မောင်လူမွှေး - ဗုံးကြဲခံရပြီးနောက်
မောင်လူမွှေး - ဗုံးကြဲခံရပြီးနောက်
မိုးမခ ၊ စက်တင်ဘာ ၂၆ ၊ ၂၀၂၅
ဒီနှစ် စက်တင်ဘာလထဲ မောင်လူမွှေး ဒေသတွင်း ခရီးထွက်ဖြစ်ခဲ့တယ်။ မောင်လူမွှေး တတ်သမျှ မှတ်သမျှနဲ့ လူငယ်တွေကို မျက်စိဖွင့်ပေးဖို့ ထွက်ခဲ့တဲ့ခရီး ဖြစ်တယ်။ ဒေသတွင်းခရီး ဆိုပေမယ့် စစ်ကောင်စီရဲ့ ပိတ်ဆို့မှု၊ မိုးရာသီ လမ်းအခြေအနေတွေကြောင့် ခရီးဟာ ကြမ်းတယ်။ ဆိုင်ကယ်စီးချိန် ခြောက်နာရီဝန်းကျင် ဆိုတော့ နီးတယ်တော့ ဘယ်ဆိုနိုင်ပါ့မလဲ။
ဒီနှစ် မောင်လူမွှေး ရောက်ခဲ့တဲ့နေရာဟာ ပြီးခဲ့တဲ့နှစ်ကလည်း မောင်လူမွှေး ရောက်ခဲ့ပြီးသားဖြစ်တယ်။ ဆေးရုံ ဆေးခန်းနဲ့ ဈေးဆိုင်တွေနဲ့ ထိုက်သင့်သလောက် စည်ကားတဲ့နေရာ ဖြစ်တယ်။ အသက် ၁၀၄ နှစ်အရွယ်ရှိ အဘွားအိုကို တွေ့ဆုံခဲ့ရတဲ့ နေရာဖြစ်တယ်။ ဒေသခံတွေရဲ့ ရည်မွန်ဖော်ရွေမှုတွေကို ခံစားခဲ့ရတဲ့နေရာ ဖြစ်တယ်။
မောင်လူမွှေး အခုအကြိမ်ရောက်တော့ ဆေးရုံဟာ နွယ်တွေတက်ပြီး ချုံတောကြီး ဖြစ်နေပါပြီ။ " အဘွားက တောထဲမှာ လေယာဥ်ရှောင်ရင်း ဆုံးသွားတာ။ တောထဲမှာပဲ သင်္ဂြိုလ်လိုက်ရတယ်" လို့ အသက် ၁၀၄ နှစ် အဖွားအိုရဲ့ မြေးဖြစ်သူ မိန်းကလေးက မောင်လူမွှေးကို ပြောပြတယ်။ ဒေသခံတွေဟာ သူတို့ရွာကို ဗုံးကြဲခံရပြီးနောက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီး ခံစားကြရတာ သေချာတယ်။
"ကျမက မကြောက်ဘူး။ အခုလည်း စိတ်ထဲက မကြောက်ဘူး။ ဒါပေမဲ့ လေယာဥ်သံကြားလိုက်ရင် အလိုလို မျက်ရည်ကျလာတော့တာ။ ဆရာဝန်တွေက ဆေးလည်း ပေးတယ်။ ကျမကို ဂရုစိုက်ကြဖို့ ၊ စိတ်ချမ်းသာအောင် ထားကြဖို့ မိသားစုကိုလည်း မှာတယ်" လို့ အမျိုးသမီးကြီးတစ်ယောက်ရဲ့ သူတို့အချင်းချင်း ပြောဆိုသံကို ကြားရတယ်။
မောင်လူမွှေး ရောက်ခဲ့တဲ့ ရွာကို စစ်ကောင်စီက မနက် ၂ နာရီဝန်းကျင်လောက်မှာ ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးတွေ ကြဲချခဲ့တာ ဖြစ်တယ်။ ကြဲချတဲ့ ပုံစံက ကျေးရွာတစ်ရွာလုံးကို အနှံ့ကြဲတာ ဖြစ်တယ်။ ဒါကြောင့် အဲဒီကျေးရွာဟာ ဗုံးကြဲခံရလို့ ခုနစ်လလောက်ရှိတာတောင် ထိတ်လန့်နေကြဆဲ ဖြစ်တယ်။
ဗုံးကြဲခံရပြီးတဲ့ ကျေးရွာတရွာဟာ အခြေအနေတွေအားလုံး ပုံမှန်ပြန်ဖြစ်ဖို့ဆိုတာ အချိန်တော်တော်ယူကြရတယ်။ လေယာဥ်ပေါ်ကနေ ကျရောက်ပေါက်ကွဲတဲ့ ဗုံးသံဟာ လူ့အဖွဲ့အစည်းရဲ့ ကျန်းမာရေး၊ ပညာရေးတွေကို ဖရိုဖရဲ ကွဲပြိုသွားစေပြီး ပုံမှန်လည်ပတ်နေတဲ့ ဘဝလှုပ်ရှားဟန်တွေကို ရပ်တန့်ပစ်ပါတယ်။
ဗုံးကြဲပြီးနောက် ကျန်ခဲ့တဲ့ အကြောက်တရားရဲ့ ပဲ့တင်ထပ်သံဟာ တော်တော်နဲ့ မပျောက်တတ်ပါဘူး။ ဒါကို အကြမ်းဖက်စစ်တပ်ကလည်း မသိ ဘယ်နေပါ့မလဲ။ ဒါကြောင့်လည်း နေ့စဥ်နေ့တိုင်း သူတို့ကို တော်လှန်တဲ့ ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲနေတာဟာ ပြည်သူတွေကို သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်အပြင် ပြည်သူကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ယိုင်နဲ့စေလိုတဲ့ ရည်ရွယ်ချက်လည်း ပါတာ သေချာပါတယ်။
မောင်လူမွှေးတို့ ပြည်သူတွေဟာ ဖက်ဆစ်တပ်ရဲ့ လေယာဥ်ဗုံးဒဏ်ကို ကာကွယ်နိုင်ဖို့ သတင်းအချက်အလက်တွေ၊ ပုန်းခိုကျင်းတွေ ကြိုတင်ပြင်ဆင်ထားသလို ဗုံးကြဲခံရပြီးနောက် အခြေအနေကို တုံ့ပြန်ဖို့ကိုလည်း ကြိုတင်ပြင်ဆင်တာတွေ လုပ်ထားရမှာဖြစ်တယ်။ ဗုံးကြဲလိုက်တာနဲ့ အကြာကြီး ယိုင်နဲ့သွားရတဲ့ လူ့အဖွဲ့အစည်းမဖြစ်ဘဲ ကျန်းမာရေး၊ ပညာရေး နှင့် အခြားသော အရေးတွေကို တတ်နိုင်သမျှ အလျင်အမြန်ပြန်လည်ပတ်နိုင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်ဖို့ လိုအပ်ပါတယ်။အရေးပေါ် အခြေအနေတွေကို တုံ့ပြန်ဆောင်ရွက်နိုင်တဲ့ အစွမ်းရှိအောင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ ရပ်မိ၊ရပ်ဖတွေ၊ ဆရာ၊ဆရာမတွေ စသဖြင့် အားလုံး ဆွေးနွေးပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
"သမီးကတော့ ဒီနေ့ ဗုံးကြဲလည်း မသေရင် နောက်နေ့ ကျောင်းလာမှာပဲ" တဲ့။
မောင်လူမွှေး တပည့်မလေး တစ်ယောက်က ပြောပါတယ်။ ဟုတ်ကဲ့။ သူ လာရင်တော့ မောင်လူမွှေးလည်း သူ့ကို ပညာသင်ပေးဖို့ အဆင်သင့်ဖြစ်နေမှာပါခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar