Breaking News

မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၆)

မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၆)

မိုးမခ ၊ စက်တင်ဘာ ၁၇ ၊ ၂၀၂၅


"တချို့ရင်းမှူးတွေ လူပြောင်းပေးပါ"

"အစ်မကြီး...

ကျနော် စာပြန်လိုက်ပါတယ်။

ဟိုတစ်နေ့က အညာမှာ အစ်မကြီးတို့လို တလရ တာဝန်ထမ်းဆောင်နေတဲ့ ထောက်ပို့ညီငယ်တစ်ယောက်က ကျနော်တို့ ပေးစာတွေကို ဖတ်ပြီး သူတို့ တွေ့ကြုံ ခံစားနေတဲ့ ဖြစ်ရပ်တွေကို ရင်ဖွင့်လာပါတယ်။

သူ ရင်ဖွင့်လာတဲ့အထဲမှာ အရေးကြီးတဲ့ အချက်တစ်ချက် ပါလာတယ် အစ်မကြီး။

"ခုအချိန်မှာ MoD ရဲ့ကာ/ဝန် အနေနဲ့ တချို့ရင်းမှူးတွေ လူချိန်းဖို့ လိုနေတယ် ဆရာ။ မဟုတ်ရင် အညာဒေသက တချို့ PDF တွေ BGF ဖြစ်ကုန်မယ်တဲ့။"

သူ ပြောပြတဲ့ တပ်ရင်း တပ်ဖွဲ့တွေနဲ့ ဒေသခံ စစ်ရှောင်ပြည်သူတွေရဲ့ အခြေအနေတွေကလည်း တော်တော်ဖရိုဖရဲပါပဲ။ သူ ပြောပြတာတွေ အရင်းအတိုင်း ကျနော် ပြန်တင်ပြပါ့မယ် အစ်မကြီး။


"ဆရာ...

ဆရာတို့ အပြန်အလှန် ပေးစာတွေ ကျနော် ဖတ်ရပါတယ်။ ဒီအခြေအနေမှာ ကျနော်တို့လည်း ပြည်သူတွေကိုရော၊ NUG က တာဝန်ရှိသူတွေပါ မြေပြင်ရဲ့ လက်တွေ့အဖြစ်မှန်တွေ ဘယ်လို ရှိတယ်ဆိုတာ ရင်ဖွင့်ချင်ပါတယ်။ ဒါကြောင့် ဒီစာကို ရေးလိုက်ပါတယ် ဆရာ။

တကယ်တော့ ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် အညာက ပြည်သူတွေဟာ အောက်ခြေမှာ အနင်းခံ အမေ့ခံ ဖြစ်နေတာက ငြင်းလို့မရတဲ့ စိတ်မချမ်းသာစရာ အမှန်တရားပဲ ဆရာ။

အထုပ်ကလေးတွေ ခေါင်းပေါ်ရွက်.. ကလေးငယ် လက်ကဆွဲ ဦးတည့်ရာ ပြေးလာကြရတဲ့ မြင်ကွင်းတွေ၊ အဘိုး အဘွား အရွယ်တွေ ကြိုးပုခက်နဲ့တစ်မျိုး၊ ကျောပိုးပြေးရတာတစ်ဖုံ စုံလို့ပါ ဆရာရယ်။ မိုးတွင်းဆို ပိုဆိုးတယ်။

ဆရာတို့လို အဝေးက ကိုယ့်သွေးချင်းတွေ ရင်ထဲ မြေပြင်က ပြည်သူ အမြဲရှိနေတယ် အတွေးဝင်တိုင်း တကယ် မျက်ရည်လည်အောင် ဝမ်းသာရပါတယ် ဆရာ။

ဆရာတို့လည်း နိုင်ငံရပ်ခြားမှာ ငွေရှာရတာ အရမ်းလွယ်နေတာ မဟုတ်မှန်း သိနေတော့ ပိုကျေးဇူးတင်တာပါ ဆရာ။

ဒီကာလက တော်လှန်ရေးကာလမို့ လိုအပ်ချက်တွေကတော့ ပြည့်စုံတယ်လို့ ဘယ်ရှိပါ့မလဲ။ ဟိုတစ်နေ့ကပဲ ရှေ့တန်းမှာ မျက်လုံးတစ်ဖက် ထိသွားလို့ ဆေးလာပြတဲ့ ရဲဘော်လေး ရှိတယ်ဆရာ။

သင်တန်းမှာတုန်းက ကျနော်တို့ သင်တန်းအကူဆရာလေးပါ။

ရှေ့တန်းမှာ ဒေါက်တွဲကိုင်တဲ့ ရဲဘော်ပါ။

စနိုက်ပါက လူမမှန်ဘဲ သူ့ဒေါက်တွဲ(MA2) ဒေါက်တိုင်မှန်ပြီး မျက်လုံးအစပ် လာစိုက်တာ ဆရာ။

အာရုံကြော ထိသွားတယ်၊ ပြန်ကောင်းဖို့ မသေချာဘူးတဲ့ ဆရာ။

မျက်လုံးက အကောင်းအတိုင်းပဲ။ မြင်ပဲ မမြင်ရတော့တာ။

အိမ်ထောင်မရှိသေးဘူး ဆရာ။

 သူ့အစ်ကို၊ အစ်မတွေ ရှိတယ်။ သူ့အစ်ကိုလည်း ပကဖ ထဲမှာ လုပ်နေတယ်။

ကျနော်ကတော့ သူတို့ ဖုန်းဘေ လိုရင် အမြဲထည့်ပေးတယ်။ ပိုက်ဆံ အသုံးလိုရင် ကိုယ့်ရှိတာလေး မျှပေးသုံးလိုက်တယ် ဆရာ။ ကျန်းမာရေးအတွက် ထောက်ပံ့ပေးချင်တာတော့ ရှိတာပေါ့ ဆရာ။

ပြီးခဲ့တဲ့ သုံးလလောက်ကလည်း ဗုံးကြဲခံရလို့ AB က ကျနော့်ဆရာ ခြေထောက်နှစ်ဖက်လုံး ကြွက်သားတွေ စုတ်သွားတယ်။

ကိုယ်တွေက စိတ်မကောင်းလို့ သူ့ကိုပြောပြရင် သူက ပြန်အားပေးသေးတယ်။

မျက်စိထိတဲ့ ရဲဘော်ဆို ကျနော် စိတ်ထိခိုက်တော့ မင်းက ဘာဖြစ်သလဲ၊ ငါ့မျက်လုံးက တစ်လုံးကျန်သေးတယ်၊ ကျန်တာတွေလည်း အကောင်းကြီး တဲ့။

 ခုလည်း ဒီဘက် ဆေးလာကုရင်း ကျနော့်တို့ဘက် စစ်ကြောင်းတအားထိုးနေ၊ ပွဲတွေ ဖြစ်နေတော့ လာကူမယ်။ လိုတဲ့ အချိန်ပြော .. အဲဒီလိုမျိုး တက်ကြွတာ။

တနေ့ကလည်း ဖုန်းဆက်တယ်။ ဒီနားက ရွာတွေ မီးရှို့ခံရတာ သတင်းကြားပြီး ကျည်မလောက်လို့ ဆုတ်ပေးလိုက်ရတယ် ပြောတော့ စိတ်မကောင်းတွေ ဖြစ်နေတာ။

ဒီဘက်တကြောက လမ်းဘေးရွာတွေ ကုန်ပြီ ဆရာ။ အပြောင်ရှို့သွားတာ။

အစ်ကိုကြီးတွေက ငါတို့ ကျည်ပြတ်တော့မှာမို့ ရှာကူခိုင်းလို့ ရှာတယ်။ ရောက်ခါနီး စစ်ကြောင်းနဲ့ပိတ်မိလို့ ကျနော်တို့ ထောက်ပို့တွေ ထွက်မရဘူး ဆရာ။

တစ်ရက်ခရီးပဲ ကျန်တော့တဲ့ အချိန် စခ တွေက အင်အားအများကြီးနဲ့ စွတ်တိုးလာတာ ဆရာ။

ကိုယ့်ရဲဘော်တွေ အဆုံးရှုံး မခံနိုင်လို့ ဆုတ်ပေးလိုက်ရတယ်..တဲ့.။ မီးတွေရှို့နေပြီ ဆိုတော့ ကျနော်တို့မျက်ရည်က အလိုလိုကျလာရော။

 တရားဝင်ချပေးတဲ့ ကျည်ကလည်း မရောက်သေးတာတဲ့။

ဒီလိုကိစ္စတွေမှာ ကျနော်တို့ တာဝန်မကျေသလို ခံစားရတယ်.။ အချိန်တစ်ရက်လေးနဲ့ ရွာလေးတွေ မီးရှို့ခံရတာ။ အပြစ်မကင်းသလိုပဲ။ အဲဒီရက်ကဆို ကျနော်တို့စိတ်တွေ အဆင်မပြေဘူး။

ဒီလိုဖြစ်မှာစိုးလို့ တစ်လလောက် ကြိုပြီး ကြိုးစားတာကို မမီလိုက်တာ။ တစ်ခါတလေ မပြည့်စုံတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ မတတ်နိုင်ရင် စိတ်အတော်ထိခိုက်ရတယ် ဆရာ။

နေရာ အတော်များများ ကိုယ့်ဘက်က ရနေပြီးမှ ပြန်ပေးလိုက်ရတာ ဆရာ။ ကိုယ့်လူတွေ ၂ လလောက် ပင်ပန်းဆင်းရဲခံထားရပြီမှ ကျည်မလောက်တာရယ်၊ တခြားအခြေအနေ တချို့ကြောင့်ရယ် ပြန်ပေးလိုက်ရတယ် ဆရာ။

ပြည်သူလည်းဒုက္ခရောက်။ စစ်ရှောင်ရင်း.. သေဆုံးတဲ့ထဲ ကျနော့် ဝမ်းကွဲအစ်ကိုရဲ့ မိသားစုတွေတောင် ပါသွားတယ်တဲ့။ ပြီးခဲ့တဲ့ သုံးရက်လောက်ကမှ သိရတယ်။

အစ်ကိုနဲ့ သမီးလေး ပဲ ကျန်ခဲ့တာတဲ့။ အမျိုးသမီးနဲ့ သားနှစ်ယောက် ပါသွားတယ်။ သူတို့ စစ်လာရှောင်တဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲခံရတုန်းက ပြည်သူ ၃၀ လောက် အသက်ဆုံးရှုံးရတယ် ဆရာ။ ဒါတွေက သာမန်သတင်းလိုပဲ ပျောက်ကွယ်သွားရတာ။

မျက်လုံးထိတဲ့ ရဲဘော်က.. ဒီဘက်က မျက်စိဆေးရုံမှာ လာပြတာ ဆရာ.. 50/50 လို့ ပြောတယ်။အာရုံကြောထိတာမို့ မရနိုင်လောက်တော့ဘူးလို့လည်း ကြိုပြောထားတယ်။ လိုင်ဇာကို သွားကုဖို့ သူ့ဆရာက ပြန်ခေါ်နေတာ ဆရာ။

အခု ဆရာ့ကို ပြောပြတာ.. အပေါ်ယံ အဖြစ်အပျက်။ တလရ ရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ သနားစရာကောင်းတဲ့ အခြေအနေတွေကိုပဲ ပြောပြထားသေးတာပါ ဆရာ။

တလရကို ရှည်ကြာစေချင်နေတဲ့၊ ကြာအောင်လုပ်နေတဲ့ စိတ်ပျက်စရာ အခြေအနေတွေ၊ လူတွေအကြောင်း ဆရာ စိတ်ညစ်မှာစိုးလို့ မပြောဖြစ်သေးတာ။



ကျနော်က မြေပြင်က အနေအထားကို မြင်နေရသလောက် ပြောပြမယ် ဆရာ။ ဆရာတို့အတွက် အသုံးတည့်ရင် သုံးပါ။

ကြိုပြောထားချင်တာက ပုဂ္ဂိုလ်ရေး အမုန်းမပါဘူးလို့ အာမခံပါတယ် ဆရာ။

ချစ်ခြင်း မုန်းခြင်း မပါ၊ ကာယကံရှင်တွေရဲ့ အခြေခံ စိတ်နေစိတ်ထားနဲ့၊ အရည်အချင်းတွေရယ်၊ မြေပြင်မှာ သူတို့နဲ့ ပြည်သူ ဘယ်အခြေအနေ ဖြစ်နေကြတယ်ဆိုတာကို အရှိအတိုင်း ပြောပြခြင်းသာပါ။

NUG က ဌာနဆိုင်ရာတွေ ဖွဲ့စည်းထားတာတွေ အတော်များတယ်နော် ဆရာ။ မြေပြင်မှာ တကယ် အသက်ဝင်တာတွေရော... လက်တွေ့ အသုံးချလို့ မရနိုင်သေးတာတွေရောပေါ့။

အားတွေ ပြန့်နေတယ်လို့ ခံစားရတယ် ဆရာ။ နောက်ပြီးတော့ ဆရာ ပြောတဲ့ နေရာ ပြဿနာတွေပေါ့။

အဓိက ကျတဲ့ တိုက်ခိုက်ရေးမှာ အားစိုက်ထုတ်မှု အတော်နည်းသလို တာဝန်ပေးထားတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို သေချာ မထိန်းကွပ်နိုင်တာလား.. တမင်တကာဖေးမပြီး မထိန်းကွပ်တာလားတော့မသိ။ စည်းကမ်းလိုက်နာမှုနဲ့ Ethic ပိုင်းဆိုင်ရာမှာ အတော်လေး အားနည်းတယ်လို့ ယူဆပါတယ် ဆရာ။

NUG ကို အပြစ်တင်တာ ဖောင်းထုတာမျိုး မဟုတ်ဘူးနော် ဆရာ.။ သူတို့ကိုယ်တိုင် မသိ မမြင်နေတဲ့ အခြေအနေတွေ တချို့လည်း ရှိမှာပါ။

အမှန်အတိုင်း မတင်ပြတာတွေ..အသိမခံတာတွေ။

တချို့ကိစ္စတွေ ကို လူမှုရေး ရင်းနှီးမှုနဲ့ ဖုံးထားပေးလိုက်တာတွေ။ အဓိက ဖြစ်နေတာက လူမွေးတဲ့ ပြဿနာပဲ ဆရာ။

လူသတ်မှုလို ကိစ္စတွေ၊ လာဘ်စားတာ၊ ကိုယ်ကျိုးရှာတာတွေ။

ဆိုးရွားတာက အဲဒီလို လုပ်နေတဲ့ အပေါ်၊ တိကျတဲ့ အရေးယူမှုမရှိတ ကာကွယ်ပေးတာ။မသိချင်ယောင်ဆောင်တာ။

ဘယ်လောက်ဆိုးလဲဆို.. စီးပွားရေး အပြိုင်အဆိုင် ဖြစ်ဖူးတဲ့ လူမျိုးကို ဒလန်စာရင်းသွင်းပြီး ရှင်းတာမျိုးတွေ။

သူတို့လုပ်ထားတဲ့ ပြစ်မှုတွေမှာ ဘာမသိ.. ညာမသိ တာဝန်ဆိုပြီး ပါသွားတဲ့ ရဲဘော်က အတော်လေး သိလာလို့ သူတို့စကား သိပ်မပြီးတော့ဘူး ဆိုရင် လက်စဖျောက်ပစ်တာတွေ။

အကြား..မဟုတ်ဘူး.. ဆရာ.. ကျနော့်သူငယ်ချင်းရဲ့ကိုယ်တွေ့ပါ။

အဲဒီမစ်ရှင်မှာ လိုက်ဖို့ တာဝန်ပေးခံရပြီးမှ၊ လက်နက်ဘာညာ.. ပြင်ဆင်ပြီးမှ၊ စိတ်ထဲ မလင်းလာတာရယ်၊ မလိုက်ချင်တဲ့သူ နေခဲ့လို့ရတယ်.. အမိန့်ပေးလို့ သူ နေခဲ့တာ။

ဒါမျိုးတွေ မြေပြင်မှာ တကယ် ဖြစ်ခဲ့တာပါ။ အဓိက ပြောချင်တာက NUG အားနည်းချက်တွေကို ပြုပြင်စေချင်တဲ့ အကြောင်းအရာမို့၊ မြေပြင်အဖြစ်အပျက်တွေကို အတိုချုံးပြီး ခြုံငုံပြီးတော့ပဲ ပြောလိုက်ပါ့မယ် ဆရာရေ။

MoD က တပ်ရင်းမှူး တာဝန်ပေးထားတဲ့သူတွေထဲမှာ အဲဒီလိုလူတွေချည်း များနေတယ်။ ဒီ စစ်ကိုင်းမှာပေါ့။ ကျန်တဲ့မြေပြင်အကြောင်းတော့ အပြည့်အဝ မသိပါဘူး။

EAO က ထည့်ပေးလိုက်တဲ့ သူတွေ မဟုတ်ဘဲ ဒေသတွင်းက လူတွေပါ။

အရင်နေ့က ပြောပြတဲ့ လက်နက်အားကိုး၊ ရာထူးအာဏာ အားကိုးနဲ့၊ လုပ်ပိုင်ခွင့်ကို တလွဲသုံးတာမျိုးတွေပါ။

တချို့ရင်းမှူးတွေကျ၊ သူတို့လက်အောက်က တပ်ခွဲမှူးတွေကို မထိန်းနိုင်ဘူး။ ထိန်းလို့ရလောက်အောင်လည်း လွှမ်းမိုးလို့ရလောက်တဲ့၊ မှန်ကန်မျှတတဲ့ ဦးဆောင်မှု ရှိမထားတာကြောင့် မထိန်းရဲဘူး ဆရာ။

သူတို့ကို ပြန်ထောက်ပြမှာတွေ၊ သူတို့ရဲ့ dark side တွေ၊ သိနေတော့ ဖော်မှာ ကြောက်တာ။

သူတို့နဲ့ မတည့်တဲ့သူ မျိုးဆို၊ ခဏ စကားပြောဖို့ရှိလို့ဆိုပြီး ခေါ်ထုတ်သွားပြီး သတ်ပစ်တာမျိုးတွေ ဒီဘက်နယ်ထဲမှာ တကယ်ရှိခဲ့တာ။

သူတို့လုပ်နေတဲ့ အမှားတွေ ထောက်ပြမိတဲ့သူဆို ပိုဆိုးတယ်။

အဲဒီမှာ တာဝန်ခံဖို့ ဖြစ်လာရင် ခေါင်းဆောင်ဆိုတဲ့သူတွေက.. ခေါင်းတိမ်းတယ်။ အဲဒါ ရင်းမှူး ဆိုတဲ့သူတွေ.. တာဝန်ခံဆိုတဲ့ သူတွေ။

ဘယ်လို ခေါင်းတိမ်းလဲဆိုတော့ အဲ့အဖွဲ့က သူ့တပ်ရင်းထဲ မဝင်ရသေးဘူး..တို့.။

တို့ဖွဲ့စည်းပုံ ထဲမပါထားဘူး..တို့။

မြေပြင်က ပြည်သူတွေက သူတို့ ဖွဲ့စည်းပုံတွေ တောင်းကြည့်လို့ မရဘူးလေ..။



တပ်ရင်းဖွဲ့တယ်ဆိုတာလည်း local ခေါင်းဆောင်တွေကို စည်းရုံးပြီး နားလည်မှုနဲ့ လူတောင်းတာမျိုးပေါ့.. ။အဲ့ဒီအခါကျ တစ်ခုခု ပြဿနာရှိလာတဲ့အခါ၊ လုပ်ငန်းရှိလာတဲ့အခါ၊ မှန်ကန်တဲ့ COC ပုံစံတကျနဲ့ မသွားနိုင်တော့ဘူး။

 ဘာမှ ထောက်ပံ့ ပေးမထားနိုင်တာမျိုးဆို ပိုဆိုးတယ်။

တိတိကျကျ ပြောရရင် အရည်အချင်းမရှိတော့၊ တပ်ရင်းတစ်ခု ဖွဲ့စည်းပုံပြည့်လောက်တဲ့အထိ၊ မစွမ်းဆောင်နိုင်ကြဘူး။ ပြီးတော့ ငါ့ရဲဘော်လေးတွေ ဆိုတဲ့၊ နွေးထွေးတဲ့ ညီရင်းအစ်ကို စိတ်ဓာတ်မျိုး တချို့ ခေါင်းဆောင်ဆိုသူတွေက ကလေးတွေအပေါ်  မထားကြဘူး ဆရာ။ သူတို့ကပဲ အလိုလို တစ်ဆင့် မြင့်နေသလိုမျိုး အထာတွေ။ တကယ်ဆို တော်လှန်ရေးစိတ်နဲ့ ဝင်လာကြတဲ့သူတိုင်းဟာ ကိုယ့်နေရာ..ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှာ ရပ်တည်စရာ နေရာတစ်ခု ရှိခဲ့ကြသူတွေချည်းပါ။ အနည်းဆုံးတော့ ကိုယ့်မိဘအိမ်မှာ စိတ်တိုင်းကျ အလိုလိုက်ခံရတဲ့ ကလေးတွေပါ။ နေမြင့်အောင်အိပ်.. အမေပြင်ထားပေးတဲ့ မနက်စာ စား.. မုန့်ဖိုးတောင်းပြီး ကျောင်းသွားဖို့ပဲ ခေါင်းထဲရှိတဲ့ တက္ကသိုလ်တက်ဆဲ အရွယ်လေးတွေက စလို့.. အရွယ်ရောက်ပြီးသူတွေ..အလုပ်အကိုင် ရှိပြီးသားသူတွေ....သူတို့အားလုံးဟာ ကိုယ့်လက်ထဲက သေချာနေပြီးသား အနာဂတ်ကို လွှတ်ချပြီး နိုင်ငံနဲ့ ပြည်သူအတွက် ဒီလမ်းကို ရွေးခဲ့ကြတာပါ။ ပြည်သူအတွက် အရာရာ စွန့်လွှတ်ကြတဲ့ ပွဲမှာ အားလုံးဟာ လုပ်ငန်းသဘောနဲ့ တပ်လုပ်ငန်း၊အင်္ဂါစဥ်အလိုက် သွားရတဲ့ အမိန့်နာခံမှုတွေက လွဲရင် အတူတူ ပဲ ဖြစ်နေရမယ် မဟုတ်ဘူးလား ဆရာ။ ခုကျ တာဝန်ခံ ဆိုသူတွေနဲ့ ရဲဘော်တွေကြား ကွာဟမှုတွေ များနေတယ်။

 စားရတဲ့ အစားအသောက်က စလို့.. တခြားခံစားခွင့်တွေ အလယ်.. စစ်ကြောင်းလာရင် ယူရတဲ့ တာဝန်တွေ အဆုံး..အားလုံးဟာ ညီမျှမှုတွေ ရှိမနေဘူး ဆရာ။ ငပိရည်နဲ့ ဘုန်းကြီးကျောင်းဟင်းကျန်ကျွေး.. ညတိုင်း ကင်းစောင့်ခိုင်းပြီး.. စစ်ကြောင်းလာရင်ကျ ဒီရဲဘော်လေးတွေ က အနာခံ.. ပြည်သူက ဓားစာခံ။ ဒီလိုအချိန်ဆို တာဝန်ရှိသူတချို့ ဘာလုပ်နေမယ်ထင်လဲ ဆရာ။ ဆန်ကြမ်းကြမ်းမစားနိုင်တဲ့ တာဝန်ရှိသူ ဆိုသူများက ခြေလှမ်းတော့ မြန်မြန်လှမ်းနိုင်ကြလေရဲ့။ အစားကောင်းတွေ စားတော့ ကြွက်သားအားကောင်းပြီး မြန်မြန်ပြေးနိုင်တာပေါ့ ဆရာရယ်...။

အဲဒါ တကယ်ပါ ဆရာ။ အရမ်းချာတယ်..ညံ့တယ်။ အရေးဆို သူတို့က အရင်ပြေးတယ်။

စွမ်းရည်မရှိသလို..အတူတူအနာခံမယ်ဆိုတဲ့ ရဲဘော်ရဲဘက်စိတ်လည်း ရှိမနေဘူး။

အဓိက က အိတ်စိုက်ရမှာ အရမ်း လက်တွန့်တယ်။ တချို့ ရပ်ရွာသေးသေးလေးတွေက၊ local ခေါင်းဆောင်တွေလောက်တောင် ပေးဆပ်မှုရော..ဇ ရော မရှိကြဘူး။

တချို့ကျတော့လည်း ဦးဆောင်ဖို့ အရည်အချင်းရှိပေမယ့် နေရာမက်တယ် အထင်ခံရမှာ မကြိုက်ကြလို့ရယ်.. အုပ်စုဖွဲ့တာတွေ ..အင်အားပြိုင်တာတွေထဲ ကြားမညပ်ချင်လို့ရယ် လုပ်နိုင်လျက်နဲ့ ဘေးထွက်ကုန်ကြတယ်။ နောက်တစ်ခုကတော့ အသားလွတ် နောက်ကျည်သင့်ခံရမှာမျိုး မို့ ရှောင်တာလည်း ပါတာပေါ့။ ရဲဘော်တွေ ချစ်တဲ့.. နယ်ခံက ချစ်တဲ့အားကိုးတဲ့ လူမှန်မျိုးဆို ချောင်ထိုးလို့ရရင်ရ.. မရရင် ပြဿနာ နဲ့ မတိုး..တိုးအောင် ဉာဏ်ဆင်ပြီး ချောက်ချတတ်တဲ့ ဉာဉ်ဆိုးတွေလည်း MOD က လက်နက်ပေးထားတဲ့သူ တချို့ မှာ ရှိကြသေးတာ။

ကျနော်တို့ကို ဆရာတွေကတော့ ပြောတယ.။ နိုင်အောင်တိုက်ဖို့..။ မြန်မြန်အပြီးသတ်ဖို့ ခေါင်းထဲ အမြဲ ထည့်ထားတဲ့..။ မဟုတ်ရင် နင်တို့လည်း ငါတို့လိုပဲ.. တောထဲမှာပဲ တသက်လုံး နေရလိမ့်မယ်တဲ့။



**ဒါဆို အခြေအနေမှန်ကို စဥ်းစား

ကြည့်ရအောင် ဆရာ။

ဒီလိုတွေ ဘာကြောင့် ဖြစ်ရတာလဲ။

လက်ရှိ တာဝန်ရှိတဲ့ နေရာအသီးသီးက ဦးဆောင်နေသူတွေဟာ.. ဦးဆောင်မှုစွမ်းရည်တွေ အပိုင်းမှာ သိပ်အားနည်းနေတာများလား။

 **Mental. . ပိုင်းဆိုင်ရာ.. တွေဖြစ်တဲ့ ငွေကြေး.. နေရာ.. အာဏာတွေမှာ ယစ်မူးတာ.. အဂတိ လိုက်စားခြင်းကို အမှား..အပြစ်လို့ မမြင်တာ

 ** Physical ပိုင်းဆိုင်ရာတွေ ဖြစ်တဲ့ ကိုယ်တာဝန်ယူရာအပိုင်းကို မကျွမ်းကျင် မနိုင်နင်းတာ၊

 (ဥပမာ.. စစ်ရေးအရ ပြောမယ်ဆို..တချို့တပ်ရင်းမှူး ဆိုသူတွေက.. အခြေခံ ကိစ္စရပ်တွေ ဖြစ်တဲ့ စစ်ရေးပြမှာ ဘယ် ညာတောင် မှန်အောင် မလျှောက်တတ်တာ.. အလေးပြုတာကိုတောင် စနစ်တကျ ပုံစံတကျ မရှိတာ.. / ဒီလိုမျိုး အနေအထားနဲ့ စစ်ရေးစီမံချက်ကို ဘယ်လိုဆွဲပြီး စစ်တပ်လို ခိုင်မာတဲ့ အင်စတီကျူးရှင်းကို နိုင်အောင် တိုက်နိုင်ပါမလဲ)

ဦးဆောင်တာမျိုးတော့ မလုပ်ချင်ဘူး။ လက်ရှိ ဦးဆောင်မှုကိုလည်း အားမရနေတာမျိုးလား။

ဦးဆောင်နိုင်စွမ်းတော့ ရှိတယ်..။နေရာမလိုချင်လို့..၊ဘေးဖယ်ပေးနေတဲ့သူတွေ.. ၊ ကိုယ်နိုင်ရာလေးပဲ ခေါင်းငုံ့လုပ်နေတဲ့သူတွေ များလား။

ဒါတွေကို အားမနာတမ်း ဆန်းစစ်ကြည့်ပြီး၊ ဇယားချကြည့်လိုက်ရင် လုပ်သင့်တာလေး တစ်ခုခုတော့ လမ်းစရမယ် ထင်တာပါပဲ ဆရာ။

ဒီအချိန်မှာ ကျနော် တစ်ဦးတည်းရဲ့ သဘောကတော့ MoD ရဲ့ ကာ/ဝန်အနေနဲ့ ရင်းမှူးတချို့ကို လူချိန်းသင့်ပါတယ် ဆရာ။ သူက တာဝန်အရှိဆုံးမို့ပါ။ သူ့ဌာနကလူတွေ မဟုတ်တာ လုပ်တာ များနေတာ.. အရည်အချင်းမရှိတာတွေ မသိ မမြင်တာလား.. မမြင်ချင်ယောင်ဆောင်တာလားတော့ ကာယကံရှင်ကိုယ်တိုင်မှ သိမှာပဲ။

ကျနော့်အမြင်ကတော့.. ဒါတွေ သူ တကယ်ကို မသိတာဆိုရင်..သူ ညံ့တာပဲ.. သိတယ်..ဆိုရင်တော့ အလုပ်မလုပ်တာပဲ။အဲဒီလိုပဲ မြင်တယ်။

အင်နဲ့အားနဲ့ သွားရမယ့်လမ်းပါ ဆရာ.. မင်းသား ခြေထိုးသလို တစ်လှမ်းချင်းတော့ နေလို့မရဘူး။ သဲဗွက်ထဲ ဆိုင်ကယ်မောင်းရသလိုပေါ့ဆရာ.. အရှိန်လေးနဲ့ ထိန်းကာကျောင်းကာ မောင်းမှ လိုရာခရီး အမြန်ရောက်တာပါ။.. လီဗာလေး အပျော့ဆွဲပြီး ယောင်လည်လည် လုပ်နေရင်တော့ သဲဗွက်လို ဒုက္ခတောထဲ စုန်းစုန်းမြုပ်ရုံပဲ ရှိတော့တာမို့ တလရကို ရှေ့ရောက်စေချင်သူများ စဥ်းစားသင့်ကြပြီ ထင်ပါတယ်။



"အစ်မကြီး... ဒါတွေက မြေပြင်က ထောက်ပို့ရဲဘော်လေးတစ်ဦး ရင်ဖွင့်လာတာတွေပါ။


 မာန်(တောင်လုံးပြန်)





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar