Breaking News

ခက်ခဲကျပ်တည်းလွန်းတဲ့ ဘဝတွေကို အရှုံးပေးသူတွေ များလာ

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၆ မြင်ကွင်း

မိုးမခ ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅

ခက်ခဲကျပ်တည်းလွန်းတဲ့ ဘဝတွေကို အရှုံးပေးသူတွေ များလာ 

နေ့စဥ်ရှင်သန်စားသောက်ဖို့ မိသားစုကိုဝလင်အောင် ကျွေးမွေးဖို့ ခက်ခဲကျပ်တည်းလွန်းလာတဲ့ အခြေအနေမှာ ဘဝကိုလက်မြှောက်အရှုံးပေးသူတွေ တနေ့တခြားများလာနေတာ သတင်းဖော်ပြမှုတွေမှာ တွေ့လာနေရပါတယ်။ အဆုံးစီရင်မှု တနည်း မိမိကိုယ်ကိုယ်သတ်သေမှု အများစုက တဦးချင်း အဆုံးစီရင်တဲ့ ဖြစ်ရပ်တွေဖြစ်ပေမဲ့  အချို့သောဖြစ်ရပ်တွေမှာတော့ မိသားစုကိုရှာဖွေကျွေးမွေးရတဲ့ မိဘဖြစ်သူတွေက သားသမီးတွေကိုပါ တပါတည်းသေဆုံးဖို့ အဆိပ်ခတ်ပြီး မိဘရော သားသမီးပါ အဆုံးစီရင်တဲ့ အဖြစ်အပျက်တွေအထိ ဖြစ်ပွားလာနေတာ တွေ့ရပါတယ်။

ခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ ငမိုးရိပ်ချောင်းကို ဖြတ်ကူးဆောက်လုပ်ထားတဲ့ ဘေလီတံတား၊ ပုစွန်တောင်ချောင်းကို ဖြတ်ပြီးဆောက်လုပ်ထားတဲ့ သင်္ဃန်းကျွန်းမြို့နယ်ထဲက တံတားတွေကနေ ရေထဲခုန်ချပြီး အဆုံးစီရင်တဲ့ အဖြစ်အပျက်တွေ ခပ်စိပ်စိပ် ဖြစ်ပွားလာနေတာ ကြားသိနေရတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာတင် သီတင်း ၂ ပတ်ဝန်းကျင် အတွင်း မိမိကိုယ်ကိုယ် အဆုံးစီရင်မှု အနည်းဆုံး ၃ ခုလောက်ဖြစ်ပွားခဲ့တာပါ။ အလုပ်လုပ်ကိုင်နိုင်တဲ့အရွယ်အမျိုးသမီးတဦး၊ အမျိုးသားနဲ့ အမျိုးသမီး စုံတွဲ တတွဲနဲ့ အမျိုးသားတဦးတို့ မြစ်ထဲ ခုန်ချတာ၊ ကြိုးဆွဲချ သတ်သေတာတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းဖော်ပြမှုတွေအရ သိရပါတယ်။ 

ပြည်တွင်းစစ်မီးတောက်လောင်နေတဲ့ မြန်မာနိုင်ငံမှာ သောင်း၊ သိန်းနဲ့ချီတဲ့ စစ်ဘေးတိမ်းရှောင်သူတွေ မြို့ကြီးတွေမှာ လာရောက်နေထိုင်နေကြရတာဖြစ်ပြီး ဝင်ငွေရတဲ့အလုပ်အကိုင်အခွင့်အလမ်း က ယခင် ပြည်တွင်းစစ်မီးမတောက်လောင်မီကနဲ့ နှိုင်းယှဥ်ရင် သိသာစွာကျဆင်းလာနေချိန်မှာ အခုလို စစ်ဘေးရှောင်သူတွေကမြို့တွေမှာ ယာယီခိုလှုံပြီး ရှင်သန်နေထိုင်နိုင်အောင် ကြိုးပမ်းနေကြရတာ ဖြစ်ပါတယ်။ 

ရန်ကုန်မြို့ ၊ မန္တလေးမြို့၊ တောင်ကြီး၊ ပုသိမ်၊ မော်လမြိုင် အစရှိတဲ့ မြို့တွေကို စစ်ပွဲဖြစ်ပွားနေတဲ့ဒေသတွေက နီးစပ်ရာမြို့တွေဆီ ခိုလှုံလာကြတာ ဖြစ်ပါတယ်။ ဥပမာပြရရင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းနဲ့ ကရင်နီ (ကယား) ပြည်နယ်တို့က စစ်ဘေးရှောင်သူတွေက တောင်ကြီးမြို့လိုဆီကို တိမ်းရှောင်ကြသလို၊ ကချင်ပြည်နယ်၊ ရှမ်းမြောက် နဲ့ မန္တလေးတိုင်းအထက်ပိုင်း၊ စစ်ကိုင်းဒေသက သူတွေက မန္တလေးမြို့ကို တိမ်းရှောင်နေထိုင်ကြတာ တွေ့ရပါတယ်။ ရခိုင်ပြည်နယ်က တိမ်းရှောင်သူတွေကတော့ ဧရာဝတီတိုင်း ပုသိမ်၊ ရန်ကုန် စတဲ့မြို့တွေဆီ တိမ်းရှောင်နေထိုင်ကြတာ ဖြစ်ပါတယ်။ 

အထက်ကလို စစ်ပွဲတွေဖြစ်ပွားရာဒေသက သူတိုင်းတော့ တမြို့တရွာဆီ ရှောင်တိမ်းနိုင်ကြတာတော့ မဟုတ်ပါဘူး။ မြို့နဲ့ အဆက်အစပ်မရှိသူ၊ အကူအညီပေးနိုင်တဲ့ ကြည့်ရှုစောင့်ရှောက်ပေးနိုင်တဲ့ ဆွေ မျိုးသားချင်းမရှိသူတွေ၊ ငွေကြေးမတတ်နိုင်သူတွေက ဘယ်လိုအခြေအနေဖြစ်ပါစေ ၄င်းတို့ဒေသမှာပဲ လှည့်ပတ်ရှောင်တိမ်းကာ အသက်ဘေးလွတ်အောင် နေထိုင်နေကြရတာလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တိမ်းရှောင်ခြင်းမပြုနိုင်တဲ့ မြို့ခံအများအပြား ဆက်လက်နေထိုင်နေရဆဲဖြစ်ပါတယ်။ စစ်ပွဲပြန်လည် ဖြစ်ပွားကတည်းက အသွားအလာ ပိတ်၊ ကုန်စည်တင်သွင်းမှု ပိတ်ပင်ခံရတဲ့ရခိုင်ပြည်နယ်၊ တနေရာနဲ့ တနေရာ ကူးလူးသွားလာခွင့် တင်းကြပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ ကုန်ပစ္စည်းစျေးနှုန်းတွေက မတန်တဆကြီးမြင့်နေပြီး အခုလိုအခြေအနေအောက်မှာ အလုပ်အကိုင်အခွင့်အလမ်းကလည်း သိသိသာသာ လျော့ကျသွားတာကြောင့် ရှင်သန်နေထိုင် ဖို့ ခက်ခဲနေတဲ့ မြို့တွေထဲ စစ်တွေလည်း အပါအဝင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်မှာ စစ်တွေမြို့ မင်းဂံရပ်မှာ သားသမီး ၃ ဦးနဲ့ မိဘ ၂ ဦး စုစုပေါင်း ၅ ဦး အဆုံးစီရင်ခဲ့ကြပါတယ်။ သားသမီး ၃ ဦး စားသောက်မယ့် ဆန်ပြုတ်ထဲ အဆိပ်ခပ်ပြီးနောက် မိဘဖြစ်သူတွေလည်း ကြိုးဆွဲချအဆုံးစီရင်ခဲ့ကြတယ်လို့ သတင်းဖေါ်ပြချက်အရသိရပါတယ်။ အဆိုပါမိသားစုဟာ ထမင်းပုံမှန် စားနိုင်ဖို့ အခက်အခဲတွေ ကြုံတွေ့ရတဲ့နောက် ဖခင်နဲ့ မိခင်ဖြစ်သူက အခုလို ဆုံးဖြတ်ကာ လုပ် ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ စစ်တွေမြို့ကို စစ်တပ်က ပိတ်ဆို့ထားတာ ၁ နှစ်ခွဲ ကျော်ရှိလာပြီး ကုန် စည်တင်သွင်းမှုကို စစ်တပ်ကကန့်သတ်ထားသလို စစ်တွေမြို့ကနေ ထွက်ခွာခွင့်၊ လာရောက်ခွင့်ကိုပါ လေကြောင်းလိုင်းနဲ့ သာဝင်ထွက်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အထက်ပါအဖြစ်အပျက်မတိုင်ခင် ယခုနှစ် မေလကလည်း စစ်တွေမြို့ မူဆလင်ဒုက္ခသည်စခန်းက မိသားစုတွေ အဆုံးစီရင်ခဲ့တဲ့အဖြစ်အပျက်တခု ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။ 

ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်း၊ ဖလှယ်ခြင်းနဲ့ နယ်စပ်ကုန်သွယ်ရေးဆိုင်ရာအမိန့်တွေ မူဝါဒတွေကို အာဏသိမ်းစစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ ပုံမှန် အခြေအနေမှာ ရခိုင်ပြည်နယ်ကထွက်ရှိတဲ့ကုန်ပစ္စည်းတွေကို အခြားတိုင်းနဲ့ ပြည်နယ်တွေကို ရေလမ်း ကုန်းလမ်းတို့ကနေ တင်ပို့ဖလှယ်ခဲ့ကြပေမယ့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာကတည်းက စစ်ကောင်စီကပိတ်ဆို့လိုက်ပြီး ၄င်းတို့ ခွဲတမ်းနဲ့ ရောင်းချပေးမယ့် ကုန်စည်၊ ရိက္ခာ နဲ့ လောင်စာဆီပမာဏကိုသာ ပို့ဆောင်ခွင့်ပြုတော့တာ ဖြစ်ပါတယ်။ ရခိုင်ဒေသက စိုက်ပျိုးထွက်ရှိတဲ့ဆန်စပါးကိုလည်း အခြားဒေသတွေဆီ ရောင်းချဖို့ ခက်ခဲနေသလို ငါးဖမ်းခွင့်လည်း ကန့်သတ်ထားတာကြောင့် ဒေသတခုလုံးမှာ စီးပွားရေး အကျပ်အတည်း လုံခြုံရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့အနေအထား ဖြစ်ပါတယ်။ ဒီအခြေအနေတွေက မိသားစုလိုက်အဆုံးစီရင်တဲ့ အဖြစ်အပျက်တွေကို ဖြစ်ပေါ်စေခဲ့တာလို့ ကောက်ချက်ချရင် မှားမယ် မထင်ပါဘူး။ 

ရခိုင်ပြည်နယ်လို နယ်မြေတခုလုံးကို ကုန်သွယ်ရေး ပိတ်ဆို့ကန့်သတ်ထားခြင်း မခံရတဲ့ မြန်မာနိုင်ငံရဲ့ အခြားဒေသတွေမှာလည်း ထိုင်းနယ်စပ်ကုန်သွယ်ရေးပိတ်ဆို့တဲ့လုပ်ဆောင်မှု၊ မြန်မာနိုင်ငံထဲ ရောက်ရှိပြီးသား ထိုင်းကုန်စည်တွေကို လမ်းတလျှောက် စစ်ဆေးဖမ်းဆီးမှု၊  ပြည်ပ ကုန်စည်တင်သွင်းမှု လိုင်စင်ကန့်သတ်ချက် စတာတွေကြောင့် ပြည်တွင်းမှာ ကုန်ပစ္စည်းစျေးနှုန်းတွေ ကမောက်ကမ ဖြစ်နေတာပါ။ စစ်အာဏာသိမ်းမှုကြောင့် နကိုကတည်းက ဆုတ်ယုတ်လာနေတဲ့ ကုန်ပစ္စည်းထုတ်လုပ်မှု၊ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုတွေအပေါ်  နယ်စပ်ကုန်သွယ်ရေးနဲ့ ရေကြောင်းကုန်သွယ်ရေးမှာပါ နိုင်ငံခြားငွေ သုံးစွဲမှု လျော့နည်းအောင် ပိတ်ဆို့ကန့်သတ်မှုတွေက ကုန်ပစ္စည်းစျေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်စေသလို နိုင်ငံတွင်း ကုန်စည်သယ်ဆောင်ရာမှာလည်း စစ်ကော်မရှင်တပ်တွေအပါအဝင် လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးက အခွန်အကောက် ကောက်ခံတာ၊ အချိန်အခါမရွေး ထိခိုက်ပျက်စီး သေဆုံးနိုင်တဲ့ အန္တရာယ်တွေက ကုန်စည်သယ်ဆောင်ခ မကြုံဖူးလောက်အောင် မြင့်မား လာစေတဲ့ ဝန်ကို ဝယ်ယူသုံးစွဲသူတွေက ကျခံကြရတာ ဖြစ်ပါတယ်။ 

နေရာနဲ့အဆင့်အတန်းပေါ် မူတည်ပြီး လက်ဖက်ရည်တခွက် အနည်းဆုံး ကျပ် ၁ ထောင်ကနေ ၂၅၀၀၊ ထမင်းတနပ် ကျပ် ၄၀၀၀/၅၀၀၀ အထိရောက်လာတဲ့နေ့စဥ်အစားအသောက်စျေးနှုန်းတွေက အလုပ်အကိုင် ရှာဖွေရ ခက်ခဲလာတဲ့ မိသားစုတွေကို စိတ်ထွက်ပေါက် မရှိအောင် ဖိစီးစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လူငယ်တွေအဖို့ စစ်မှုမထမ်းမနေရ ဥပဒေရဲ့ ခြိမ်းခြောက်မှုဒဏ်၊ လက်ရှိအချိန် ဆွဲခေါ်ခြင်းမခံရသည့်တိုင် အိမ်ထောင်စုတွေအလိုက် လစဥ်စစ်မှုထမ်းကြေး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ လာဘ်ပေးသလိုပေးနေရတာတွေက မြန်မာနိုင်ငံက ပြည်သူလူထုအဖို့ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ အဘက်ဘက်က ဖိအားတွေဖြစ်စေပြီး အခုလို ကြံရာမရတဲ့အဆုံး အဆုံးစီရင်မှုလမ်းကို ရွေးချယ်ရတဲ့အခြေအနေတွေကို ဖြစ်စေတာလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ 

ပြည်သူလူထုအနေနဲ့ အချင်းချင်း ကူညီဖေးမတဲ့နည်းလမ်းနဲ့ ရင်ဆိုင်နေရတဲ့ ဒုက္ခ၊ အကျပ်အတည်း၊ ဖိစီးမှုတွေကိုကျော်ဖြတ်ကြဖို့ အားပေးလိုသည့်တိုင် လက်တွေ့မှာ ကိုယ်တိုင်ခံစားနေကြရသူတွေ ရဲ့ ဆိုးရွားလှတဲ့အခြေအနေ အခက်အခဲတွေက အတားအဆီးတွေဖြစ်နေတယ်လို့ဆိုရမှာ ဖြစ်ပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar