Breaking News

ကိုနီတွတ် - အားလုံး ပြည်သူ၊ ပြည်သူ အားလုံး

ကိုနီတွတ် - အားလုံး ပြည်သူ၊ ပြည်သူ အားလုံး

မိုးမခ ၊ စက်တင်ဘာ ၁၇ ၊ ၂၀၂၅


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အချက်အလက်များအရ အာဏာသိမ်း အကြမ်းဖက် စစ်တပ်သည် ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း ပြည်သူများကို မတရားဖမ်းဆီး ထိန်းသိမ်းခြင်း၊ အဓမ္မစုဆောင်း ပေါ်တာဆွဲခြင်း၊ ကလေးစစ်သားအဖြစ် အဓမ္မစေခိုင်းခြင်း၊ တရားမဲ့ သတ်ဖြတ်ခြင်း၊ အင်အားသုံး နေရပ်စွန့်ခွာစေခြင်း၊ အိုးအိမ်စည်းစိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးခြင်း စသဖြင့် ချိုးဖောက်ခဲ့မှုပေါင်း ၆၅၆ ခုအထိ ကျူးလွန်ခဲ့ပြီး သေဆုံးသူ ၂၂၅ ဦး ရှိခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုပေါင်း ၄၉၃ ကြိမ်၊ သေဆုံးသူ ၂၇၈ ဦး ရှိခဲ့သည်။ ထိုအထဲတွင် ၁၈ နှစ်အောက်ကလေး ၄၄ ဦး၊ အသက်အရွယ် ပိုင်းခြားမရသူ ၄၆ ဦး ပါဝင်ခဲ့သည်။ အရပ်သားပစ်မှတ်များ၊စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများကို အဓိကထားခဲ့သည်။စာသင်ကျောင်းပေါင်း ၁၅ ကျောင်း၊ ဆေးရုံ ဆေးခန်း ၆ ခုနှင့် ဘာသာရေး အဆောက်အအုံ ၃၆ လုံး ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

အထက်ဖော်ပြပါအချက်အလက်များမှာ သြဂုတ်လ တစ်လတည်းအတွင်းဖြစ်သလို မြန်မာပြည်အနှံ အကြမ်းဖက်တပ်၏ ကျူးလွန်မှုများ ဖြစ်သည်။ အထူးသဖြင့် စစ်မှုအထမ်းမနေရ အပတ်စဥ် ၁၆ အထိရှိလာပြီး နွေဦးတော်လှန်ရေးကြောင့် ပြုန်းတီးသွားသော စစ်ခွေးများနေရာတွင် ပစလူငယ်များကို အတင်းအဓမ္မ စုဆောင်း ပေါ်တာဆွဲခဲ့မှု့ကြောင့် ပြုန်းတီးအင်အား မည်မျှရှိပါစေ၊ လိုသလောက် အစားထိုးရလာနိုင်၍ ခံစစ်အသေမှ ထိုးစစ်ဗျူဟာသို့ ပြောင်းလဲလာမှုကြောင့်ဟု ဆိုနိုင်သည်။

နောင်ချို၊ သပိတ်ကျင်း၊ ဒီးမောဆိုးတို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် တရုတ်နိုင်ငံ၏ မြန်မာ့အရေးတွင် မင်းအောင်လှိုင်ကို ပေါ်ပေါ်ထင်ထင် ကူညီပေးနေမှုကြောင့် နွေဦးတော်လှန်ရေးဘက်မှ အနည်းငယ် အားနည်းသွားသလို ဖြစ်ခဲ့ရသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့အနီး သင်္ကန်းညီနောင်စခန်းကိုလည်း လောလောလတ်လတ် ရယူသွားခဲ့ပြန်ရာ ဤအချက်များကိုကြည့်၍ တော်လှန်ရေးဖက်မှ အသိ၊သတိများ၊ပြင်ဆင်ပြုပြင်စရာများ ရှိဖို့ အထူးလိုအပ်နေသည်မှာ ငြင်း၍မရပါ။ ပေါ့ပေါ့တွေး ရေးရေးမမြင် လွယ်လွယ်လုပ်နေကြလျှင်  ဤတော်လှန်ရေးကြီးသည် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်၊ အစကောင်းခဲ့သလောက် အနှောင်းမသေချာ  တဖြည်းဖြည်း နောက်ဆုတ် ဆုတ်နေရမည်မှာ မြေကြီးလက်ခတ်မလွဲပါတည်း။

အရပ်ရပ် စစ်မျက်နှာများကိုလည်း အလုံးအရင်းဖြင့် အသေခံ ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အပြင် ဖြတ်လေးဖြတ် လုပ်လာနေသည်။ ပြည်တွင်းမှာသာမက ပြည်ပသွင်းကုန်များကိုလည်း ပိတ်ပင်လာသည်။ လုံးဝမှောင်ခိုလမ်းပင် မသွင်းရ။ တော်လှန်ရေးကာလဖြစ်၍ ပြည်သူများ အေးဆေးစွာ စိုက်ပျိုး စားသောက်ခွင့်လည်း ရနေသည် မဟုတ်။ အားလုံး ကျီးလန့်စာစား ဘဝများ ဖြစ်လာနေသည်။ အချို့စစ်ရှောင်နေရာများတွင် အစာရေစာ ပြတ်လတ်လာသည်ကို တွေ့နေရသည်။ ဤသည်မှာ ကြာရှည်ဖြစ်၍ရကောင်းသည် မဟုတ်။ ယခုဆို စစ်ဘေးရှောင်ဦးရေ ၁၆.၃သန်းကျော်လာနေပြီ။ ကမ္ဘာအငတ်မွတ်ဆုံး နိုင်ငံအဆင့်တွင်လည်း အဆင့် ၅ ဟူ၏။ အချို့နေရာများဆို အထူးသဖြင့် အညာစစ်ဘေးရှောင်များအတွက် အရာရာစိန်ခေါ်မှု ကြီးကြီးများသာတည်း။

၅ နှစ်ထဲ ရောက်လာပြီဖြစ်သော နွေဦးတော်လှန်ရေးကလည်း ယခုထက်ထိ တပေါင်းတစည်းတည်း စုစည်း၍မရသေး။ EROs တပ်များအချို့ကလည်း တရုတ်ကျွန်လုံးလုံးဖြစ်သွားသည်။ အပြင်ပန်းမှာတော့ မြန်မာပြည်နယ်မြေ။ အချို့အဖွဲ့မှာ တရုတ်ဖိအားကို တောင့်ခံတော်လှန်နေသည်။ တရုတ်ဖိအား မလွန်ဆန်နိုင်၍ ဘာမှမကူညီနိုင်တော့ကြောင်း တရုတ်အလိုကျ ထုတ်ဖော်လာသည့်အဖွဲ့လည်း ရှိသည်။ တော်လှန်ရေးတွင် အစကတည်းက လုံးလုံးမပါဝင်သောအဖွဲ့ရှိသလို ပေါ်ပေါ်ထင်ထင် မအလ လူယုတ်မာနှင့်ပေါင်း၊ပြည်သူများကို အနိုင်ကျင့် နှိပ်စက် သတ်ဖြတ်နေသည့်အဖွဲ့လည်း ရှိသည်။ နွေဦးတော်လှန်ရေး ကနဦးက သူ့ကိုယ့်သူ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ချင်သူဟု အကြွားပိုခဲ့ပြီး တီကောင် ဖြစ်သွားသည့်အဖွဲ့ ရှိသလို လက်နက်ကိုင်ဆောင် တော်လှန်ရေးကိုဗန်းပြ ကိုယ်ကျိုးစီးပွားရှာ အမြတ်ထုတ်နေသည့် အညာဒူးဘိုင်းတို့၊ အသားပေါတာစီဘီကြက် မယားပေါတာ PDFs တို့ကလည်း ဆူးငြောင့်ခလုတ်များအဖြစ်။ ဘယ်ဘက်ကိုမှ မကူပါဟု လူစကားပြောခဲ့သော်လည်း စစ်ခွေးတပ်ကို လမ်းပြ မိတ်ဖက်တပ်များကို နောက်ကျောက ဓားနဲ့ထိုးသည့် ခွေးကျင့်ခွေးကြံ လုပ်နေသည့်အဖွဲ့တွေလည်း တွေ့ရသည်။ NUGကို  ကြားကာလ ယာယီအစိုးရအဖြစ် အသိအမှတ်ပြုသော်လည်း MOD အောက်မဝင် ဖောင်းထု ဘေးထိုင်ဘုပြော အဖွဲ့များကလည်းရှိနေသည်။ တော်လှန်ရေးတပ်များ ခဲယမ်းရှားပါးမှုကို အမြတ်ထုတ် ဈေးတင်ရောင်းသည့်အဖွဲ့ကလည်း အတ္တကြီးလှပါပေ့။

တော်လှန်ရေးအဖွဲ့များ၏ သူတလူ ငါတမင်း၊ EROs တပ်များ၏ မိမိတို့နယ်မြေရလျှင် တော်ပြီဟုသော စိတ်ကူးအလွဲ၊ လက်နက်ကိုင်ဆောင်ထားသော်လည်း စစ်ခွေးတပ်ကို ထိုးစစ်မဆင်တော့သည့်တပ်များ၊၊ MOD လက်အောက်ဝင်ရန် ငြင်းဆန်နေသော အဖွဲ့များ၊ တော်လှန်ရေးတပ်အချင်းချင်း နားလည်မှုမပေးနိုင်သောတပ်များ၊ မိမိတို့ လူမျိုးစု တပ်အချင်းချင်း အငြင်းပွားနယ်မြေလုနေသည့် တပ်များ၊ မိမိတို့လူမျိုးစုတူ တပ်များကို လုံးဝမတိုက်ခိုက်ဟု ဆုံးဖြတ်ထားသော EROs တပ်များ (သို့သော် ထိုတပ်များသည် နောက်ကျောကို ဓားနဲ့အထိုးခံနေရသည်)၊ EROs တပ်များ၊PDFs တပ်များ စုပေါင်းစခန်းသိမ်းတိုက်ပွဲ ဖော်ဆောင်နေသော်လည်း  ကျရာတာဝန်တစ်ခုခုကို ထမ်းဆောင်ရန် မသိဟန်ဆောင်နေသည့်အဖွဲ့များ၊ မိမိတို့နယ်မြေထဲ လက်နက်ခဲယမ်း လိုအပ်ချက်ကြောင့် လာရောက်ဝယ်ယူနေသော PDFs များကို ဖမ်းဆီးထားသော EROs တပ်များ၊EROs တပ်အချင်းချင်း နယ်မြေလု တိုက်ခိုက်မှုများ စသည်ဖြင့် နွေဦးတော်လှန်ရေး အမြန်ပြီးရန် အဟန့်အတားဖြစ်နေသည့်အပြင် ဆောင်းပါးအစတွင် ဖော်ပြခဲ့သော အဖြစ်အပျက်များ၊ နစ်နာမှုများ ဖြစ်ဖို့ချည်းနှင်နှင်ပင်။မျောက်ကိုထမ်းပိုးတပ်သလို အလွဲများက မီးခိုးမဆုံး မိုးမဆုံး။

ယခုဆိုလျှင် တရုတ်အားကိုး မအေယိုးကား ရှီကျင်ဖျင်ဘောကို မရွံမရှာ မ နေရင်း ၊အချုပ်အချာအာဏာပိုင် မြန်မာနိုင်ငံမှသည် ပဏ္ဏာဆက်နိုင်ငံအဖြစ် သူ့အာဏာ လက်မလွတ်ရရေးအတွက် လုပ်ချင်ရာ လုပ်နေချေပြီ။ မြန်မာပြည်သူများ၏ အသည်းနှလုံး၊ ရာဇဝင်ထဲက သတိုးသမီး၊ ငါတို့ရဲ့မိခင် ဧရာဝတီ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနက်စီမံကိန်း သဘာဝဓာတ်ငွေ့ကိစ္စ၊ ယူနန်- ကျောက်ဖြူ မီးရထားလမ်း တို့ကို ရှီကျင်ဖျင် အလိုကျ ခေါင်းညိတ်လာခဲ့ချေပြီ။ ဟိုင်းကြီးကျွန်းလည်း မြန်မာပိုင်လော၊ တရုတ်ပိုင်လော။ ထားဝယ်ရေနက်ဆိပ်ကမ်းကိုလည်း ရုရှားထံ ထိုးအပ်ထားသည်။၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပြည်သူအလိုမရှိသော အားလုံးဝိုင်းဝန်းကန့်ကွက်နေသော ရွေးကောက်ပွဲကို ကျင်းပရန် အတင်းစီစဥ်နေသည်။ မဖြစ် ဖြစ်အောင်.ကျင်းပနိုင်ရန် မတော်မတရား တစဦးတည်းသဘော ဥပဒေမမြည်၊ စည်းကမ်းမကျသော အကြောက်တရားပေးနေမှုများကိုလည်း ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲ ဖြစ်မြောက်ရန် ကြံ့ဖွတ်၊ မဘသ၊ ပျူခွေး၊ ရဲခွေး၊ စစ်ခွေး၊ Non-Cdms ဝန်ထမ်းများ၊ပုလင်းတူဘူးဆို့ ပါတီများ ပူးပေါင်း၍ အကောက်ကျစ်ဆုံး အယုတ်မာဆုံး နည်းလမ်းများ သုံးနေကြသည်။ NLD၊ SLND ၊ ALD စသည့် အင်အားကြီးဒီမိုကရေစီပါတီများပါလျှင် မနိုင်နိုင်မှန်းသိ၍ မှတ်ပုံအတင်မခံဘဲ ပါတီများကို ဖျက်သိမ်းနေသည်။ အသက်ကြီးသော်လည်း အချိန်မစီးသော မတရားမှုနောက်ကွယ်က လက်မည်းကြီးပိုင်ရှင် ခင်ရီကိုယ်တိုင်ကပင် NLD ခေတ်ကုန်ပြီ၊ မရှိတော့ဟု လူသိရှင်ကြား ပြောနေသည်။ ငှက်ဆိုးထိုးသံဖြင့် ဗျိုးဟစ်နေသည်။ မဲထည့်ရန် မလို၍ မဲမထည့်လိုသော ပြည်သူများကို အကြောက်တရား၊ ရက်စက်ကြမ်းကြုတ်မှု၊ ခြိမ်းခြောက်မှု၊ အနိုင်ကျင့်သတ်ဖြတ်မှုတို့ဖြင့် ဟိန်းဟောက်နေကြသည်။ ဘယ်သူသေသေ ငတေမာလျှင် ပြီးရော ဆိုသည်မှာ သူတို့၏ လက်ကတုံး တောင်ဝှေးပင် ဖြစ်လို့နေသည်။ ၄င်းမှာ စစ်တပ်သည် ၄င်းတို့၏ အာဏာတည်မြဲရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေးသာ ဖြစ်သည်။ ယခင်အစိုးရလက်ထက်က လွတ်တော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းခဲ့မှုများကို အစိပ်သား ပုဇွန်ဦးနှောက် အခိုင်းခံများက ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို ငြင်းပယ်ခဲ့သည်ကို မေ့ကြဦးမည် မထင်။ ယခုတော့ လွတ်တော်လည်းမရှိ၊ လွတ်တော်ကိုယ်စားလှယ်လည်း မပါဘဲ သူတို့၏ အတုအယောင် ရွေးကောက်ပွဲကို ဇွတ်အတင်းပြုလုပ်နိုင်ရန် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအချို့ကို ပြောင်းလဲခဲ့သည်။ ထူး၏၊ ထွေ၏၊ ဆန်း၏။ အံ့သြစရာချည်း အမှန်ပေါပါသတည်း။

ယခုကဲ့သို့ မအလနှင့် လူမိုတ်တစ်အုပ် လုပ်ချင်သလို လုပ်ခွင့်ရှိနေသော အခြေအနေ၊ တရုတ်၊ ရုရှား၊ အိန္ဒိယတို့က ရွေးကောက်ပွဲကို ထောက်ခံသလိုရှိလာသည့် သဘောတရားများသည် ကျွန်တော်တို့ နွေဦးတော်လှန်ရေးတပ်များ မညီညွတ်မှုကြောင့်ဟု ဆိုပါက အပြစ်တင်စောသည်ဟု မထင်ကြစေချင်ပါ။ မပြေးသော် ကံရာရှိ နေသည်။ အမှန်တရားက ခါးပါသည်။ KIAဒုဗိုလ်ချုပ်ကြီးဂွမ်မော်၊ AA တပ်တော်ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့သည်လည်း မိမိတို့နိုင်ငံရေးရည်မှန်းချက်များကို လျှော့၍ လက်တွဲတိုက်နေသည်၊ အစီအမံများ ပြုလုပ်လာနေသည်။ သူတစ်လူ ငါတစ်မင်းတိုက်ခိုက်နေခြင်းထက် လက်တွဲတိုက်ခိုက်မှုများက အောင်မြင်နိုင်ကြောင်း မင်းတပ်မြို့သိမ်းတိုက်ပွဲ၊ 1027 operations၊ အညာဒေသ စခန်းသိမ်းတိုက်ပွဲများက လတ်လတ်ဆတ်ဆတ် သက်သေတွေရှိနေသေးသည်။ ဆီးရီးယားတော်လှန်ရေးကလည်း လမ်းပြထားသည်။

လောလောဆယ် NUG အမျိုးညီညွတ်ရေးအစိုးရ ရှိနေသည်။ NUCC ရှိသည်။ CRPH တို့ ရှိနေသည်။သမ္မတကြီးဒူဝါလရှီလကလည်း အမျိုးမျိုး တိုက်တွန်းနေသည်။ ဆရာကြီးဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ကိုမင်းကိုနိုင်၊ ဒေါက်တာတေဇာဆန်း အစရှိသူတိူ့ကလည်း မနေမနား စည်းရုံးရေးဆင်းနေသည်။ တပ်တည် တပ်လှုပ် စီမံနေကြသည်။ ညီညွတ်ရေးတရား ဟောပေးနေကြသည်။ ဦးကျော်မိုးထွန်းကလည်း ကုလသမဂ္ဂတွင် အဆက်မပြတ် ပြည်သူ့အသံ ထွက်ပေးနေသည်။ပြည်တွင်း ပြည်ပ အလှူရှင်များကလည်း တွန်းအားပေးနေသည်။ တော်လှန် CDMs ဝန်ထမ်း အလွှာအမျိုးမျိုးကလည်း တောင့်ခံတွန်းလှန်နေဆဲ။ အနုပညာရှင်များ၏ တော်လှန်ရေး ရန်ပုံငွေ ရှာဖွေပေးနေမှုကလည်း အံ့မခန်း။ EROs တပ်အချို့ကလည်း မိမိတို့၏ နယ်မြေလွတ်မြောက်ရုံနှင့် တော်လှန်ရေးမပြီးသေးမှန်း သဘောပေါက်လာကြသည်။ ထိုအထဲတွင် ဗမာPDFs လူငယ်များ များစွာ ပါဝင်နေသည်။ ပြည်သူပြည်သားများကလည်း ပေါင်းစည်းတိုက်ပွဲဝင်ကြရန် တောင်းဆိုနေကြသည်။ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရန် မိမိတိူ့နယ်မြေအလိုက် ပဋိဉာဏ်များကို ရေးဆွဲပြီးသူက ပြီးနေလေပြီ။ အာဏာရှင်အဆက်ဆက်တို့၏ ဗမာလူမျိုးကြီးဝါဒအတွက်လည်း တောင်းပန် ကျေအေးခဲ့ကြပြီ။ ဘာလိုသေးသနည်း။ သွေးအေးနေခြင်းသည် ရွံရှာစရာကောင်းကြောင်း သိသင့်လောက်ပြီ။

အမှန်တကယ် လက်နက်တွေသာ ကိုင်နေကြသည်။ အဖွဲ့များ မတူတာသာ ရှိသည်။ ဘုံရည်မှန်းချက်ကား အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး၊ အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးများတည်းဟူသော ဘုံသဘောတူချက်များ။ ထိုလက်နက်ကိုင်များသည် ပြည်သူထဲကထွက်ပေါ်လာသော လက်နက်ကိုင်ပြည်သူများ၊ လက်နက်မကိုင်သော ပြည်သူများ စသဖြင့် တမြေတည်းနေ တရေတည်းသောက် သည်မိုး သည်မြေ သည်ပြည်သူတွေသာတည်း။

ဆုံးဖြတ်စိတ်တူ၊ပြည်သူအားလုံး

 စုပေါင်းရုန်း၍၊နောက်ဆုံးအချီ

 လက်တွဲညီလော့၊မင်း ငါ ပြည်သူ

ပြည်သူစုပေါင်း၊ဤလမ်းကြောင်းဖြင့်

သောင်းသောင်းဖျဖျ တိုက်ကြစို့။

သည်ပြည်သူညီလျှင် အဘယ်မင်းကတောင့်ခံနိုင်ပါမည်နည်း။

 ငါတို့နေ့သစ်ကို  

ငါတို့ကိုယ်တိုင်ဆွတ်ယူမယ်

ဟေး  အမှန်တရား

မကြောက်တရားတို့ ထွန်းပစေ

တရားကို.နတ်ဒေဝါများ စောင့်ရှောက်ပါစေ

မိစ္ဆာဝါဒီများ ကျဆုံးပါစေ။

(ပီ မွန်သော်)            



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar