Breaking News

မောင်လူမွှေး - မှတ်ကျောက်တင်ခံနိုင်တဲ့လူ

မောင်လူမွှေး - မှတ်ကျောက်တင်ခံနိုင်တဲ့လူ

မိုးမခ ၊ စက်တင်ဘာ ၂၉ ၊ ၂၀၂၅


မောင်လူမွှေး နေတဲ့ နေရာမှာ မောင်လူမွှေး တကယ်ကို လေးစားအတုယူရတဲ့သူတွေ ရှိပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေဟာ မောင်လူမွှေးကို စိတ်ဓာတ်ခွန်အားပေးနေကြသူတွေလည်း ဖြစ်ပါတယ်။ မောင်လူမွှေး အမြဲရောက်တတ်တဲ့ စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်စခန်း အုပ်ချုပ်ရေးလုပ်ငန်းတွေ၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် ကိစ္စအဝဝကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသူတစ်ဦး ရှိပါတယ်။ သူ့နာမည်က ဦးမြင့်ပါ။

ဦးမြင့် တို့မိသားစုဟာ မိသားစုဦးရေ များပါတယ်။ ကိုးယောက်တောင် စားအိုးရှိတဲ့ မိသားစုပါ။ စစ်ရှောင်စခန်းတစ်ခုမှာ လူကိုးယောက် စားအိုးဆိုတာ ဘယ်လွယ်ပါ့မလဲ။ ဦးမြင့်ကတော့ ဒီလူ ကိုးယောက် စားအိုးကို ထမ်းထားရင်း စစ်ရှောင်စခန်းက ဘဝတူ စစ်ရှောင်တွေအတွက် ရုန်းကန်ပေးနေသူ ဖြစ်ပါတယ်။ စစ်ရှောင်အုပ်ချုပ်ရေးမှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူပါ။ စစ်ရှောင်တွေအတွက် လှူဒါန်းလာတဲ့ ပစ္စည်းတွေကို အညီအမျှခွဲဝေပေးတာ၊ စစ်ရှောင်စခန်းမှာ ရေတွင်းတူး၊ အိမ်သာဆောက်တာကအစ စာသင်ကျောင်းဝင်း ပေါင်းရှင်းတာအဆုံး သူ ပါဝင်ရပါတယ်။

မိသားစုတစ်စုကို ဆန်တစ်ပြည်ဝေရင် စစ်ရှောင်စခန်းတစ်ခုလုံးက မိသားစုတွေကို တစ်အိမ် တစ်ပြည်ဝေပြီးရင် မိသားစုဝင် ကိုးယောက်ရှိတဲ့ ဦးမြင့်ဟာ သူရတဲ့ ဆန်တစ်ပြည်ကို ဆွဲပြီး ချောက်ကြားထဲက သူ့တဲလေးကို ပြန်တာပါပဲ။ ဆီတစ်ဘူး စီရရင်လည်း အားလုံးကို ခွဲဝေပေးပြီးတာနဲ့ ဆီတစ်ဘူးဆွဲပြီး ပြန်တာပါပဲ။ စစ်ရှောင်စခန်းမှာ ဦးမြင့်တို့လောက် မိသားစုဝင်များတဲ့ အိမ်ထောင်စုမရှိပါဘူး။ ဒါပေမဲ့ ဦးမြင့်ဟာ မိသားစုဝင်များပေမယ့် တာဝန်ကိုသာ အများထက်ပိုယူပြီး ရပိုင်ခွင့်ကို ဘာတစ်ခုမှ ပိုမယူတဲ့သူပါ။ ဒီတစ်ချက်နဲ့တင်ကို ဦးမြင့်ကို လေးစားဖို့ တော်တော်လုံလောက်နေပြီလို့ မောင်လူမွှေး ယုံကြည်ပါတယ်။

စစ်ရှောင်စခန်းအတွက် အစည်းအဝေးမသွားခင်မှာ ဦးမြင့်ဟာ လယ်ပေါင်းနုတ် အငှားလိုက်ပါတယ်။ စစ်ရှောင်ပြည်သူတွေအတွက် ဝေခြမ်းရေးမလုပ်ခင်မှာ ဦးမြင့်ဟာ နှမ်းရိတ် အငှားလိုက်ပါတယ်။ မနက်ပိုင်း ပေါင်းထိုး အငှားလိုက်ပြီးလို့ ပြန်လာရင် မောင်လူမွှေးတို့နဲ့ စစ်ရှောင်ကျောင်းတိုးတက်ရေးကို ဆွေးနွေးပါတယ်။ ဒါတွေဟာ မောင်လူမွှေး မြင်တွေ့ရတဲ့ သူ့လှုပ်ရှားဟန်တွေပါပဲ။  ဖက်ကြမ်းဆေးလိပ်ကို ကုန်ဈေးနှုန်းကြောင့် မသောက်တော့တဲ့ ဦးမြင့်ဟာ သတင်းစာစက္ကူနဲ့ လိပ်ထားတဲ့၊ အစေခံမပါတဲ့ ဆေးပြင်းလိပ်ကလေးကို ဖွာဖွာနေတာ ရိုးသားဖြောင့်မတ်မှုတွေ မီးခိုးတအူအူ ထွက်တဲ့အထိပါပဲ။

"ရိုးသားမှု၊ ဖြောင့်မတ်မှန်ကန်မှုမှာတော့ စံပဲ ဆရာရေ" လို့ စစ်ရှောင်အုပ်ချုပ်ရေးမှူးက သူ့လုပ်ဖော်ကိုင်ဖက်အတွက် ဂုဏ်ယူတဲ့ အပြုံးနဲ့ မှတ်ချက်ပေးပါတယ်။ 

ဦးမြင့်ဟာ ပညာတတ်တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့မှာ ပညာရှိတစ်ယောက်ရဲ့ ရိုးသားမှုမျိုး ရှိသူပါ။ ဦးမြင့်ဟာ မိသားစုဝင်များတဲ့အတွက် အခြားစစ်ရှောင်တွေထက်ကို ပိုခက်ခဲပါတယ်။ ဒါပေမဲ့ ဘဝတူစစ်ရှောင်တွေအတွက် စေတနာကတော့ ကြွယ်ဝလွန်းသူကြီးပါ။ စစ်ရှောင်စခန်းမှာ ခက်ခက်ခဲခဲ ရုန်းကန်ကြရတော့ တချို့ကိစ္စတွေမှာ စိတ်မရှည်ကြ၊ ပြောကြ၊ ဆိုကြတဲ့ ကိစ္စတွေရှိပါတယ်။ ဒါတွေကိုလည်း သည်းခံခြင်းတရားနဲ့ပဲ ကျော်လွှားနေနိုင်သူ ဖြစ်ပါတယ်။

စစ်ရှောင်တွေအတွက် လူဦးရေ စာရင်းပေးရတာတွေ၊ ပစ္စည်းကိုင်တွယ် ဝေငှရတာတွေ၊ စစ်ရှောင်မှာ ရေတွင်းတူးဖို့၊ အိမ်သာလုပ်ဖို့  ငွေကို ယာယီကိုင်ရတာတွေ စတာတွေဟာ ဦးမြင့်ကို မှတ်ကျောက်တင်ပေးနေဆဲ ဖြစ်ပါတယ်။ ဦးမြင့်ဟာ မှတ်ကျောက်တင်ခံနိုင်တဲ့ လူစားမျိုးပါ။ ဒါကြောင့်လည်း စစ်ရှောင်စခန်းက ပြည်သူအားလုံးနီးပါးဟာ သူ့ကို ယုံကြည်ကြတယ်။ အားကိုးကြပါတယ်။

စစ်ရှောင်စခန်းတွေမှာမှ ဦးမြင့်လို ပုဂ္ဂိုလ်တွေ လိုအပ်တာ မဟုတ်ပါဘူး။ ကျေးရွာတွေမှာလည်း ဦးမြင့်တွေ လိုနေတယ်။ တိုက်နယ်တွေမှာလည်း ဦးမြင့်တွေ လိုနေတယ်။ မြို့နယ်မှာလည်း ဦးမြင့်တွေလိုနေတယ်။ တော်လှန်ရေးနဲ့ အုပ်ချုပ်ရေးမှာ ဦးမြင့်တွေဟာ အလိုအပ်ဆုံး ဖြစ်မယ်လို့ ထင်ပါတယ်။

ပြည်သူတွေဟာ ကိုယ် နီးစပ်ရာက တာဝန်ရှိသူတွေကို မှတ်ကျောက်တင်ကြည့်နေကြသူတွေပဲ ဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘာပဲလုပ်လုပ်  ရိုးသားမှု မှတ်ကျောက်အတင်ခံနိုင်ဖို့က ပထမအရေးအကြီးဆုံးလို့ မောင်လူမွှေး လေးလေးနက်နက် ယုံကြည်ပါတယ်။ ခုလို ကျပ်တည်းတဲ့ ကာလကြီးမှာ နေရာဒေသတိုင်း ဦးမြင့်တွေ များများထွန်းကားပါစေလို့ မောင်လူမွှေး ဆန္ဒပြုလိုက်ပါတယ် ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar