Breaking News

ခေါင်းကြီး - အဆင်သင့်ပဲဟေ့

ခေါင်းကြီး - အဆင်သင့်ပဲဟေ့

မိုးမခ ၊ စက်တင်ဘာ ၂၄ ၊ ၂၀၂၅

*ရှေးမြန်မာ့သမိုင်း အစဉ်အဆက်...

ရှင်ဘုရင်တွေ လက်ထက်ကတည်းက...

"ဥမကွဲသိုက်မပျက်" လက်တွဲနေထိုင်ခဲ့ကြတယ်လို့...

စာပန်းချီ ခြယ်သပြီး ဘယ်လိုပဲရေးခဲ့ပြောခဲ့ကြပေမဲ့...

ငါတို့ ညီအစ်ကိုသွေးချင်းတွေ အချင်းချင်း လက်မမြဲဘဲ...

ညီညွတ် ဖို့ခက်ခဲခဲ့ကြတဲ့ သမိုင်းအဖြစ်အပျက်တွေကို...

သာဓက အချက်အလက်တွေ များစွာနဲ့...

တစ်ခါမက မှတ်သားလာခဲ့ရတာကတော့...

မငြင်းသာတဲ့ အမှန်တရားတစ်ခုပါ...။


*ဒီကာလတွေ အတောအတွင်းမှာ...

လောဘဇောကြီး မောဟမီးတွေ တညီးညီးနဲ့...

ငြိမ်းကာနီး မီးထတောက်တဲ့ သဘောမျိုး...

ခွေးတိုးပေါက်ကိုရှာ ကိုယ်ကျိုးကိုသာတွက်ချက်...

ကမူးရှူးထိုး ဘီလူးသဘက်ဆိုးတွေရဲ့...

ယိုသူမရှက်မြင်သူရှက် မျက်ခွက်ပြောင်လွန်းတဲ့...

ပလီပလာ ဟောကွက်ပြောကွက်တွေနဲ့...

ကလီကမာ ခြေလှမ်းသွက်နေပုံတွေကို... 

မီဒီယာတွေမှာ စိတ်ပျက်စရာမြင်လာရသလို...။


ငါတို့ရဲ့ တော်လှန်ရေးဘက်ခြမ်းမှာလည်း...

တချို့နေရာလေးတွေမှာ ပရမ်းပတာအရွေ့တွေနဲ့...

သဘောမတွေ့စရာတွေ ကျန်ရှိနေသေးပေမဲ့...

ရှေ့ကိုပဲတက်လှမ်း မနှေးအမြန် ပန်းတိုင်ကိုရောက်ဖို့...

စွမ်းနိုင်သလောက် ကြိုးပမ်းထောက်ကူပေးနေကြတဲ့...

ဗျူဟာမြောက်အရေးပါတဲ့ စစ်ရေးနိုင်ငံရေးစုဖွဲ့မှုတွေကို...

ခပ်သဲ့သဲ့လေး ကြားနေရတာကတော့...

မုချအားတက်စရာ အခြေအနေတွေပါပဲ...။


"စုပေါင်းညီညာ အောင်ကြောင်းဖြာ" 

ရှေးရိုးစဉ်လာ စည်းရုံးရေးစကားဆိုတာက...

အရင်ကာလတွေလို ခေတ်မစားတော့ပေမဲ့...

စစ်မှန်အားကောင်းတဲ့ ညီညွတ်ရေးတစ်ခုတည်းကသာ...

ငါတို့မြန်မာပြည် ဒုတိယလွတ်လပ်ရေးအတွက်...

အဓိကအလိုအပ်ဆုံးနဲ့  အစွမ်းထက်ဆုံးလက်နက် ဖြစ်တဲ့အပြင်...

မဖြစ်မနေ မရရအောင် အဖြေထုတ်ရမဲ့...

အခက်ခဲဆုံး ပုစ္ဆာတစ်ပုဒ်လည်း ဖြစ်နေတာကတော့...

အဟုတ်ပဲ သေချာလွန်းလှတာမို့...။


"ဗိုလ်ချုပ်ဂွန်မော်"ရဲ့ ဉာဏ်ပညာကိုဖော်ညွှန်း...

စံနမူနာ အမှန်ယူစရာ စကားတစ်ခွန်းပမာ...

"မူဖာဆာနဲ့မယ်လီလီ" ကာတွန်းဗီဒီယိုကားကတော့...

ငါတို့ပြည်သူတွေအားလုံး အလေးထားစရာ...

ပညာသားပါပါနဲ့ အချိန်အခါကိုက် လှုံ့ဆော်လိုက်တဲ့...

အလွန်ပြောင်မြောက် အဖိုးထိုက်တန်တဲ့စကားမို့...

ရဲရဲတောက် တိုက်ပွဲခေါ်သံအလား...

သောင်းတိုက်က ကြားကြစေချင်မိပါရဲ့...။


"ကိုမင်းကိုနိုင်"ရဲ့ လူသိများတဲ့ တင်စားချက်အတိုင်း...

မာန်ဟုန်ကြီးတဲ့ သံစုံတီးဝိုင်းလို့ပဲ ဆိုဆို...

မတိမ်းမစောင်း ဗိန်းဗောင်းတီးကြမဲ့...

ဘီလူးဆိုင်းနဲ့ မြန်မာ့ဆိုင်းဝိုင်းကြီးလို့ပဲ ပြောပြော...

ဘယ်ပြန်ညာပြန် အစုန်အဆန် စစ်ချီသံတညံညံနဲ့...

အင်္ဂလန်က ဘင်ခရာတီးဝိုင်းလို့ပဲ မှတ်မှတ်...

ပြတ်ပြတ်သားသား ရန်ငါစည်းခြားလို့...

ငါတို့အားလုံးနဲ့သက်ဆိုင်တဲ့ အဆုံးသတ်နောက်ဆုံးပွဲမို့...

သူ့ထက်ငါပြိုင် အနိုင်ယူဗိုလ်မထား...

စည်းချက်ကျကျ မြိုင်မြိုင်ဆိုင်ဆိုင် ပိုင်ပိုင်နိုင်နိုင်...

လက်စွမ်းပြ တီးမှုတ်ကခုန်နိုင်ကြဖို့ကတော့...

အလုံးစုံအောင်နိုင်ရေးအတွက် ပဓာနအချက်ပဲဆိုတာ...

တိတိကျကျ မီးမောင်းထိုးပြလိုပါတယ်...။


"ကွက်ပြည့်ခင်း ကွက်စေ့နင်းတဲ့ ဗျူဟာ"လို့ ဖွင့်ဆိုတဲ့...

"ဦးရည်မွန်"ရဲ့ ထင်ရှားလှတဲ့ ပြောဆိုချက်အတိုင်း...

နေ့နေ့ညည အချိန်မဆိုင်းကြဘဲ...

ငါတို့တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက်...

ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်အစစ်ကိုရည်မျှော်...

ညစ်ပတ်နံစော်တဲ့ဘဝတွေကို ရင်ဆိုင်ဖြတ်ကျော်ရင်း...

ငါတို့သွေးချင်းပြည်သူတွေ အပြည့်အဝပျော်နိုင်ကြဖို့အတွက်...။


"အပြောထက် လက်တွေ့လုပ်ရအောင်" ဆိုတဲ့...

"ဗိုလ်ချုပ်ထွန်းမြတ်နိုင်"ရဲ့ သဘောထားကို ကြားယောင်...

အောင်စည်အောင်မောင်းသံတွေ ​နားစွင့်ရင်း...

တက်စုံဖွင့် ရွက်ကုန်လွှင့် ဘက်စုံမြှင့်တင်ပြီး...

တိုက်ပွဲဝင်ဖို့ အသင့်အနေအထားမျိုးနဲ့...

အရိုးကြေကြေ အရေခန်းခန်း အစွမ်းကုန်ထုတ်...

နောက်မဆုတ်စတမ်း ဆက်ပြီးလျှောက်လှမ်းသွားကြဖို့...

ငါတို့ မျှော်မှန်းစောင့်စားနေကြတယ် ဆိုတာကိုတော့...

မမေ့မလျော့ မပေါ့မဆ အမှတ်ရကြစေရေးအတွက်...

လေးလေးနက်နက် သတိပေး လက်တို့လိုက်ပါရစေ...။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar