မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှာ ပထဝီနိုင်ငံရေး သက်ရောက်မှုတွေရှိလာနိုင်သလား
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၇ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၅
မြန်မာနိုင်ငံ အနောက်ဘက်ဒေသမှာ ပထဝီနိုင်ငံရေး သက်ရောက်မှုတွေရှိလာနိုင်သလား
မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသတွေမှာ လတ် တလော ဖြစ်ပေါ်နေတဲ့ သတင်းအချို့ကို ကြည့်ရင် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် ထိစပ်တဲ့ ဒေသမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းမှုတွေ ရှိနေတယ်ဆိုတဲ့ အိမ်နီးချင်းနိုင်ငံရဲ့ နယ်ခြားစောင့်တပ်မှူးက ပြောဆိုခဲ့တဲ့ သတင်း၊ ခုရက်ပိုင်းမှာပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းဒေသမှာ ဘင်္ဂလားဒေ့ရှ်တပ်မတော်နဲ့ အမေရိကန်တပ်တို့ Operation Pacific Angel 25-3 ပူးတွဲလေတပ်စစ်ရေး လေ့ကျင့်မှု လုပ်တဲ့ သတင်းတွေက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ကျော်လွန်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။
အနောက်အုပ်စု အထူးသဖြင့် အမေရိကန်ပြည်ထောင်စု နဲ့ နီးစပ်တယ်လို့ မှတ်ယူထားကြတဲ့ ဘင်္ဂလားဒေ့ရှ် အိမ်စောင့်အစိုးရ အဖွဲ့ရဲ့ ဝန်ကြီးချုပ် မိုဟာမက်ယူနွတ်စ် တာဝန်ယူနေချိန် နှစ်နိုင်ငံ ပူးတွဲလေတပ် စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ခြင်းက ပြည်တွင်းစစ်နဲ့ မတည်မငြိမ်ဖြစ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိနိုင်သလဲ စတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာစေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ အမေရိကန် လေတပ်ရဲ့ သယ်ယူပို့ဆောင်ရေးလေယာဥ် C-130 လေယာဥ် ၂ စင်း မြန်မာနိုင်ငံလေကြောင်းပိုင်နက်ကိုဖြတ်ပြီး ပျံသန်းသွားတယ်ဆိုတဲ့ ရေးသားချက်တွေ တွေ့ရှိကြပြီးနောက် စက်တင်ဘာ ၂၆ ရက်နေ့မှာ စစ်တကောင်း နယ်ထဲက ဘင်္ဂလားဒေ့ရှ် လေတပ်စခန်းရှိရာနေရာမှာ အခုလိုဘင်္ဂလားဒေ့ရှ်- အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှု လုပ်ဆောင်ကြောင်း သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ယမန်နှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူဒါဇင်နဲ့ချီသေဆုံးခဲ့ရတဲ့ ဆန္ဒပြပွဲတွေပြီးနောက်မှာ ရွေးကောက် ခံဝန်ကြီးချုပ်ရှိတ်ဟာဆီနာ ရာထူးကပြုတ်ကျပြီး နိုင်ငံကထွက်ပြေးရတဲ့အထိ အခြေအနေတွေ ဖြစ်ပေါ်လာပြီးနောက်မှာ မြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးအနေအထားပေါ် သက်ရောက်မှုအတိုင်း အတာတခုထိ ရှိလာတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ ပြုတ်ကျသွားတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဟာ တရုတ်နိုင်ငံနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး တရုတ်နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ ရခိုင်ပြည် နယ်ကျောက်ဖြူမြို့နယ်က ရေနံပိုက်လိုင်း၊ ရေနက်ဆိပ်ကမ်း စတဲ့ စီမံကိန်းတွေနဲ့ပတ်သက်လို့တရုတ်နိုင်ငံအနေနဲ့ ပြောင်းလဲလာတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆက်ဆံရေးကို အနီးကပ်စောင့်ကြည့်နေမှာ မလွဲပါဘူး။
ဒီလိုအခြေအနေမှာ ရခိုင်ပြည်နယ်ရဲ့ ၈၀ကနေ ၉၀ ရာနှုန်းသောနယ်မြေတွေကို Arakan Army က ထိန်းချုပ်နိုင်ခဲ့ပြီး AA နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရဲ့ ဆက်ဆံရေးကိုလည်း တရုတ်နိုင်ငံ အနေနဲ့ စိတ်ဝင်တစား စောင့်ကြည့်ကောင်း စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ နီးစပ်လာတယ်လို့ ယူဆကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အိမ်စောင့်အစိုးရနဲ့ ရခိုင်ပြည်နယ်နယ်မြေအားလုံးနီးနီး ထိန်းချုပ်ထားတဲ့ AA နဲ့ ဆက်ဆံရေးက ခုအနေအထားထိတော့ သိပ်မချောမွေ့တာ တွေ့မြင်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ ပင်လယ်ရေကြောင်း နယ်နိမိတ်ရဲ့ အချို့သောအပိုင်းတွေဖြစ်တဲ့ မောင်တောမြို့နယ်ထဲက နတ်မြစ်နဲ့ ပင်လယ်ဝတွေမှာ မြန်မာနိုင်ငံ ရေပိုင်နက်ထဲ ဘင်္ဂလားဒေ့ရှ်ဘက်က ငါးခိုးဖမ်းတယ်ဆိုတဲ့ လှေတွေရေလုပ်သားတွေကို AA က ဖမ်း ဆီးတဲ့အဖြစ်အပျက်တွေလည်း ခုလပိုင်းတွေမှာဖြစ်ပွားနေပါတယ်။ တဖန် ဘင်္ဂလားဒေ့ရှ်ဘက်က လည်း AA ထိန်းချုပ်ထားတဲ့ မြန်မာနိုင်ငံဘက်ကနေ မူးယစ်ဆေးဝါးတွေ ရေလမ်းနဲ့ ခိုးသွင်းနေတာတွေ ရှိတယ်လို့ ခုရက်ပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခြင်းက AA နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်၊ တနည်းအားဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရ အကြား ဆက်ဆံရေးအဖုအထစ် ဖြစ်စရာတွေ ဖြစ်လာပါတယ်။
အခု ဖေါ်ပြသလို နယ်စပ်က ရေပိုင်နက် ကျူးကျော်ဝင်ရောက်ကာ ငါးခိုးဖမ်းတဲ့ အဖြစ်အပျက်၊ တရားမဝင် မူးယစ်ဆေးဝါး ခိုးသွင်းမှု၊ ကုန်ကူးမှု၊ စစ်တကောင်းနယ်က လေကြောင်း ပူးတွဲလေ့ကျင့်မှု စတာတွေက ဒီဒေသမှာ ပထဝီနိုင်ငံရေး အရ အာရုံစိုက်စရာ အဖြစ်အပျက်တွေလို့ ယူဆနိုင်စရာ ဖြစ်လာနေပါတယ်။ ဘင်္ဂလားဒေ့ရှ်၊ အမေရိကန် ပြည်ထောင်စု၊ AA၊ မြန်မာစစ်တပ် နဲ့ တရုတ်နိုင်ငံတို့ဟာ ဒီပထဝီနိုင်ငံရေးထဲ ပါဝင်နေမယ့် ဇတ်ကောင်တွေ လို့ဆိုရမှာ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နဲ့ အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုင်ငံနဲ့ မြန်မာစစ်တပ်တို့က ဆန့်ကျင်ဘက် ၂ ဖက်မှာရှိနေပြီး AA ရဲ့ အခန်းကဏ္ဍ သို့မဟုတ် ရပ်တည်ရာ၊ အကျိုးစီးပွားချင်း ထပ်တူကျရာက ဘယ်သူဖြစ်နိုင်မလဲ စသဖြင့် စဥ်း စားစရာတွေ ဖြစ်လာနေတယ်လို့ ဆိုနိုင်ပါတယ်။
ဘင်္ဂလားပင်လယ်အော် ရဲ့ အနောက်ဘက်မှာခြမ်းမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံ အရှေ့ဘက်ခြမ်းမှာ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းတို့ တည်ရှိနေကြပြီး အိန္ဒိယ နဲ့တရုတ် နိုင်ငံတွေက မကြာခင်ကာလတွေအထိ နှစ်နိုင်ငံ အကြားနယ်နိမိတ် အငြင်းပွားမှု ပြဿနာ၊ အားပြိုင်မှုတွေ ရှိနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့ ကုန်သွယ်ခွန်၊ ကိုယ်ကျိုးစီးပွားဝါဒတွေက အိန္ဒိယနိုင်ငံကို တရုတ်နိုင်ငံနဲ့ ရင်းနှီးအောင် တွန်းပို့သလို ဖြစ်စေခဲ့ပြီး တရုတ် - အိန္ဒိယ အားပြိုင်မှုထက် အမေရိကန် - တရုတ် အားပြိုင်မှုက ပိုပြီးအင်အားကောင်း လာတာလည်း ဖြစ်ပါတယ်။ အိန္ဒိယ အနေနဲ့ တရုတ်နဲ့ အားပြိုင်မှုကို နောက်ပို့ထားပြီး မျက်မှောက် ကမ္ဘာ့အခင်းအကျင်းအရ မြန်မာစစ်တပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင်ကာ ဘင်္ဂလားဒေ့ရှ်က အမေရိကန် ရဲ့ လွှမ်းမိုးမှု သြဇာသက်ရောက်လာမှုကို စောင့်ကြည့်တာလည်း ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။
ဒီအခြေအနေအခင်းအကျင်းတွေကို ကြည့်ရင် မြန်မာနိုင်ငံ အနောက်ဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံနယ် စပ်၊ အိန္ဒိယနယ်စပ်တွေမှာ ခင်းကျင်းပြောင်းလဲနေတဲ့ပထဝီနိုင်ငံရေးက မြန်မာ့ဒီမိုကရေစီအရေးတော်ပုံ၊ နွေဦးတော်လှန်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အပေါ် သက်ရောက်နိုင်ခြေတွေကို ပြန်လည် သုံးသပ် အကဲဖြတ်ထားကြရမယ့် အချိန်အခါဖြစ်တယ်လို့ ဆိုရင် မှားမယ်မထင်ပါ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar