောက်ထော်ဘက်ကို ပြောင်းလာတဲ့အခါ ဂျပန်စီးပွားရေးလုပ်ငန်းရှင်တဦးနဲ့ တခြံတည်း နေရပါတယ်။ နောက်ပိုင်း ကမာရွတ် ပြည်လမ်းဘက်ကို ပြောင်းရွှေ့ကြရတဲ့အခါကျတော့ အဲဒီဂျပန်ကြီးနဲ့ တအိမ်တည်း အတူနေကြရပြန်ပါတယ်။ စာရွက်စာတမ်း မှတ်တမ်းမှတ်ရာတွေကို မီးရှို့ ဖျက်ဆီးရ၊ သိမ်းရ ဝှက်ရတွေနဲ့ ပိပိရိရိ သိုသိပ်လျှို့ဝှက်စွာ နေထိုင်ခဲ့ကြရတာတွေက ခပ်လွယ်လွယ် ကျော်ဖြတ်ခဲ့ရတဲ့ နေ့ရက်တွေတော့ မဖြစ်နိုင်ပါဘူး။
ရွှေတောင်ကြားက ဗိုလ်လကျ်ာရဲ့ အိမ်မှာနေတုန်းက သခင်ဗဟိန်းကလည်း သူတို့နဲ့ တအိမ်တည်း နေပါတယ်။ ဦးချစ်မောင်တို့က လက်နှိပ်စက်သံ တဂျောင်းဂျောင်းနဲ့ လျှို့ဝှက် စာရွက်စာတမ်းတွေ ရိုက်နေတာကို သတိထားမိတဲ့ သခင်ဗဟိန်း လိုလူက မေးမြန်းတဲ့အခါမှာတောင်၊ သတင်းစာမှတ်စုတွေ စုဆောင်းနေတာလောက်ပဲ ပြောခဲ့၊ ပြခဲ့တာပါ။ ဒါကိုကြည့်ရင် သူ့ကို ခြေသံလုံတယ်လို့ ပြောလိုက်တာ မလွန်မှန်း သိနိုင်ပါတယ်။
ဦးချစ်မောင် ဘက်ကပဲ သိုသိပ်တာ မဟုတ်ပါဘူး၊ သူ ပို့တဲ့ သတင်းအချက်အလက်တွေ၊ သုံးသပ်ချက်တွေက လျှို့ဝှက်ဌာနတခုဆီရောက်ပြီး ခေါင်းဆောင်တွေဖတ်ကြတယ်ဆိုတာလောက်ပဲ ဦးချစ်မောင်ကို အသိပေးထားတာပါ။ တရက်မှာတော့ သူပို့တာတွေ ဖတ်ကြတဲ့သူတွေထဲမှာ သခင်သန်းထွန်း ပါ မှန်း သူ သိလိုက်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်လကျ်ာ အိမ်နားမှာ သခင်သန်းထွန်းက နေပါတယ်။ ဦးချစ်မောင် ကိုယ်တိုင် ပေးပို့ခဲ့တဲ့ သတင်းကို သခင်သန်းထွန်းက သူ မသိသေးဘူး ထင်ပြီး သူ့ကို ပြန်ပြောပြတဲ့အခါကျမှ သူ ရိပ်မိသွားခဲ့တာပါ။
ဉာဏ်ရည်ထက်မြက်တဲ့ ဦးချစ်မောင်အနေနဲ့ စစ်ရေးသတင်းတွေ ဗိုလ်ချုပ်လက်ထဲ ရောက်သွားတယ် ဆိုတာကိုတော့ ခန့်မှန်းထားနိုင်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ ပါဝင်ကြတဲ့သူတွေ ဘယ်လောက်များ သိုသိပ်လျှို့ဝှက်ခဲ့ကြသလဲ ဆိုတာကို တွေးကြည့်လို့ ရပါတယ်။ သူ ရေးပေးတယ် ဆိုတာကို ဖတ်တဲ့သူတွေက မသိသလို၊ သူ့ကိုလည်း ဘယ်သူတွေက ဖတ်မယ်ဆိုတာ အသိပေးမထားခဲ့ပါဘူး။ ကွင်းဆက်တွေကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ထားခဲ့ကြတာပါ။
ဘယ်လောက်ပဲ သတိရှိရှိ လုပ်ကိုင်နေကြပေမယ့်၊ မျက်စိဖွင့် နားစွင့် အမြဲလုပ်နေကြရတဲ့ ဘဝပါ။ ဇနီးဖြစ်သူက မှတ်တမ်းအတွက် သိမ်းဆည်းထားချင်တာလေးတွေ လိုက်ကူးယူဖို့ လုပ်တဲ့အခါမှာ ‘မလုပ်နဲ့ မလုပ်နဲ့၊ ရေနွေးပူ မကြောက်ဘူးလား’ ဆိုပြီးတားမြစ်ခဲ့တာကလည်း အန္တရာယ်ဟာ လက် တကမ်းမှာ ဆိုတဲ့ စိုးရိမ်ပူပန်နေရမှုကို ပြသနေပါတယ်။ ဦးချစ်မောင် ကိုယ်တိုင်လည်း ကမာရွတ်မှာ နေတုန်း မြို့ထဲကို ဗိုလ်လကျ်ာ ဝယ်ပေးထားတဲ့ ဆိုက်ကားနဲ့ သွားလာတဲ့အခါ၊ ဂျပန်တွေ ရှိတဲ့နေရာကို ရှောင်ကွင်းပြီး သူတို့ သွားလာကြရတာလို့ သိရပါတယ်။ သူ့ကို လာဖမ်းတော့မယ် ဆိုပြီး သတင်းရတာမျိုးတွေနဲ့လည်း မကြာ မကြာ ကြုံတွေ့ခဲ့ကြရပါတယ်။
‘ဂျာနယ်ကျော် ဦးချစ်မောင်’ရဲ့ ဂျပန်ခေတ် တော်လှန်ရေးအတွေ့အကြုံတွေကို ဇောင်းပေး ဖော်ပြလိုတာ ဖြစ်ပေမယ့်၊ သူဟာ ဘယ်လိုလူမျိုးဖြစ်လို့ စစ်ရေး၊ နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်တွေက သူ့သတင်းဆန်းစစ်မှုတွေကို ယုံကြည်လက်ခံကြသလဲ ဆိုတဲ့ မေးခွန်း ရှိခဲ့ရင်လည်း ဒီနေရာမှာ ဖြေရှင်းပေးလိုပါတယ်။
ဦးချစ်မောင် လို့သာ လေးစားသမှုနဲ့ ‘ဦး’တပ် ခေါ်ကြတာပါ၊ သူ ကွယ်လွန်သွားခဲ့တဲ့ အချိန်မှာတောင် အသက် ၃၄ နှစ်အရွယ်မျှသာပဲ ရှိပါသေးတယ်။
သူ ဘယ်လောက် လေ့လာမှု အားကောင်းတယ်၊ အသိဉာဏ်ပညာ ထက်မြက်စွာနဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်တယ် ဆိုတာကို ဥပမာတခုလောက်နဲ့ ပြပါဆိုရင် ‘ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၃၉ ခုနှစ် စက်တင်ဘာလထက် စော၍လည်း မဖြစ်နိုင်၊ နောက်ကျ၍လည်း မဖြစ်နိုင်’ဆိုတဲ့ ကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့မှုကိုပဲ ရွေးချယ် ပြသချင်ပါတယ်။ အားလုံး သိကြတဲ့အတိုင်း ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ ဂျာမနီက ပိုလန်ကိုဝင်ရောက်သိမ်းပိုက်ခဲ့ရာက ဒုတိယကမ္ဘာစစ်မီးစတင်တောက်လောင်ခဲ့ရတာပါ။
ဂျပန်ခေတ်မှာပဲ ‘ဘိရုမာရှင်ဘွန်း’ ဂျပန်သတင်းစာက ‘မြန်မာပြည် ယဉ်ကျေးမှုရာဇဝင်’ဆိုတဲ့စာအုပ်ကို ထုတ်ဝေလိုတဲ့အတွက် သခင်ကိုယ်တော်မှိုင်း၊ ဒေါက်တာဘဟန်၊ ဒေါက်တာထင်အောင်၊ဦးဖေမောင်တင် တို့လို အခန်းတခန်း တာဝန်ယူပြီး ဝင်ရေးပေးဖို့ တောင်းဆိုခဲ့တယ် ဆိုတာကို ကြည့်ရင် သူ ဘယ်လိုလူလဲ ဆိုတာ ပေါ်လွင်လောက်ပါပြီ။ သူကိုယ်တိုင် အချိန်ရရင်ရသလို ရေးသားဖို့ ပြင်ဆင်ခဲ့တဲ့ ‘မြန်မာရာဇဝင် ထင်မြင်ဝေဖန်ချက်’ ၊ ‘လွတ်လပ်ရေးရလျှင် မြန်မာပြည်ကို မည်သို့ပြန်လည်ထူထောင်မည်နည်း’ စတဲ့ စာအုပ်ခေါင်းစဉ်တွေနဲ့လည်း သူ့ရဲ့ အသိဉာဏ်ပညာနဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာကို သဘောပေါက်နိုင်ပါတယ်။
သူ ရေးသားခဲ့တဲ့ နာမည်ကျော် ‘ဂျာနယ်ကျော် ဦးချစ်မောင်၏ နေ့စဉ်မှတ်တမ်း’ များအရ ဂျပန်ခေတ်မှာ မြန်မာ့အလင်းဦးတင်လွှတ်တော်အမတ် စဖြစ်ချိန်ကတည်းက လွှတ်တော်တွင်း မေးမြန်းဆွေးနွေး ဥပဒေကြမ်း တင်သွင်းရာတို့မှာ၊ နောက်ကွယ်ကနေ သူက စီစဉ်အကြံပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီမှတ်တမ်းစာအုပ်ထဲမှာပဲ သူ့ရဲ့ အသက် ၃၂ နှစ်ပြည့် မွေးနေ့အတွက် နေ့စဉ်မှတ်တမ်းအရ၊ လူသိမများလိုဘဲ ကန့်လန့်ကာ နောက်ကွယ်ကသာ ပါဝင်လိုတဲ့ သူ့ရဲ့ စိတ်ဆန္ဒရင်းကို သိမြင်နိုင်ပါတယ်။ ‘တွင်ကျယ်အောင် လုပ်ကိုင်နိုင်ဖို့မှာ နာမည်ကြီးဖို့က ပထမအရင်းခံ ဤနိုင်ငံတွင် ဖြစ်နေတော့၏။ နာမည်ကြီးအောင် လုပ်ရန်မှာလည်း ကျွန်ုပ် အလွန်စက်ဆုပ်သော အလုပ်တခုဖြစ်ချေ၏။’ လို့ ရေးသားထားခဲ့တာပါ။
ဦးချစ်မောင်ရဲ့ အတွေးအမြင် စူးရှထက်မြက်မှု၊ အကဲခတ်ကောင်းမှုတို့ကို ဗိုလ်ချုပ် သူ့အိမ် အလည်ရောက်လာပြီး၊ ဂဠုန်ဦးစောအကြောင်း ဆွေးနွေးကြစဉ်တုန်းက သူ ပေးခဲ့တဲ့ မှတ်ချက်က ပြသခဲ့ပါတယ်။ ‘ဖဆပလအဖွဲ့ကြီးဟာ အဖွဲ့ပေါင်းစုံ၊ အသင်းပေါင်းစုံ စုစည်းပြီး ဖွဲ့ထားတာလို့ ကျွန်တော်တို့ ကြေညာပေမယ့် ဒီအဖွဲ့ထဲမှာ ဦးစော မပါရဘူး၊ ဦးစောကို ထည့်လို့ မဖြစ်ဘူး၊ ဒါကိုကျွန်တော် ပြောတယ်’ ဆိုတဲ့စကားကို ဗိုလ်ချုပ်က ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖဆပလအဖွဲ့ကြီးရဲ့ ပထမဆုံးကြေညာစာတမ်းကို သူကပဲ ရေးသားပေးခဲ့တာဖြစ်ပြီး၊ အစည်းအဝေးတွေမှာ ဗိုလ်ချုပ်က ‘ဦးချစ်မောင်ကော သဘောတူပါသလား’လို့ အမြဲ မေးလေ့ရှိတယ်လို့ သူ့ဇနီးကို ပြန်ပြောပြခဲ့တာကို ထောက်ရင်၊ ဖဆပလအဖွဲ့အတွင်း သူ့ရဲ့ အရေးပါမှုကို ခန့်မှန်းလို့ရပါတယ်။ ဦးချစ်မောင်ရဲ့ ဖြတ်သန်းမှုကို အခုခေတ်စကားနဲ့ ပြောရရင် think tank တဦးလို့လည်း သတ်မှတ်နိုင်ပါလိမ့်မယ်။ အရည်အသွေးမြင့်မြင့် ဆန်းစစ်သုံးသပ်မှုတွေကို ထိထိရောက်ရောက် ပြုလုပ်ပေးနိုင်တဲ့ ပြည်သူ့ဘက်တော်သား think tank ဆိုရင် ပိုပြည့်စုံမှန်ကန်ပါလိမ့်မယ်။
ဖဆပလ ဗဟိုဦးစီးအဖွဲ့ဝင် ဖြစ်ဖို့ရာမှာလည်း ပထမ ကန့်ကွက်ခံရပါသေးတယ်။
‘ဂျပန်ခေတ်တုန်းက တိုင်းပြည် အရေးကိစ္စတွေမှာ မပါခဲ့ဘဲနဲ့ အခု ဖဆပလဖွဲ့မှ ဝင်ပါဖို့ မဖြစ်နိုင်ဘူး’ ဆိုပြီးသခင်စိုးက ထကန့်ကွက်ခဲ့တာပါ။ နောက်မှ ဗိုလ်လကျ်ာက ‘ခင်ဗျားနေ့တိုင်းဖတ်နေရတဲ့ သတင်းတွေဟာ ဘယ်ကရတယ် ထင်သလဲ’ ဆိုပြီး ရှင်းပြလိုက်တော့မှ သခင်စိုးသဘောပေါက်သွားခဲ့တာပါ။
အထက်မှာ ပြောခဲ့သလို သူတို့တတွေ ခြေသံလုံလုံ သိုသိုသိပ်သိပ် ဘယ်လောက်ရှိခဲ့ကြသလဲ ဆိုတာ၊ ဒီနေရာမှာလည်း ထပ်ပြီး ပေါ်လွင်ပြန်ပါတယ်။
အသက်ငယ်ရွယ်စဉ်တုန်းမှာပဲ ကွယ်လွန်သွားခဲ့ရတဲ့ ဦးချစ်မောင်ရဲ့ ဈာပနကို ဖဆပလ အဖွဲ့ကြီးကပဲ တာဝန်ယူ စီစဉ်ခဲ့ပါတယ်။ ဆရာမိုးဟိန်း(သားဂျာနယ်ကျော်) က သူ့ဖခင်ရဲ့ ဈာပနနဲ့ပတ်သက်ပြီး ဗိုလ် ချုပ်အောင်ဆန်းက ‘ကျုပ်တို့တော့ လက်ရုံးတစ်ဖက်ပြုတ်သွားပြီ’...အစချီ၍ ဦးချစ်မောင်အကြောင်းများနှင့် အဆုံးသတ်တွင် ‘ဦးချစ်မောင်လို လူမျိုးကိုတော့ ခြေလျင်ပို့သင့်ပါတယ်’ဟု ပြောခဲ့ကာ ကြံ တောသုသာန်အထိ ဦးချစ်မောင်ရဲ့ နောက်ဆုံးခရီးကို ခြေလျင်လိုက်ပို့ခဲ့ကြကြောင်း ၁၉၉၉ ခုနှစ် ဇန်နဝါရီလထုတ် ရတနာမြေ မဂ္ဂဇင်းမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်ကိုယ်တိုင်တန်ဖိုးထား လေးစားတဲ့၊ အသက်ငယ်ငယ်နဲ့ မြန်မာနိုင်ငံစာရေးဆရာများအသင်း ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ပေးအပ်ခံခဲ့ရသူ ‘ဂျာနယ်ကျော် ဦးချစ်မောင်’ လိုလူမျိုးဆီက အတုယူ အားကျစရာများစွာရှိနေမှာ သေချာပါတယ်။ မျက်မှောက်ကာလမှာတော့ ခြေသံလုံလုံနဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့ တော်လှန်ရေးသမားကောင်းတယောက်အဖြစ် လှုပ်ရှားဖြတ်သန်းခဲ့ပုံများကနေ သင်ခန်းစာယူ၊ အတုယူနိုင်တတ်ကြဖို့က ပိုပြီးလိုအပ်လိမ့်မယ်လို့ပဲယူဆမိပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar