ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဆေးဝင်္ကပါ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဆေးဝင်္ကပါ
မိုးမခ ၊ စက်တင်ဘာ ၂၅ ၊ ၂၀၂၅
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က မူးယစ်ဆေးဝါးတွေ ဘယ်ကလာတယ်ဆိုတာ သိရက်နဲ့ နိုင်ငံတကာမှာ မျက်နှာပျက် ဆက်ဆံရေးခက်အောင် တမင်စွပ်စွဲပြောနေကြတဲ့အကြောင်း၊ အဲဒီမိတဲ့မူးယစ်ဆေးဖိုးတွေသာ သူတို့မှာ တကယ်ရှိနေရင် စစ်တပ်လေယာဉ်တွေကို ယင်ကောင်တွေ ရိုက်သလို တကောင်ချင်း ရိုက်ချနိုင်ကြောင်း ပြောသွားတယ်။
တကယ်တော့ ဒါတွေဟာ တပ်တွင်းမှာ ဘယ်လောက် သုံးစွဲနေကြတယ်ဆိုတာ လူတိုင်း သိပါတယ်။ နေပြည်တော်မှာပါ ဆေးကြောင်ပြီး ကိုယ့်မယားကို ချိန်းစောနဲ့ အပိုင်းပိုင်းဖြတ်နေတဲ့ စစ်ဗိုလ်တွေတောင် ရှိတာဘဲလေ။ စစ်မေတွေတောင် ဆေးပြားနဲ့ ဟေးဟားလုပ်ပြီး တပ်ကို ကလပ်မှတ်နေကြတာလဲ မကြားချင်မှအဆုံး။ စစ်ဗိုလ်ချုပ် သားသမီးတွေနဲ့ စီးပွားရေးအချောင်ရ ပွချင်တိုင်းပွနေတဲ့ခရိုနီ ခရိုနက်တွေရဲ့ သားသမီးတွေဟာ စစ်သားအလောင်း ပြည်သူ့မလောင်းတွေပေါ်မှာ ဒေးကလပ်နိုက်ကလပ်ဖွင့် ဆေးပြားမျိုးစုံနဲ့ ရင့်ချင်သလိုရင့်နေကြတာပဲ မဟုတ်လား။
မြန်မာတပြည်လုံး လမ်းဘေးမှာ ချိုချဉ်ဝယ်သလို ဝယ်လို့ရနေတာ ဆေးပြားဘဲလေ။ ၈၈ ဖြစ်ပြီးကထဲက စစ်ထောက်လှမ်းရေးတွေ တာဝန်ခံပြီး ကျကျနန လုပ်ခဲ့တဲ့ စီးပွားရေးဘဲလေ။ အရက်ကစ ဘိန်းဖြူဆေးပြားအဆုံး တပြည်လုံး ဖုံးအောင်လုပ်ပြီး နိုင်ငံရေးမျိုးဆက်ဖြုတ်တဲ့အစီအမံဘဲလေ။ စစ်တပ်နဲ့ ပြည်သူ့စစ်ရယ်၊ ငြိမ်းချမ်းရေးယူလိုက်တဲ့ အဖွဲ့တချို့ရယ် ပေါင်းပြီး အရက်ချက် ဘိန်းစိုက် ဆေးပြားထုတ်လာတာ ခုဆို ကမ္ဘာမှာ မြန်မာဟေ့လို့တောင် အနံ့ဟောင်နေပြီ။ ပအိုဝ်းတွေရဲ့ အဓိကစိုက်ပျိုးကုန်ဆို ဘိန်းဘဲလေ။ ဒေါ်စုကို မကျေနပ်တာ အဲဒီဘိန်း ထင်သလို မစိုက်ရတာလဲ ပါသပေါ့။ ရှေ့တန်း စစ်တိုက်နေသူမှန်သမျှ ဆေးကို ဗုံးပေါလအောသုံး အသိဉာဏ် ပျောက်ဆုံးနေကြတာလဲ တိုးတိုးတိတ်တိတ် တကမ္ဘာလုံးသိ။ PNO မှာဆို စစ်မှုထမ်းဖို့ဆိုရင် ဆေးပြားအဝကျွေးမှာဆိုပြီး ခေါ်တာကလား။
တနေ့က စိုးဝင်းတောင် ဒုချုပ်ဖြစ်ပေမယ့် တပ်တွင်းဆေးပြားကိစ္စ သူ မထိန်းချုပ်နိုင်ကြောင်း၊ တဖက်လှည့်နဲ့ မအလရဲ့တာဝန်သာဖြစ်ကြောင်း ပြောသွားသေးတာ။ မိသမျှ စစ်သား ဆေးပြားကိုယ်စီ ပါကြသည်၊ ဆေးကြောင်နေကြသည်၊ အမဲဖျက်သလို ဓားနဲ့ လူသတ်နေကြသည်ဆိုတော့ ကိုယ်လွတ်ရုန်းတာပေါ့လေ။ ဘင်္ဂါလီတွေဆို ပိုက်ဆံမပေးဘဲ ဆေးပြားပေး စစ်တိုက်ခိုင်းတာကြည့်ပေါ့။ ဒီမြေကို မင်းတို့တိုက် မင်းတို့ယူဆိုတဲ့ နောက်ဆေးပြားတမျိုးကလဲ ထပ်ကျွေးထားသေးတာ။ သင်တန်း လလောက်နဲ့ ဗိုလ်မှူးကြီးအထိပါ စစ်ရာထူးဆေးကလဲ ထပ်ဆောင်းတိုက်လိုက်သေးရဲ့။ သုံးမျိုးစပ် ဆေးကျွေးပြီး ရက်ရက်စက်စက် စစ်တိုက်ခိုင်း အသေခံခိုင်းတာလေ။ အပြုံလိာက်သေသွားတော့ AA က ဂျီနိုဆိုက်လုပ်ပါတယ်လို့ နောက်ပိုင်းဇာတ်ထုပ် ဆက်ကလိုက်သေးတာပေါ့။ ရိုတွေက စစ်တပ်ကို ပုံစံမျိုးစုံနဲ့ လုပ်ကျွေးတယ်လို့ ဆိုရမယ်။ ကိုယ့်မြေမှာ နေသူချင်း သွေးချောင်းစီးအောင် လူလည်ကျခွတုတ် ရန်တိုက်၊ အိုးမဲသုတ် ခွပ်ခိုင်းနေတဲ့ကောင်ကို အရင်အတူရှင်း၊ ပြီးမှ တရေတည်း ဘယ်လို ဆက်သောက်မလဲသွားရမယ့်ဟာ။ သက်ရှိလူသားတွေကို နင်းစရာ ဆော့စရာ သေနတ် လက်တည့်စမ်းစရာ ခိုင်းစရာ ကျွဲ နွား သတ္တဝါ လိင်စိတ်ဖြေစရာလောက် သဘောထားတဲ့ စစ်တပ်လက်ထဲ ကိုယ့်လူမျိုးကို ထိုးအပ်တဲ့ ကောင်တွေကိုပဲ အံ့ဩပါတယ်။ ဘာတွေများ ဘယ်လောက် ရလို့ပါလိမ့်။ တဖက်က စစ်တပ်ဟာ ဂျီနိုဆိုက် လုပ်ပါတယ် ပြောတယ်။ တဖက်က အဲဒီစစ်တပ်နဲ့ ပေါင်းပြီး စစ်တပ်ကို အမြစ်ဖြတ်နေသူတွေကို ပြန်တိုက်တယ်။ ထူးထွေတည့်အံ့ရာသော်ပါဘဲ။
အမေရိကန်ကလဲ မူးယစ်ဆေး အထုတ်ဆုံး ၆ နိုင်ငံအဖြစ် မြန်မာ့အလံ မိုးယံလွှင့်နေကြောင်းထုတ်ဖော်ထားရဲ့။ စိုးဝင်းဟာ ဒုချုပ် ဖြစ်နေရက်နဲ့ တပ်တွင်းဆေးပြားကိစ္စ သူနဲ့မဆိုင်ကြောင်း ပြောတဲ့အချက်က အမေရိကန် ကြောက်တာလဲ ပါသလေ။ ထရန့်က မထင်ရင် မထင်သလို ဖျင်မှာ မဟုတ်လား။ ခုကို ဗင်နီဇွဲလားသမ္မတကို ဝင်ဖမ်းဖို့ လုပ်နေတာသာ ကြည့်ပေါ့။ ဟိုကောင်လဲ သူ့ကိုကာကွယ်ဖို့ အမျိုးသမီးကြီးတွေကိုပါ စစ်သင်တန်းပေးနေရပြီ။ ပြည်သူကုဖို့ ဆေးဝါးသာ နည်းမျိုးစုံနဲ့ပိတ်တာ၊ ပြည်သူ ဒုက္ခရောက်ဖို့ ဆေးပြားကတော့ ကိုယ်တိုင်လဲ ထုတ်၊ ထုတ်သူလဲမွေး ဆေးပြားမျိုးစုံကို နည်းမျိုးစုံနဲ့ ဖြန့်ပေးတဲ့ စစ်တပ်လေ။ တရုတ် ခိုင်းသမျှ လုပ်ရတဲ့ အခြေအနေမျိုးစုံထဲမှာ စစ်ရှုံးတာအပြင် အဓိကအချက်က စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဆေးပြားကျားဖြန့်ကြီးတွေ ဖြစ်နေတာကို ကိုးကန့်ဂေါင်းကြီးတွေကတဆင့် တရုတ်က တိတိကျကျ သက်သေအစုံအလင်နဲ့ ရထားတာလဲပါတာပေါ့။ ညစ်ပတ်တဲ့ စစ်တပ်ထက် နှစ်ရစ်ထပ်ထားတဲ့ တရုတ်ရဲ့ ချုပ်ကွက်မှာ အမြုပ်ထွက်နေကြတာ၊ တိုင်းပြည်က အချောင်ရောခံရတာ။
မညစ်ပတ်ရရင် စစ်တပ် မဟုတ် ဆိုတာ လူတိုင်းအသိမို့ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်နိုင်မှ မူးယစ်ဆေးပြားခေတ်တခေတ်လဲ ရပ်မှာ။ မဟုတ်လို့ကတော့ စီးပွားရေးခက်၊ ပညာရေးပျက်၊ ကြီးနိုင်ငယ်ညှဉ်းဓလေ့ တိုးတက်ထွန်းကားတဲ့ နိုင်ငံမှာ လူငယ် လူရွယ်တိုင်း ဆေးချ လူသတ် လုယက် ရက်စက်သူတွေပဲ ဖြစ်လာတော့မှာ။ အဲဒီလိုမလုပ်နိုင် အဖြစ်မခံနိုင်တဲ့သူက ပြည်ပ ထွက်ကုန်ကြပြီ မဟုတ်လား။
တိုင်းပြည်လိုက် တိုးတက်အောင်လုပ်ဖို့ကတော့ စစ်ဗိုလ်တိုင်း ဉာဏ်မမီသလို စေတနာလဲ မမီပါဘူး။ ကရုဏာတို့ မေတ္တာတို့ ဆိုတာကတော့ သူတို့နဲ့အပ်စပ်တဲ့ စကားလုံးတောင် မဟုတ်ပါဘူး။ အဲဒီတော့ သူတို့အုပ်ချုပ်တာခံလို့မဖြစ်ဖူးလေ။ မဖြစ်တာက သင်လို့ရပေမယ့် ညစ်တာက ပြင်လို့မရတော့ စနစ်နဲ့သာ ထိန်းချုပ်၊ တပ်ယုတ်ကို သင်းကွပ်၊ ပြည်သူကို တကယ်ကာကွယ်မယ့် တပ်သစ် ထူ ခါးပိုက်ဆောင်မူတွေပြင် ပြည်သူ့ရင်ခွင်ထဲ နေမယ့် တပ်ကောင်း တော်လှန်ရဲဘော်တွေနဲ့ သွန်းလောင်းရတော့မယ်။
ကြင်စိုးတို့တသိုက် ငမိုက် ငရမ်း ဘီလူးသွေး အရူးသွေးစပ်ထားတဲ့ မထူးဇာတ်ခန်းကနေတဲ့ကောင်တွေကတော့ ကြိုးစင်ပဲ သွားကြပေါ့။ သတ်ထား ဖြတ်ထားတာလဲ တပ်ထဲရော အရပ်ထဲရော မရေမတွက်နိုင်။ ခိုးထား ဝှက်ထားတာတွေကလဲ ပြည်တွင်းရော ပြည်ပရော ကယ်ကူလေတာရှုံး။ ညစ်ထား ပတ်ထားတာတွေကလဲ ဆေးလို့ကြောလို့ကို မဖြူသာတဲ့ အခြေအနေ။ ဘယ်ဘုရားချွတ်ချွတ် မကျွတ်တဲ့ မိစ္ဆာဒိဋ္ဌိတွေဆိုတော့ တိုင်းပြည်ရဲ့ ဘယ်နားမှတင်မဟုတ်၊ လူ့အဖွဲ့အစည်းရဲ့ ဘယ်နားမှထားလို့ မရ။ အကျည်းတန်မယ်၊ ဓာတ်ကူးမယ်၊ မျိုးပွားမယ်၊ သူတို့မို့ တင်ကျန်ရင် တခြားကောင်းတာ ဘာမှ ရှင်သန်လို့ရမယ် မဟုတ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar