လူ၊ လက်နက်အင်အားနဲ့ ထိုးစစ်ဆင်လာတဲ့ ကရင်ပြည်နယ် စစ်မျက်နှာ တန့်နေတဲ့ ကချင်ပြည်နယ် စစ်မျက်နှာ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၄ မြင်ကွင်း
မိုးမခ ၊ စက်တင်ဘာ ၂၅၊ ၂၀၂၅
လူ၊ လက်နက်အင်အားနဲ့ ထိုးစစ်ဆင်လာတဲ့ ကရင်ပြည်နယ် စစ်မျက်နှာ တန့်နေတဲ့ ကချင်ပြည်နယ် စစ်မျက်နှာ
တနှစ်ကျော်ကြာ အခြေမပျက်အောင် ထိန်းထားပြီး ပြီးခဲ့တဲ့ သြဂုတ်လက ထောင်နဲ့ချီတဲ့ စစ်အင်အား၊ ဒရုန်း၊ လက်နက်တွေ အင်အားနဲ့ အတူ နယ်မြေခံ BGF, DKBA တို့ရဲ့ ကူညီမှုကို ပြန်လည်ရရှိလာခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေဟာ သင်္ဃန်းညီနောင် ဗျူဟာ၊ မြဝတီမြို့ နဲ့ အဲဒီကမှ တဆင့် လေးကေ့ကော် စွယ်တော်ကုန်း စတာတွေ ဆက်လက်သိမ်းယူဖို့ ဆက်တိုက်ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။
KNU/KNLA အနေနဲ့ အာဏာသိမ်း စစ်တပ်နဲ့ ကရင်ပြည်နယ်ထဲက စစ်မျက်နှာတွေမှာ ရင်ဆိုင်ရာမှာ နှစ်ဖက်တိုက်ခိုက်ကြရုံ သက်သက်အခြေအနေမျိုး မဟုတ်ဘဲ ဒီဒေသမှာ အခြေစိုက်နေကြတဲ့ အခြားသော ကရင်လက်နက်ကိုင် အဖွဲ့တွေ ၄င်းတို့ရဲ့ ရပ်တည်မှု အပြောင်းအလဲ၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက အခွန်အကောက် စတဲ့ အမျိုးသားရေး၊ ကိုယ်ကျိုးစီးပွား၊ တရားမဝင် ငွေလိမ်ဂိုဏ်းနဲ့ လောင်းကစား လုပ်ငန်းတွေရဲ့ ဝင်ငွေ စတဲ့ အကြောင်းအချက် ပေါင်းစုံရဲ့ အနေအထားတွေ အပေါ် မူတည်ပြီး စစ်ရေးအပေါ် သက်ရောက်မှုရှိနေတာလည်း ဖြစ်ပါတယ်။
ယမန်နှစ်က ၁၀၂၇ စစ်ဆင်ရေး အရှိန်အမြင့်ဆုံးကာလတွေမှာ နယ်ခြားစောင့်တပ် အဖြစ်နေသူတွေ သီးခြားလက်နက်ကိုင် တပ်အဖြစ်ရပ်တည်ပြီး ထိုင်း - မြန်မာနယ်ခြားမျဥ်းနားမှာ လောင်းကစား၊ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို မြေနေရာနဲ့ အကာအကွယ်ပေးနေတဲ့ လက်နက်ကိုင် အဖွဲ့တွေက စစ်ရေးချိန်ခွင်လျှာ အလေးတင်းမှု အပြောင်းအလဲမှာ စစ်ကောင်စီတပ်တွေ အရှုံးနဲ့ ဆက်တိုက် ရင်ဆိုင်ခဲ့ကြရတာ တွေ့ရပါတယ်။
အဲဒီအချိန်ကာလတွေတုန်းက စောချစ်သူ ဦးဆောင်တဲ့ BGF အဖွဲ့က Karen National Army ဆိုပြီး အမည်ပြောင်းလဲလိုက်ကြောင်း ကြေညာခဲ့သလို DKBA အဖွဲ့ကလည်း စစ်ကောင်စီတပ်ကို ဆန့်ကျင်ဘက် ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့် KNU/KNLA အနေနဲ့ မြဝတီမြို့ကို သိမ်းယူခွင့် မရခဲ့ပဲ BGF က KNU/KNLA နဲ့ စစ်ကောင်စီအကြား မြွေမသေ တုတ်မကျိုး မူနဲ့ နှစ်ဖက်အဖွဲ့အစည်းကြားမှာ ရပ်တည်ခဲ့တာ တွေ့ရပါတယ်။ DKBA အဖွဲ့ကလည်း တော်လှန်ရေး အင်အားစုတွေ အားကောင်းတဲ့ ယမန်နှစ်က စစ်ကောင်စီနဲ့ ဆန့်ကျင်ဘက် ရပ်ခဲ့ပေမယ့် ၂၀၂၅ ခုနှစ် နှစ်လယ်ကျော်လာချိန်မှာ ၂ ဖွဲ့လုံးက စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို ကူညီပေးမယ်လို့ လူသိရှင်ကြား ထုတ်ပြောလာကြတာ တွေ့ရမှာ ဖြစ်ပါတယ်။
KNU/KNLA အနေနဲ့ ကရင်ပြည်နယ်တခုထည်းမှာ လက်နက်ကိုင်လှုပ်ရှားနေတာတော့ မဟုတ်ပါဘူး။ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း အရှေ့ခြမ်း နဲ့ မွန်ပြည်နယ်ရဲ့ အချို့သော ဒေသတွေမှာပါ လှုပ်ရှားနေတာ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းမှာတော့ KTLA လို့ အမည်ပေးထားတဲ့ ယခင် KNDO ခွဲထွက်အဖွဲ့လည်း အခြေချလှုပ်ရှားနေတာ ဖြစ်ပါတယ်။ မြဝတီ၊ သင်္ဃန်းညီနောင် ဖားအံ ကြာအင်းဆိပ်ကြီး စတဲ့ ကရင်ပြည်နယ်ထဲက ဒေသတွေက KNU အဖို့ စစ်ရေးအရရော စီးပွားရေးအရပါ အရေးပါတဲ့ ဒေသတွေဖြစ်ပြီး ယခုအခါမှာ အခြားသော ကရင်လက်နက်ကိုင် အဖွဲ့တွေရဲ့ ရပ်တည်မှု အပြောင်းအလဲအပေါ် အားပြုပြီး စစ်ကောင်စီက ထိုးစစ်ဆင်လာနိုင်တာ အချို့သော စစ်ရေးအရ တိုးတက်မှုတွေ ရလာတာ တွေ့ရပါတယ်။ မြဝတီ - ကော့ကရိတ် ဆက်သွယ်ထားတဲ့ ကုန်သွယ်ရေး အရ အရေးပါတဲ့ အာရှလမ်းကို ၂ နှစ်ဝန်းကျင်အတွင်း စစ်တပ်က ပထမဆုံးအကြိမ် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မြဝတီ - ကော့ကရိတ်၊ ကျုံဒိုး တို့ကိုဖြတ်သန်းသွားတဲ့ နယ်စပ် ကုန်သွယ်ရေးပေါ်က ရရှိတဲ့ အကောက်အခွန်ငွေကိုလည်း ကရင်ပြည်နယ်ထဲက လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ အတိုင်းအတာတခုထိ မှီခိုနေကြရတဲ့ အခြေအနေကို စစ်ကော်မရှင်က သတိပြုမိထားပြီး လတ်တလော စစ်ရေးအရ ထိုစစ်တွေ ဆင်လာတဲ့အချိန် တပြိုင်နက်ထဲမှာ အကောက်အခွန် လမ်းကြောင်းတွေကိုပါ ဖြတ်တောက်ဖို့ ၂ ဖက်ညှပ်ပြီး လုပ်ဆောင်ခဲ့တာတွေ့ရမှာပါ။
ဒီအနေအထားတွေ ကို ခြုံငုံကြည့်ရင် ကရင်ပြည်နယ်က စစ်မျက်နှာတွေမှာ KNU/KNLA အနေနဲ့ စစ်ကောင်စီကို ထိန်းထားဖို့ က လတ်တလော ရည်မှန်းချက်ဖြစ်နိုင်ပြီး ၂၀၂၄ ခုနှစ်ကလို ကျယ်ပြန့်တဲ့ ထိုးစစ်တွေ ပြန်ဆင်နိုင်ဖို့ အခြေအနေမျိုး မရှိသေးဘူးလို့ ဆိုရမယ့် သဘောဖြစ်ပါတယ်။
ကရင် စစ်မျက်နှာ အပြင် ကချင်ပြည်နယ်မှာတော့ ၉ လထဲဝင်လာပြီဖြစ်တဲ့ ဗန်းမော်မြို့သိမ်း တိုက်ပွဲ စစ်မျက်နှာမှာ နှစ်ဖက် စလုံး အထိအခိုက်များစွာနဲ့ ဆက်လက် ရင်ဆိုင် တိုက်ခိုက်နေကြဆဲ ဖြစ်တာတွေ့ရမှာ ဖြစ်ပါတယ်။ သိသိသာသာ နယ်မြေ တိုးပြီးသိမ်းယူနိုင်တာ ဆုတ်ခွာပေးရတာမျိုး မတွေ့ရပဲ မြို့ရဲ့ အစိတ်အပိုင်းတွေကို ခွဲဝေ သိမ်းယူထားပြီး ဆက်လက် ရင်ဆိုင် တိုက်ခိုက်နေကြတဲ့ အနေအထားတွေ့ရပါတယ်။
ရေကြောင်းက တက်လာတဲ့ လက်နက်၊ ရိက္ခာ၊ လူ အကူအင်အားတွေ ရလာပြီးနောက် စစ်ကော်မရှင်ဘက်က အချို့သော အစိတ်အပိုင်းတွေ ပြန်လည်သိမ်းယူလာနိုင်တာ တွေ့ရပါတယ်။ သို့ပေမယ့် KIA တပ်တွေကို ဖယ်ရှားနိုင်လောက်တဲ့ အထိ အင်အားမရှိတဲ့ သဘောလည်း တွေ့ရသလို KIA ဘက်ကလည်း ဗန်းမော်ကို စစ်ရေးဗျူဟာအရရော စည်းရုံးရေး ရှုထောင့်အရပါ ဆက်ပြီးခုခံတိုက်ခိုက်နေဦးမယ့် အနေအထားလို့ မှန်းဆကြည့်မိပါတယ်။
စစ်ကော်မရှင် အနေနဲ့ ဗန်းမော်မှာ ခံစစ်နဲ့ အချို့ အနည်းအကျဥ်း ပြန်လည်သိမ်းယူဖို့ တိုက်ခိုက်နေစဥ်မှာပဲ ဖားကန့်၊ မြစ်ကြီးနား အထက်ဘက် လန်ဆယ် ဒေသတွေကို စစ်ကြောင်းထိုး တိုက်ခိုက်နေတာ တွေ့ရပါတယ်။ ဖားကန့်မြို့ရဲ့ နေရအချို့မှာသာ စခန်းအချို့ ကျန်ရစ်တဲ့ အနေအထားကနေ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အင်အား ထောင်ကျော် စစ်ကြောင်းနဲ့ ဖားကန့်ထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီး အခုအခါမှာ ဖားကန့်ထဲမှာ တိုက်ပွဲဖြစ်နေတဲ့ အနေအထားမျိုး ပြန်ရောက်လာပါတယ်။
စစ်ကော်မရှင် အနေနဲ့ ဖားကန့်ကို စစ်ကြောင်းထိုးရခြင်းကလည်း KIA အဖွဲ့ရဲ့ ဝင်ငွေရလမ်းကို ဖြတ်တောက်ဖို့ ကြိုးစားတဲ့ ရည်ရွယ်ချက် ပါရှိတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးမှာ ပြည်တွင်းစစ် ကျယ်ပြန့်စွာ ဖြစ်ပွားနေသလို ကချင်ပြည်နယ် ဖားကန့် ဒေသမှာလည်း အခါအားလျော်စွာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။ သို့ပေမယ့် ကျောက်စိမ်းထုတ်လုပ်မှုကတော့ ဘယ်လို အခြေအနေမျိုးမှာမှ ရပ်နားသွားခဲ့ခြင်း မရှိဘဲ တောက်လျှောက်ဆိုသလို တူးဖေါ်နေကြတာ ဖြစ်ပါတယ်။ ယခင် တူးဖေါ်ခြင်း မပြုဘဲ ချန်ထားခဲ့တဲ့ သင်္ချိုင်းလို မြေနေရာတွေကိုတောင် ကျောက်စိမ်းတူးလာကြတဲ့အထိ မြန်မြန်ဆန်ဆန် ငွေရမယ့် နေရာတွေကို တူးဖေါ်ကြတာ ဖြစ်ပါတယ်။
ကျောက်စိမ်း တူးဖေါ်မှုက ရရှိတဲ့ အခွန်အကောက်ကလည်း ပြည်တွင်းစစ်ရဲ့ အသုံးစရိတ် အဖြစ်နဲ့ အဖွဲ့အစည်း အသီးသီးက ကောက်ခံ သုံးစွဲနေကြတာဖြစ်ပါတယ်။
ကချင်ပြည်နယ်မှာ ကျောက်စိမ်းထက် နောက်စိတ်ဝင်စားစရာ ကောင်းတဲ့ တွင်းထွက်ကတော့ မြေရှားဖြစ်ပါတယ်။ မြေရှားအများအပြား ထွက်ရှိတဲ့ အထူးဒေသ (၁) တဝိုက်ကို ယမန်နှစ်အတွင်း KIA က တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။
ဒီဒေသကိုလည်း စစ်ကောင်စီဘက်က မကြာသေးခင် သီတင်းပတ်တွေအတွင်း ထိုးစစ်ဆင်လာနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခြုံငုံကြည့်ရင် စစ်ကော်မရှင် အနေနဲ့ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ အနက်က စီးပွားရေးအရလည်း အရေးကြီးတဲ့ ဒေသတွေကို ဦးစားပေး ထိုးစစ်ဆင်နေကာ တော်လှန်ရေး အင်အားစုတွေရဲ့ ဝင်ငွေလမ်းကြောင်းကို ဖြတ်တောက်ဖို့ ကြိုးပမ်းနေတာ အထင်အရှားတွေ့ ရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar