လေးလေး - ရေကြည်ရေသန့် အက်ဆေးများ
လေးလေး - ရေကြည်ရေသန့် အက်ဆေးများ
မိုးမခ ၊ စက်တင်ဘာ ၁၈ ၊ ၂၀၂၅
စာရေးဆရာ မစန္ဒာက ဝတ္ထုရှည် ဆိုတာ ပိုက်ကွန်ပစ်ပြီး ငါးဖမ်းရတာနဲ့ အလားတူတယ်၊ ဝတ္ထုတို ဆိုတာကျတော့ မှိန်းနဲ့ တချက်တည်း ငါးကိုထိုးရတာနဲ့တူတယ်လို့ ရေးတာ ဖတ်ဖူးပါတယ်။
ဆရာတိုက်စိုးက ဝတ္ထုတိုတပုဒ်မှာ ဇာတ်လမ်း ဇာတ်ကွက်၊ အရေးကိစ္စ၊ လူ့စရိုက်အဖွဲ့၊ ကာလဒေသ၊ စကားအသုံးအနှုန်း စတဲ့ အင်္ဂါရပ်တွေ ရောထွေးယှက်တင် ရှိစမြဲပဲ။ အဲဒီအင်္ဂါရပ်တွေ အိုးတန် ဆန်ခတ်ပါတာကို ဝတ္ထုတိုကောင်းလို့ မိန့်ဆိုဖူးတယ်။ ဒီနှစ်ထဲ ထွက်လာတဲ့ ဝင်းဖေရဲ့ရေကြည်ရေသန့်ဝတ္ထုတိုများ စာအုပ်အကြောင်း ပြောမလို့ အစချီနေတာပါ။
ရေကြည်ရေသန့် ဆိုတဲ့ ဝတ္ထုတို အပါအဝင် ဝတ္ထုတိုပေါင်း ၁၁ ပုဒ်တိတိ ပါပါတယ်။ ရေကြည်ရေသန့်၊ တပည့် အိမ်၊ ဖျန်တင်တောင်ကြား၊ ခရီးဆောင်ကြက်တူရွေး၊ ဖွားဘက်တော်၊ မြေလတ်တနေရာ၊ ပတ္တ မြားလက်စွပ်၊ ချက်ချင်းချမ်းသာနည်း၊ သူတော်စင်နဲ့ မုဆိုး၊ သကြားမှန်ကူ၊ အုန်းမှန်ကူ၊ ဂျပန်အလံ စတဲ့ ဝတ္ထုတိုတွေပါ။
ထူးတာက ဝင်းဖေ ရေးတဲ့ ဝတ္ထုတိုတွေကို ဖတ်နေရင်း ဆရာဦးဝင်းဖေ အသံ ကြားယောင်ပြီး ဝင်းဖေ လွယ်အိတ် နားထောင်ရသလို ဖြစ်တာပါပဲ။ ဆရာက ခုချိန်အထိလည်း အွန်လိုင်းမှာ တခါတလေ ကျနော် ဝင်းဖေ ပါဆိုပြီး ပြောပြနေတာကို ဆရာ့သမီး အဆိုတော်မီမီဝင်းဖေက တင်ထားပေးလို့ နားထောင် နေရတုန်းကိုး။
ဒီတော့ ရေကြည်ရေသန့် ဝတ္ထုတိုတွေ ဖတ်ရင်း ဆရာ့အသံ ပြည့်ပြည့်လုံးလုံးကြီးနဲ့ အနားလာထိုင်ပြီး တသွင်သွင် ပြောပြနေသလို ခံစားရပြီး စာဖတ်တဲ့ထဲ ထူးတဲ့အရသာတမျိုး တိုးတာပါပဲ။
”ဘကြီးကျော်ရဲ့နာမည်အပြည့်အစုံက ထွန်းအောင်ကျော် တဲ့။ တကယ်တမ်းကျ ဘကြီးကျော်ဟာ ထွန်းလည်းမထွန်းဘူး၊ အောင်လည်း မအောင်ဘူး။ ကျော်လည်း မကျော်ပါဘူး။”
ဒါမျိုးလေးတွေ ကြားရတော့ ပြုံးရတယ်။ ဒါက ရေကြည်ရေသန့်ထဲက ကောက်နုတ်ထားတာ။
“ကျော်စိန် ဆိုတဲ့ကောင်က ငယ်ငယ်ကတည်းက ငှက်ပစ်၊ ကြက်ပစ်နဲ့ ကြီးလာတာ၊ ကြီးတော့ အကြီးစားမုဆိုးလေ၊ ဆရာတော်ကြီးက အတော့်ကို စိတ်မချမ်းမသာ ဖြစ်ရှာတာ၊ ကျော်စိန်ကို ခဏခဏ ခေါ်ဆုံးမတာပဲ၊ မရဘူး။
တနေ့တော့ ဒီကောင် ကျုပ်ဆီကို ပေါက်ချလာတယ်။ သိတယ် မဟုတ်လား။ ကျုပ်မှာလည်း မျက်ခုံး ခပ်လှုပ်လှုပ်ရယ်။
“ဘဒွေးလေး၊ ကျနော်တော့ အတော်ပြဿနာတက်နေပြီ၊”
“ဟ- ဘာဖြစ်လာပြန်တာလဲ”
“ဘာမှမဖြစ်ပါဘူး၊ ခုမှ ကျနော် သေသေချာချာ စဉ်းစားကြည့်တယ်၊ တရွာလုံးနဲ့ ကျနော်နဲ့ မတည့်ဘူးလို ဖြစ်နေတယ်။”
“အဲဒီတော့ မင်း ဘာလုပ်မလဲ”
“ကျနော် အစွမ်းပြမှ ဖြစ်တော့မယ် ဘဒွေးရာ”
“ဘာလုပ်ပြမှာလဲ”
“တခုခုပေါ့၊ ကိုယ့်ထူးကိုယ်ချွန်ပေါ့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ အလုပ်တခုခုပေါ့၊ ဘာပဲ ဖြစ်ဖြစ်ပေါ့”
“အင်း..မဆိုးပါဘူး”
“ဒါပေမဲ့ ကျနော် ဘာလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်”
တွေ့တယ် မဟုတ်လား၊ ဒီကောင် နိပ်တော့မှာလိုလိုနဲ့ တုံးသွားပြန်ပြီ။
“ကျနော် ဘာလုပ်ရမလဲ ဘဒွေးလေး”
“ဟ.. မင်းလုပ်တတ်တာ မင်း လုပ်ရမှာပေါ့။ မင်း မလုပ်တတ်တာကို မင်း လုပ်ချင်လို့ရမလား”
“ကျနော် ဘာလုပ်တတ်တာလဲ”
“ဟေ”
“ဒီကောင့်ကိုကြည့်ပြီး ကျနော် တော်တော် သောက်မြင်ကတ်လာတယ်။
“ဒီမယ်…မင်းက မိုက်မိုက်ကန်းကန်း လုပ်တတ်တယ်”
“ဟာ..ဘဒွေးကလဲ”
“ပြီးတော့ ညစ်ကတ်ကတ်လည်း လုပ်တတ်တယ်၊”
“ဘဒွေးလေး မနောက်ပါနဲ့ဗျာ”
ချက်ချင်း ချမ်းသာနည်းထဲက ကောက်နုတ်ပြတာပါ။ အစမှာ ပြောခဲ့သလိုပါပဲ။ ဝင်းဖေ ဝတ္ထုတို ဆိုတာတွေ ဖတ်ရတာ ဆရာက အနားလာထိုင်ပြီး အသံလုံးအသံပြည့်ကြီးနဲ့ ဇာတ်လမ်းဇာတ်ကွက် အဖုံဖုံကို အားရပါးရ ပြောပြနေတာ နားထောင်နေရသလိုလိုမို့ ဒီလိုမျိုး ရသ ဆိုတာ အက်ဆေး ဆိုတာမျိုး ဖတ်မှ ရတတ်တာကလား။
ဒီတော့ ဒီစာအုပ်ကို နောက်တခါ ထုတ်ရင် ကျနော်သာဆို “ဝင်းဖေ၏ ရေကြည်ရေသန့်အက်ဆေး များ”ဆိုပြီး နာမည်ပေးမယ်။
ဝင်းဖေ လက်ရာ ပန်းချီနဲ့ ဝင်းဖေရဲ့ ရေကြည်ရေသန့်ဝတ္ထုတိုများ စာအုပ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ စာရိပ်မြိုင်စာပေတိုက်က ဒုတိယအကြိမ် ထုတ်ဝေထားတာဖြစ်ပြီး၊ စာအုပ်တန်ဖိုးက ၆၀၀၀ ကျပ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar