Breaking News

နွေဦးမြား - ဘာတွေရခဲ့တဲ့ကမ္ဘာ

Art- Aung Htet 
ဘာတွေရခဲ့တဲ့ကမ္ဘာ
နွေဦးမြား 
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၅


ကိုယ့်ဝင်ရိုးနဲ့ကိုယ်
ကိုယ့်ကမ္ဘာနဲ့ကိုယ်။
တနေ့တနေ့ ဘာတွေရခဲ့သလဲ။

ငြိမ်းငြိမ်းအေးအေး
တစ်ရေးလောက်ရခဲ့သလားဆိုတော့လည်း
ဘာတမှေးမှကို မရခဲ့ရပါဘူး။
ဥစ္စာ အသပြာ မရခဲ့ဘူး။
ပညာ သဘာ 
ဘာတခုမှမရခဲ့ပါ။

ရူးရုးနှမ်းနှမ်း
စကားလုံးအဆန်းလေးများ
သံစဉ်အဆန်းလေးများ
အရောင်အဆန်းအပြားလေးများ
ဘာတခုများမှ မရခဲ့ပါ။

ထိုးထွင်းလင်းပွင့်တဲ့အသိတရားနဲ့
တရား ဘာဝနာဆိုတာလည်း
ဘာတခုမှ မရခဲ့ပါ။

အရာရာမှာ
ကျွဲကူးရေပါ
ကျွဲလည်းမရ
ရေလည်းမရခဲ့တဲ့ကောင်ပါ။

ဟောဒီ လောကီမှာ
ခပ်တုံးတုံးလူဖြစ်ခွင့်ကိုမှ
ထူးထူးခြားခြား ရခဲ့တဲ့ကမ္ဘာ။

ကုသိုလ်မရ
အကုသိုလ်ကျမှ ဖောဖောသီသီရနေခဲ့ရတဲ့ကမ္ဘာ။

တနေ့တနေ့ ဘာတွေရခဲ့သလဲ
ဆိုတော့
ပြောပြဖို့ရာမှာတောင်
အယောင်ယောင်အမှားမှား
ဓားပဲ ဆွဲဆွဲထုတ်နေခဲ့ရတဲ့ကမ္ဘာ။

၂၇.၈.၂၀၂၅

 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar