Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးစောက်တလွဲတွေရဲ့ သေးပေါက်ပွဲ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ခွေးစောက်တလွဲတွေရဲ့ သေးပေါက်ပွဲ

မိုးမခ ၊ စက်တင်ဘာ ၅ ၊ ၂၀၂၅


"ခွေးစောက်တလွဲတို့ရဲ့ သေးပေါက်ပွဲ" ကို ဓာတ်တိုင်လိုက် ခွဲကျင်းပမယ်။ ဓာတ်တိုင်တတိုင်နဲ့ တတိုင်အတွင်း အပြင် ဝင်းထရံ အုတ်ခုံ ပန်းအိုး ရှိရှိသမျှ လူ့ယဉ်ကျေးမှုမှန်သမျှကို သေးပန်းချက်အများဆုံးကောင် ခွေးအမတ် လုပ်ရမယ်ဆိုလို့ ခွေးပုဂွေးတို၊ ခွေးမြီးစုတ်ဖွား၊ ခွေးဂုတ်ကျား၊ ခွေးဘီးလူးခွေးရူး၊ ခွေးဝဲစား၊ ခွေးပွဲစား၊ တောခွေး၊ မြို့ခွေး၊ ခွေးအ ခွေးန၊ အိမ်ခွေး၊ ကျောင်းခွေး၊ ခွေးလေခွေးလွင့်၊ ခွေးသူခိုး၊ ခွေးငဇိုး၊ ခွေးမျိုးစုံ၊ အထီး၊ အမတွေ လမ်းတကာမှာ ရမ်းခါရမ်းခါနဲ့ အူတဲ့ကောင်အူ၊ ဆူတဲ့ကောင်ဆူ၊ ဟောင်တဲ့ကောင်ဟောင်၊ ကြောင်တဲ့ကောင်ကြောင်၊ ကိုက်တဲ့ကောင်ကိုက်၊ နှိုက်တဲ့ကောင် နှိုက်နေကြတယ်။

ဓာတ်တိုင်လိုက် စဉ်ထိုးပြီး ခွေးအူပွဲ ကျင်းပနေကြတယ်။ ခွေးပုက "ဂွေးတို ဆိုပေမယ့် သွေးမညိုပါဘူး" လို့ အူသံ စလိုက်တော့ ဝုဝုဝူး ဆိုတဲ့ ပြန်အူသံတွေ ထွက်ပေါ်လာတယ်။

"ကျုပ်တို့ခွေးပုတွေဟာ အကောင်သာပုတာ၊ အတောင် အဲလေ အစွယ်မတိုပါဘူး၊ အကိုက်အဆွဲမှာလဲ မိုက်ခဲဒေဘာ။ ဒီအပုပြဿနာအတွက်လဲ အင်မတန်ထွားတဲ့ ရှရှားခွေးကြီးတွေ တရုတ်ခွေးကြီးတွေနဲ့ မိတ်လိုက်နေကြပါပြီ။ ကျုပ်တို့အာဏာရရင် ကပြားခွေးတပ်ကြီးလဲ ထောင်မှာပါ။ အဲဒီအတွက် အထီးအမအစုံ ခွေးကောင်ရေလိုသလောက်ပို့ထားပါပြီ။ အရေးကြီးဆုံးပြောချင်တာကတော့ ကျုပ်တို့ခွေးပုတွေကိုသာ အနက်ပြားကြီး ထည့်လိုက်ပါ။ ခွေးတော်သလင်းဆိုတဲ့လူတွေသတ်မှတ်ချက်ကို ဖျက်ပစ်ပြီး ခွေးသဘောရှိ ကရောဟိဝါဒလုပ်ပစ်မှာပါ၊ အဲဒီကျရင် ခွေးမျိုးအားလုံး စက္ကန့်မလပ် ကရောဟိလို့ရဘာဘီ" ဟု အနက်စွယ်နေရင်း "ကရောဟိဆိုတာ သိတယ်မဟုတ်လား" လို့ စောင့်အူလိုက်ရာ သူ့ဓာတ်တိုင်ပတ်လည်တွင် ခွေးတော်သလင်းဇာတ် ခင်းနေကြတဲ့ခွေးတွေက ဝုတ်ဝုတ်ဝုတ်ဝုတ်နဲ့ ပြန်ဟောင်သံများနဲ့ ဆူညံနေတယ်။ နှုတ်သီးမဲနဲ့လှိုင်ပြည့်စုံအောင်ဆိုတဲ့ခွေးကောင်ကတော့ မဟောင်အား၊ အကြောင်သားကြည့်ရင်း ခင်းလက်စခွေးဇာတ်ကို အပြီးဆက်သတ်နေတယ်။

နောက်တတိုင်မှာတော့ "သားရေပေါ်အိပ် သားရေနားစား ဆိုတဲ့ ဟူးမန်းတွေရဲ့ချိုးနှိမ်မှုကို အပြီးတိုင်တိုက်ဖျက်ပြီး ခွေးတိုင်းကို ကော်ဇောခင်းပေးမယ့် ကျုပ်တို့ ခွေးလေခွေးလွင့်ဖာထီကိုသာ အနက်ထည့်လိုက်ပါ" လို့ အူလိုက်တော့ "ဝူးရှူးဝါး" ဆိုတဲ့ ခွေးလေခွေးလွင့်တို့ရဲ့ ထိုးဟောင်သံကြီး တခဲနက် ထွက်ပေါ်လာတယ်။

ခွေးမြီးစုတ်ဖွား ဖာထီရဲ့ ခွေးအူသံကတော့ တမူထူးတယ်။ "ကျယ်မဒို့ဖာထီအနိုင်ရရင် ဓာတ်တိုင်တိုင်းမှာ ဗြူထီဖာလာဖွင့်မယ်၊ ခွေးရုပ်ပေါက်တယ်ဆိုတဲ့စကားကို ချေဖျက်မယ်၊ ခွေးအလှနဲ့ခွေးဘဝကို မြှင့်တင်မယ်" လို့ လည်တခါခါ အူနေတုန်း သူတို့ဓာတ်တိုင်ရှေ့ကခွေးတွေက အမြီးလေးတနံ့နံ့ နားရွက်လေးတဆန့်ဆန့်နဲ့ တအီအီဖြစ်နေကြတယ်။ ခွေးဝဲစားတွေကလဲ အိမ်မွေးခွေးလှသွေးကြွယ်တွေကို လာရစ်ကြတယ်။ ထူးတာကတော့ အမြီးတခါခါနှင့် ခွေးပုရဲ့သမီးကညာလေးကို ဝိုင်းအုံကာ တကောင်တက်တကောင်ဆင်း နှစ်ကောင်ဗျင်းဖို့ကြိုးစားတဲ့ကောင်တွေနဲ့ ဂျေဝင်ပြီးအသားလွတ် ဝင်ခဲတဲ့ကောင်တွေနဲ့ တော်သလင်းနှစ်ထပ် ဖြစ်နေကြတယ်။ အဲဒီရှေ့မှာ ခွေးပွဲစားတွေလဲ ခြေချင်းလိမ်နေကြတယ်။ ဆရာကြီးလိုလို ကျောင်းခွေးတွေနဲ့ ခွေးလေခွေးလွင့်တို့ နှိုက်ရင်း ဖိုက်ရင်း ကိုက်နေကြတဲ့တိုက်ပွဲက ပြင်းထန်လွန်းလို့ စုတ်ဖွားမလေးရဲ့အူသံတောင် ရပ်သွားတော့တယ်။

"‌ခွေးကျင့်ခွေးကြံဆိုတဲ့စကားကို ဖျက်သိမ်းဖို့ ကျုပ်တို့နဲ့အတူဟောင်လှည့်ကြပါစို့" ဆိုတဲ့ဆိုင်းဘုတ်ကြီးကြီးနဲ့ ခွေးသူခိုးဖာထီကတော့ သူ့ခွေးငဇိုးတွေနဲ့ဘယ်လိုချောင်း၊ ဘယ်လိုဝင်၊ ဘယ်လိုခိုးမယ်၊ ဘယ်လိုကြက်ဝင်ဆွဲ၊ ဘယ်လိုစားမယ်၊ အသံမပေးဘဲ ဘယ်လိုချောင်းကိုက်မယ်၊ အုပ်စုဖွဲ့ကိုက်မယ်ဆိုတဲ့ သူခိုးဝါဒတွေကို အဟောင်တလိုင်းကစ်နေတော့တယ်။

ခွေးဝဲစားအုပ်စုကတော့ "ခွေးတိုင်း အမဲရိုးတချောင်းကိုက်ရမယ်" ဆိုတဲ့သူတို့ပေါ်လစီကို အော်ဂလီဆန်အောင် အူပြတယ်။ အမဲရိုးမဲ့ခွေး‌ မရှိစေရဘူးလို့ ကတိပေးထားတဲ့အတိုင်း အမဲရိုးတချောင်းစီရအောင် ဘယ်လို နွားထွက်ဆွဲမယ့်အကြောင်း အာဘောင်အာရင်းသန်သန် အူနေတယ်။ ခွေးအခွေးနတွေကတောင် မယုံတဲ့မျက်နှာပေးနဲ့ မထုံတက်သေး ကြည့်နေကြတယ်။ 

ဟောင်ပေါင်ဟောင်ရင်းအသန်ဆုံးကတော့ ခွေးဘီလူး ခွေးရူးဖာထီဝင်တွေ။ ဖာထီခေါင်းဆောင် ခွေးဘီလူးမဲလုံး တခွန်းအူလိုက်တိုင်း ဟောင်သံကြီးတခါလိုက်ပေးနေကြတယ်။

"ခွေးဘီလူး ခွေးရူးပီပီ တဲ့တဲ့ဘဲ ပြောမယ်၊ အခုလူတွေ ပြောနေကြတဲ့ စစ်ခွေးဝါဒဘဲ ဆက်ကျင့်သုံးမယ်။ စစ်ခွေးဝါဒ ဆိုတာ လူတွေကို သခင်ရယ် ဘာရယ် သဘောမထား၊ ကျွေးတဲ့လက် ပြန်ကိုက်ရုံမက လူ့အသိုင်းအဝန်းတခုလုံး ဖျက်ဆီးပစ်ရေးဘဲ။ ကျုပ်တို့ ခွေးဘီလူးခွေးရူးတွေသာ နောက်ငါးနှစ် ဆက်အုပ်ချုပ်ရရင် လူ့ယဉ်ကျေးမှု‌ အဆောက်အအုံတွေ အကုန်ပျောက်ပြီ။ ရှေးဟောင်းဘုရားကျောင်းကန်တွေ၊ ချာတ်တွေ၊ ဗလီတွေ၊ ဝတ်ကျောင်းတွေ၊ အိုးအိမ်တွေ၊ ဆက်လက်ဖျက်ဆီးရမယ်။ ရက္ကန်းကစ ပန်းပုအဆုံး လက်မှုလုပ်ငန်းအားလုံး မကျန်စေရ။ လူ့စီးပွားပျက်ကပ်ဆိုက်အောင် ဆက်လုပ်မယ်။ ကုန်စည်စီးဆင်းမှုတွေ ရပ်ဆိုင်းမယ်၊ ထိန်းချုပ်မယ်။ ဖြတ်ငါးဖြတ် လုပ်မယ်။ စိုက်ပျိုးရေး အကုန်ဖျက်မယ်။ မလိုအပ်တဲ့အချိန်မှာ ဆည်တွေ ဖောက်ချမယ်။ လိုတဲ့အချိန်မှာ ဆည်ရေ မလွှတ်ဘူး။ လျှပ်စစ်မီးမရှိလေ သစ်တောကုန်လေ ဖြစ်မယ်။ ဆေး‌ဝါးတွေ အသွင်းမခံ၊ တိမွေးကုတွေက လွဲရင် ဆရာဝန်တွေ ဖမ်းသတ်ပြီး လူ့ကျန်းမာရေးစနစ်တခုလုံး ဆက်ဖျက်မယ်။ ကူးစက်ပိုးတွေ ပြန့်အောင် ဖြန့်မယ်။ HIV နဲ့ TB ပိုးထိန်းဆေးတွေကို ထိန်းချုပ်ထားမယ်။ ကာကွယ်ဆေးထိုးစနစ်တွေ ဆက်ရပ်မယ်။ B ပိုး C ပိုးတွေ ပွားအောင်လုပ်ရမယ်။ လူသားတိုင်း ဆေးကုသခွင့်  မရစေရ။ ပညာရေးကဏ္ဍလည်း ပြန်မရတော့အောင်ထိ ဖျက်ပြမယ်။ ကျောင်းတွေဗုံးကြဲမယ်။ လက်နက်ကြီးနဲ့ ထုမယ်။ ကျောင်းသုံးစာအုပ် မထုတ်ရ။ အင်ထာနရှင်နယ်စကူးလ်တွေလဲ အကူးမခံတော့ဘူး၊ နစ်သေအောင် လုပ်မယ်။ လူငယ်မှန်သမျှ စစ်ခွေးလုပ်ရမယ်။ စစ်ခွေးတပ်ထဲ သွင်းမယ်။ စစ်ခွေး အသွင်ပြောင်းဖို့ အစွယ်နဲ့ အမြီးတပ်ပေးမယ်။ လူတွေ နာလန်မထူနိုင်အောင် ဘက်ပေါင်းစုံကလုပ်ဖို့ဟာ ကျုပ်တို့ ခွေးဘီလူးခွေးရူးဒေရဲ့ အဓိဋ္ဌာန်ဘဲ။ ခင်ဗျားတို့ကို တဆင့်နှိမ့်ဆက်ဆံခဲ့တဲ့လူတွေကို စမုံတုံးဖို့ ကျုပ်တို့ကိုသာ အနက်ပြားကြီး ထည့်လိုက်ကြဘာ"



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar