မောင်ဘဦး - မျိုးတုံးတော့မည့် ကြံ့ နှင့် ငပု
မောင်ဘဦး - မျိုးတုံးတော့မည့် ကြံ့ နှင့် ငပု
မိုးမခ ၊ စက်တင်ဘာ ၃၀ ၊ ၂၀၂၅
တနေ့သ၌ မောင်ဘဦးသည် ကမ္ဘာ့ပေါ်ရှိ ကြံ့များအကြောင်းကို ဂူးဂဲမှာ ရှာဖွေရင်း၊ ဘာသာမပြန်ဆိုတတ်သည့် စာကြောင်းလေးများကို ဂူဂဲထရန်စလိတ်ဖြင့် ဘာသာပြန်ဆိုကာ ဖတ်ရှုလေ၏။
အဆိုပါ ဘာသာပြန်က (ရိုင်နိုစ်- ကြံ့)ကို 'အာရ် ဝင်နိုး'(Rwinos) ဟု မည်တွင်သညာ ဘာသာပြန်၍ ပေးထားလေ၏။ အရှင်လတ်လတ် ဘဝအပြောင်းခံရသည့် သနားစရာမကောင်းသော 'ကြံ့' ပါတကား။ ကြည့်ပါလေ။
"Rwinos သည် ကမ္ဘာပေါ်တွင် အလွန်အမင်း မျိုးသက်သက်သာ ရှိသော မျိုးစိတ်များအနက်မှ တစ်ခု ဖြစ်သည်။"
"ကြံ့ ဦးချိုနှင့် ကျက်စားရာနေရာ ဆုံးရှုံးမှုကို ကျော်လွှားခြင်းသည် ကြောက်မက်ဖွယ်ကောင်းသောကတည်းက ကြံ့လူဦးရေကို ဖျက်သိမ်းလိုက်သည်။"
ဟုတ်ပေလိမ့်မည်။ (ထိရစ္ဆာန်ဥယျာဉ်တွေထဲက ကြံ့ကို အယဉ် ဟု သမုတ်ပါလျှင်၊) ယခုခါတွင် ကြံ့ အရိုင်းမှာ သာသာထိုးထိုး စုစုပေါင်းကြည့်မှ နှစ်သောင်းလောက်သာ ကျန်တော့မည်။
တကယ်တမ်း၊ 'စုစု'တောင် မပေါင်းချင်။ ထီးလေးတစ်ချောင်း၊ စားအုန်းဆီလေး တလီတာမဲ့မဲ့ ရရုံမျှဖြင့်၎င်း၊ ငါးထောင်လောက်သော ငွေစလေး ရရုံမျှဖြင့် လည်းကောင်း၊ တစ်သောင်းတန် ငွေစက္ကူ အတုလေးတရွက် ရရုံမျှဖြင့် လည်းကောင်း၊ မောင်ဘဦးတို့၏ တန်ဖိုးမဖြတ်နိုင်သော၊ လောကီလောကုတ် ဘက်ပေါင်းစုံမှ လေးစားအားကျ စံနမူနာယူထိုက်လှသော၊ ကျေးဇူးရှင်မိခင်ကြီး အမေစုကို မုဆိုးမကြီးဟု တမျိုး၊ ဗုဒ္ဓဘာသာဝင် မဟုတ်သလိုလိုက တဖုံ၊ မျိုးစုံအောင်၊ ၎င်းကြံ့ အပေါင်းက ဆဲဆိုပြောဆိုခဲ့ကြ၊ ပြောဆိုနေကြ၍ ဖြစ်သည်။ ထို့ပြင်တဝ၊ မောင်ဘဦးတို့၏ မိခင်ကြီးကို ၎င်းကြံ့ ခေါ် စစ်အုပ်စုမှ၊ နှစ်ရှည်လများ ထောင်သွင်း အကျဉ်းချထားသောကြောင့် ဖြစ်သည်။ ဆက်လက်၍ ဘာသာပြန်ကြည့်ပါဦးမည်။
"ကြံ့ချိုသည် တရုတ်နှင့် ဗီယက်နမ်နိုင်ငံများတွင် အများအားဖြင့် အနက်ရောင်ဈေးကွက်တွင် ရောင်းရန် ဖြစ်သည်။"
ဪ... ၎င်း ကြံ့တို့သည်ကား စိနပြည်ကြီး အကျိုးစီးပွားအတွက် ရောင်းကုန်တွေပါတကား။ သိုင်းလောကစကားဖြင့် ဆိုရလျှင်၊ မြီမာပြည်အတွက် အနက်ရောင်သိုင်းသမားတွေပဲကိုး။ သိုင်းလောကတွင် အနက်ရောင်သိုင်းသမားတို့သည် ပြည်သူလူထုကို ဘယ်တော့မှ ကောင်းကျိုးမပေး။ ဆိုးကျိုးကိုသာ အပြည့်အဝ ပေးကြလေသည်။ ထို့ပြင် အနက်ရောင်သိုင်းသမားတို့သည်ကား ကောက်ကျစ်စဉ်းလဲဉာဏ်ဖြင့် အဆိပ်လက်နက်ပုန်းကို အသုံးပြုပါသေးသည်လေ။ တလောလေးကပင်လျှင် လေယာဉ်ပေါ်မှ အဆိပ်ငွေ့ဗုံးဖြင့် ကြဲချသွားသေးသည်လေ။ 'ဘာသာ' ဆက်ပြီး 'ပြန်'ကြည့်ဦး မှ။
"ကြံ့ချိုရှိ Keratin မှ Keratin သည် ဆေးဖက်ဝင်အပင်များကို ကုသပေးနိုင်သည့် ဆေးဘက်ဆိုင်ရာဂုဏ်သတ္တိများကို ကုသနိုင်သည့် ဆေးဖက်ဝင်အပင်များကို ကုသပေးနိုင်သည့်နေရာများကို ကုသပေးနိုင်သည်။"
ဒါလည်း ဟုတ်ပေလိမ့်မည်။ အဆိုပါ ကြံ့ ဦးခေါင်ထဲတွင် ဘာမျှ မရှိ။
အဲ...အဲ...။ ပေါက်ကိုယ်တော်၏သင်တန်းက ပို့ချပေးထားသော 'ကရာတင် - ကရာတေး' မျိုးသာ ရှိပြီး၊ 'ဆေးဖက်ဝင်အပင်များကို ကုသပေးနိုင်သည့်' ... ၊ အဲ...။ 'ဆေးရုံ ဆေးခန်းများကို ဗုံးကြဲချရက်သော သတ္တိကြောင်မျိုး'သာ ပါရှိလေသည် ပေါ့။
ဒါကတော့ ဆရာမောင်ဘဦးက ထပ်ဆင့်ဘာသာပြန်ခြင်း။ ဒီလို ဘာသာပြန်လိုက်တော့၊ ကြံ့တွေရဲ့ မြေပြင်ဒေတာနဲ့လည်း ကိုက်ညီသွားသလို။
"လက်ရှိတွင်ကမ္ဘာပေါ်တွင် အာရှနှင့် အာဖရိကကြံ့မျိုးစိတ် ငါးမျိုးစိတ် ၅ ခု ရှိသည်။ ၅ ခုအနက် ၃ ခုဟာ လူမည်း၊ Javan နှင့် Sumatran ဖြစ်သည်။"
'လက်ရှိတွင်...၊ ကမ္ဘာပေါ်တွင်...ကြံ့...။ ဟိုဒင်း...။ သုံးဦးသည် လူမည်း... ။ ရို...၊ ရို...'။ အဲ... သိန်းစိန်လက်ထက်က ရခိုင် ကြံ့အမတ် ရို - 'ရွှေမောင်' ဖြစ်သည်လို့ပဲ ထပ်ဆင့် ဘာသာပြန်ရမည်ပေါ့။
"၂၀၂၅ ခုနှစ်တွင် ကမ္ဘာပေါ်တွင် Rurlos မည်မျှကျန်ခဲ့သနည်း။
၂၀၂၅ Rhino ၏ ပြည်နယ်ထုတ်ဝေမှုသည် မျှော်လင့်ချက်နှင့် ကြေကွဲဖွယ် နှစ်မျိုးလုံးကို ရရှိစေသည်။ ယနေ့ခေတ်တွင် ရာထူးများနှင့် ကျက်စားရာ နေရာဆုံးရှုံးမှုကြောင့် ခန့်မှန်းခြေအားဖြင့် ၂၇,ဝဝဝ ခန့်ကျန်ရှိသည်။"
ဒါကတော့၊ ယနေ့ခေတ် ကြံ့တွေအဖို့ စားကျက်တွေ ရာထူးတွေ ပျောက်ဆုံးကုန်ပါပြီ တဲ့။ 'မျှော်လင့်ချက်နှင့် ကြေကွဲဖွယ်နှစ်မျိုးလုံးကို ရရှိစေသည်'တဲ့။ ဟုတ်လိုက်လေ ဂူးဂဲရေ။ ငိုသံပါကြီးနဲ့ ပြောသွားတာကိုက "အထက်က ချပေးလိုက်တဲ့ မိုးကျတွေကြောင့်..." ဆိုလား။
ဤမျှလောက် ဘာသာပြန်ဆိုနေသည့် အချိန်တိုလေးအတွင်း၌ပင်၊ အင်တာနက်လိုင်းမှာ အညာဒေသထုံးစံအတိုင်း ပြတ်တောက်သွားလေ၏။ လိုင်းမိတတ်သော နေရာမျိုးစုံ၊ ကုက္ကို၊ တမာ၊ ထနောင်း စသော အပင်ကြီးတွေပေါ်အထိ၊ ပြောင်းရွှေ့တက်ရောက်ကာ စိတ်ရှည်သည်းခံစွာ စောင့်မျှော်ပါငြား၊ ဘိုဂျုပ်ကြီးများနှင့် သားသမီးမြေးမြစ် စစ်အပေါင်းအပါများသာ ပိုင်ဆိုင်ခွင့်ရသည့် မြန်မာပြည်၏ ဆက်သွယ်ရေး ဖုန်း၊ အင်တာနက်တို့သည်ကား၊ ကမ္ဘာ့နိုင်ငံပေါင်းစုံ - ယူအန် 'ကုလ'အဖိုးကြီးကဲ့သို့၊ တုန်တုန်ချိချိ၊ တုံဏှိဘာဝေ ဝဲလည်လှည့်၍သာ နေလေတော့၏။
၁၉၄၅ ခုနှစ်ဖွား ကမ္ဘာ့ကုလသမဂ္ဂ ယူအန်အဖိုးကြီးမှာ အသက် ၈၀ ပြည့်လေပြီမို့၊ 'စိုးရိမ်မိပါ၏၊ ပူပန်မိပါ၏၊ အလွန်အင်မတန် စိုးရိမ်မိပါ၏။' ဤစကားများကိုပင် ရုံးတံခါးကိုပိတ်၊ ခပ်ကြိတ်ကြိတ် ငြင်းကြခုံကြ 'အပေးအယူလုပ်ပြီးကြမှ' ထုတ်ပြန်ကြေညာခွင့်လေး ရရရှာသည်မှာ သိပ်ကြီးတော့ မထူးဆန်းလှ။ မောင်ဘဦးတို့ လူမှုကူညီရေးနှစ်ပတ်လည်တွင်ပင် -
"... ဒီမယ်။... ဦးမဲကို ဥက္ကဋ္ဌမတင်ရင် ကျုပ်လည်း ထွက်တယ်ဗျာ... ။"
ထိုသူမှာ အသင်းကြီး၏ ရန်ပုံငွေ၊ မ,တည်ငွေ ဟူသမျှ၊ ကားဆို ကား၊ ယုတ်စွအဆုံး မော်တိုပီကေဖမ်းလို့ လိုက်ထုတ်ဖို့ပင် သူ့ကိုသာ အားကိုးနေရကား၊ ထိုသူဌေး ထွက်မည်စိုးသောကြောင့် အများက မကြိုက်သော်လည်း လက်ရှိ ဦးမဲကိုသာ ဥက္ကဋ္ဌထပ်မံ၍ ရွေးချယ်ခဲ့ရဖူးလေ၏။
(မှတ်ချက်။ တိုင်ပင်သည်၊ ညှိနှိုင်းသည်ကို 'အပေးအယူလုပ်သည်'ဟု မြန်မာမှု အတိအကျ ထရန်စလိတ် လုပ်လိုက်ပါ၏။ တလောက ရပ်ကွက်ထဲမှ ကောင်လေးတစ်ယောက်ကို စခ၊ ပခများကဖမ်းဆီးသွားပြီး 'တိုင်ပင်ညှိနှိုင်းရန်'ဆိုကာ ဖုန်းနံပါတ်ယူသွား၏။ သိန်း ၅၀၀ ကို၊ 'အပေးအယူ' သိန်း ၃၀၀ ဖြင့် ပြန်လွှတ်လာသည့် အထောက်အထားအရ ထရန်စလိတ် လုပ်လိုက်ရခြင်း ဖြစ်သည်။)
အင်တာနက် လုံးဝ မရတော့သဖြင့်၊ ထရန်စလိတ် ဘာသာပြန်ကို ခဏရပ်ကာ မောင်ဘဦးတယောက် စဉ်းစားခန်း ဝင်ပါလေ၏။
စကစအာဏာသိမ်းပြီးပြီးချင်း ကြိုတင်ပေး-ပရီပိတ် ဖုန်းကောနှင့် အင်တာနက်နှုန်းထားများ ပထမဦးဆုံး ဈေးတက်ကြလေ၏။ သည်လိုဆိုတော့ ဖုန်းအင်တာနက် ဈေးတက်ဖို့နှင့် အာဏာသိမ်းမှူသည်ကား တိုက်ရိုက်ချိုးကျသည်ဟု ဆိုရမည်သာဖြစ်၏။
ဖုန်း၊ အင်တာနက်တို့ချည်း သာလော။ မက ပါပေ။ ၎င်းနောက်၊ ဘဏ်ထုတ်ငွေများကို ကန့်သတ်လာပြန်ပါ၏။
သည်တော့ အာဏာသိမ်းရခြင်းသည်ကား မဲလိမ် မဲခိုး မဲမသမာမှု အဘယ်အကြောင်းတရားတို့ကြောင့်မှ မဟုတ်။ ၂၀၀၈ ခြေဥဖြင့် ဝင်ငွေလမ်းဖြောင့်နေသည့် စစ်အုပ်စုအပေါင်းပါတို့၏ စီးပွားရေး တဟုန်ထိုး ထိုးတက်ဖို့ရန် အာဏာသိမ်းခြင်းဟု အလွယ်တကူ ကောက်ချက်ချနိုင်လေတော့၏။
အဘယ်အပေါင်းပါတို့၏ စီးပွားရေးတွေနည်း။ ဆက်လက်ပြန်သော်၊ အာဏာသိမ်းဖို့ တိုက်တွန်းကြသူများမှာ အစီအရီ ပေါ်လာလေတော့၏။
၂၀၁၅ ရွေးကောက်ပွဲ နိုင်၍ အန်အယ်ဒီအစိုးရ တက်လာချိန်တွင်၊ အန်အယ်ဒီကို အာဏာလွှဲမပေးဖို့၊ အာဏာလွှဲလျှင်လည်း အာဏာသိမ်းဖို့ မင်းအောင်လှိုင်ကို လှုံ့ဆော်ခဲ့သူတွေထဲမှာ ကြံ့ဖွတ်ခင်ရီ ထိပ်ဆုံးက ပါလေ၏။ သည်လိုဆိုတော့ မအလ ပြီးလျှင် ဒုတိယမြောက် ၎င်း၏စီးပွားရေး ထိုးတက်လိုသူသည် 'ကြံ့ခင်ရီ'။
ထိုမျှ မကသေး။ လာရှိုးရမခ ကျပြီးစအချိန် ကြွက်မင်းပူတင်ဆီ သွားပြီး၊ 'စစ်ကူပေးပါ၊ စစ်စရိတ်အတွက်ကိုတော့ မြန်မာပြည်ကြီးကို လူဘရီကင့်(lubricant) သုံးသုံး မသုံးသုံး၊ ကြိုက်သလိုသာ လုပ်ပါ' ဆိုခဲ့သူမှာလည်း ကြံ့-ခင်ရီ။ သည်လောက်ထိအောင် မိုက်မဲဆိုးသွမ်းလှသည့် ကြံ့။ တနည်းဆိုရပါလျှင်၊ 'အာဏာသိမ်း အစ - ကြံ့ဖွတ်က' ပါတည်း။ (ထို ကြံ့ပါတီသည် ယခု ဒစ်ဂျီတယ်ရွေးကောက်ပွဲတွင် ၄င်းတို့အတွက် ဝါဒဖြန့်ပေးရန် မီဒီယာသမားများအား သိန်းတစ်ထောင်အထိပင် ကမ်းလှမ်းမှုများ ရှိနေသည် တဲ့။ 'သိန်း,သန်း,ကုဋေ,ကုဋာ'ချီ ဝင်ငွေရမည်ကို မြင်၍၊ 'ထောင်'မြင် 'ရာ'စွန့်ခြင်းသာ။)
အာဏာသိမ်းခဲ့သည့် နီးစွာသောအကြောင်းရင်း လက်သည်မှာ 'သားရေကြိုး တင်းအောင်ကိုင်, မA-L မင်းအောင်လှိူင်'။ ဒီကောင် သမတလုပ်ချင်လွန်း၍သာ အာဏာသိမ်းခြင်း ဖြစ်သည်။
ဒီဂျပုကောင် သမ္မတ လုပ်ချင်ရသည်မှာလည်း ခေါမ ကြူကြူက သမ္မတကတော် လုပ်ချင်လွန်းလှ၍သာ ဖြစ်ချေသည်။ ကြူခေါသာ သဘောမတူလျှင် 'မလုပ်ရဲတာ ဘာမှမရှိ' ဆိုသော ဂျပုခမျာ အာဏာသိမ်းရဲဖို့ ဝေးစွ။ အမြီးပင် မနှန့်ရဲလေရာ။ (အာဏာသိမ်းပြီးမှ ကြူခေါကိုင်နိုင်လာသည့် ဒေါ်လာများစွာတန်သည့် လက်ပွေ့အိတ်က သက်သေ။)
နောက်တကြောင်းကား၊ ဂျပု၏ သား သမီး မြေးမြစ်များ တောင်းဆိုမှုကြောင့် အာဏာသိမ်းခြင်း။ အာဏာသိမ်းပြီးလျှင်ပြီးခြင်း လျှပ်စစ်မီး မှန်သည်၊ မမှန်သည် အသာထား၊ လျှပ်စစ်ကားတွေ တင်သွင်းခွင့် ယူသည်၊ ဆေးဝါးတွေ တင်သွင်းခွင့် ယူသည်။ စားကုန် သောက်ကုန်တွေ တင်သွင်းခွင့် ယူသည်၊ စက်သုံးဆီ ဆောက်လုပ်ရေးလုပ်ငန်းပစ္စည်းဟူသမျှ တင်သွင်းခွင့် ယူသည်။ ယူစရာ ဘာကျန်သေးသနည်း။ နောက်မှ အကြံပေါ်လျှင် နောက်မှ ရအောင်ယူမည်။ ယူပြီးလျှင် တင်သွင်းခွင့်ဟူသမျှကို အမြတ်ငွေ များများပေးနိုင်မည့် ဗိုလ်ချုပ်၊ ဗိုလ်ချုပ်ကြီးတွေကို တဆင့်ပြန်လည် ရောင်းချသည်။ အတုအစစ် မရွေး၊ သွင်းလိုရာ သွင်းကြပေရော့။ စားမည့်သူ၊ သုံးမည့်သူက ပြည်သူ။ ၎င်းတို့သားသမီး ငတေတွေကတော့ လုံးဝ မစား။ လုံးဝ မသုံး။ ပြည်သူအပေါင်း စားသုံးကြ၍ ရောဂါရကြလျှင် သင်းတို့သိမ်းယူထားသည့် အာဏာကို မထိပါးနိုင်တော့။
သည်လို စီးပွားရေးအကွက်တွေကြောင့် အာဏာအသိမ်းခိုင်းရသည်။ ဒါမှ၊ ကိုယ်ပိုင် လေယာဉ်၊ ကိုယ်ပိုင်ရဟတ်ယာဉ်တွေ ဝယ်နှိုင်မည်။ ဒါတောင် အရှေ့နားတိုက်က အိမ်နီးချင်းကို မမီသေး။ သူတို့ကတော့ ကိုယ်ပိုင်လေယာဉ်၊ ကိုယ်ပိုင်ရဟတ်ယာဉ်တွေသာမက ဥရောပ ဘောလုံးကလပ်အသင်းကြီးကိုပင် ဝယ်နိုင်သည်တဲ့လေ။ အားကျချက်။ (မှတ်ချက်။ အန်အယ်လ်ဒီ လက်ထက် ပြည်သူအများ သုံးစွဲဖို့အတွက်၊ သဘာဝဘေးဒဏ် ကယ်ဆယ်ရေး ရဟတ်ယာဉ် ဝယ်ယူသည်ကိုတော့ အလွဲသုံးစားမှုဖြင့် တရားစွဲသည်တဲ့။)
သည့်က နောက်၊ အာဏာသိမ်းရသည့် အကြောင်းမှာ 'ဆာပို့တာ' များကြောင့်...။ (ဘောမ စပိုတာ ဟု ထင်လိုက ထင်စေ။) ဇာတ်ပို့ ဆာပိုတာတွေအဖြစ်၊ အထက်က ငိုချင်းချသည့် ကြံ့တွေ၊ မိုးကျတွေကိုသာ ရွေးပြီးကောက်မည့် ရွေးကောက်ပွဲမှ အပယ်ခံ, သက်သက်ခံတို့လို၊ တသီးပုဂ္ဂလအဖြစ် ၃-ကြိမ်,၃-ကျောင်း ပြောင်းလဲရရှာသည့် စဏ္ဍာလ၊ အဲ...၊ စန္ဒာမင်းတို့လို၊ တောင်ပြေး မြောက်ပြေး ရွာဆော်ကြီးခွေးတို့၏ မြှောက်ထိုးပင့်ကော်ခဲ့ကြသည်လည်း ပါသည်။
'တံခါးပိတ်ထားရင် ကန်ဖွင့်၊ ခေတ်ပြောင်းရင် ခေါင်းပစ်' ဟု လည်းကေား၊
'ဘုရင်နဲ့ ပြည်သူ ပြိုင်ကြရာမှာ ဘုရင်မှာ ဆင်တည်းဟူသော လေယာဉ်,ရဟတ်ယာဉ်တွေ ရှိတယ်'၊ ရဟတ်ယာဉ်ကို ဆင်ရုပ်တွေ အဆင်ခိုင်းကြ' ဟု လည်းကောင်း၊
အခါတော်ပေးခဲ့ကြသည့် ရသေ့လိုလို သီလကြောင် (သီလဂျောင်-ဟု ဖတ်) ဝစီပိတ်တို့၊ ဂူဂူတို့၊ ဆေဆေတို့က ဝိုင်းဟောင်ပြီး မြှောက်ပေးလိုက်လို့လည်း အာဏာသိမ်းခြင်း ဖြစ်သည်။ (မှတ်ချက်။ပြောသည် ဆိုသည်၊ အော်သည်မြည်သည်၊ တွန်သည် ဟောင်သည်။ အဓိပ္ပာယ် တူပါ၏။ ပုဂ္ဂိုလ်၏ အကျင့်သီလကို လိုက်၍ ဝေါဟာရ ပြောင်းလဲသုံးစွဲခြင်းသာ။)
ပြီးတော့ ရှိပါသေးသည်။ 'ရွေးကောက်ပွဲကို မှန်ကန်တယ်ဆိုပြီး ထောက်ခံသွားမှာ မဟုတ်သလို၊ ဖျက်လို့ဖျက်ဆီးနဲ့ ကန့်ကွက်သွားမှာ မဟုတ်ဘဲ ကြားနေဆောင်ရွက်သွားဖို့ မူချထားပြီး ဖြစ်သည်' ဆိုသော၊ (ပေါင်)ခြံကြားထဲ၌သာ ကပ်ရပ်၍နေလိုသော၊ ပါရာဆိုက် (ခေါ်) အင်စီအေ လက်မှတ်ထိုး အပစ်ရပ်အဖွဲ့မျိုးတို့ကလည်း အာဏာသိမ်းစေချင်ကြသူများထဲတွင် အဝင်အပါ ဖြစ်ကြပါ၏။ ထို အပစ်ရပ်အဖွဲ့တစ်ဖွဲ့၏ ဥက္ကဋ္ဌ ဗမကတစ်ဦးက၊ ဦးပုည စာချိုးအတိုင်း၊ 'ဂျက်ကောင်နှယ် ပန်းကြားက သန်း စကား သူဝါ'၊ "ကျုပ်တို့အဖွဲ့ကတော့ ကြားထဲမှာသာ နေပါတော့မည်"ဟု ပြောသည် ဆိုလား။
ထိုထိုတို့သည်ကား 'သားရေကြိုး တင်းအောင်ကိုင်' အာဏာသိမ်းရသည့် အကြောင်းထဲက ဇာတ်ပို့များ။
အတိုချုံ့ရပါလျှင်၊ ဂျပုသည်ကား မတရားအာဏာသိမ်းပြီး၊ ၎င်း၏အာဏာဗီဇာကို '၆ လ'ပေါင်းများစွာ ဆက်၍ဆက်၍ တိုးခဲ့လေသည်။ အာဏာသိမ်းဗီဇာမှာ ၆ လထဲသာ ဖြစ်ပြီး၊ ဟိုပြေး သည်ပြေး အိုဗာစတေးက ၄ နှစ်ကျော် ဖြစ်ချေသည်။ သည့်အတွက် အသက်ဆက် ရလိုရငြား၊ လျှပ်စစ်မီး မမှန်သည့် ဘိရုမာပြည်ကြီးအတွင်း၌ ဒီဂျစ်တယ် ရွေးကောက်ပွဲ ကျင်းပမည်ဟု ထွက်ပေါက်အဖြစ် ကြံစည်ခြင်း ဖြစ်လေသတည်း။
ကြံစည်ပုံကား ကြံ့'ပါတီသို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် မိုးကျများစွာကို ခန့်ထားခြင်း၊ နိုင်ငံတစ်ဝန်းရှိ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များအားလုံးတွင် စစ်တပ်ကိုယ်စားလှယ် တစ်ဦး မဖြစ်မနေ ထည့်သွင်းဖွဲ့စည်းရမည်ဟု ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်း၊ စသည်စသည် ကြံ့ကြံ ကြံလေ၏။ (ဆင်ကြံတော့ မဖြစ်နိုင်။ အထက်က ဆိုခဲ့ပြီးလေသည့် ဂူးဂဲထရန်စလိတ်၏ ကြံ့'ကြံသာ ကြံနှိုင်တော့သည်။)
မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များအားလုံးတွင်လည်း စစ်တပ် ကိုယ်စားလှယ်တစ်ဦး မဖြစ်မနေ ထည့်သွင်းဖွဲ့စည်းရမည်ဟူသော ညွှန်ကြားချက် ထုတ်သည်။ ယင်းညွှန်ကြားချက်သည်ကား နောင်လာမည့် အစိုးရအဆက်ဆက် ကျင့်သုံးရပါမည် တဲ့။
ဒီငပု၊ သူ့ဟာသူ ဘုရားတည်တည် ကျောင်းဆောက်ဆောက်၊ ဗုဒ္ဓဘာသာဝင်တယောက် မဟုတ်သည်ကတော့ သေချာနေပေပြီ။ ဗုဒ္ဓဘာသာဝင် မှန်လျှင်၊ 'မိမိခန္ဓာကိုယ်မှအစ ဘယ်အရာမျှ မတည်မြဲ' ဆိုသည့်၊ အနိစ္စသဘောကို အနည်းနှင့်အများ သိမြင်ရမည် ဖြစ်သည်လေ။ ဒီဂျပု သည်ကား မိမိခန္ဓာကိုယ်မှအစ ဘယ်အရာမျှ မတည်မြဲ ဆိုသည့်၊ အနိစ္စသဘောကို မသိမြင်သူ ဖြစ်လေသည် တကား။
စင်စစ်၊ ငိုချင်းချ ကြံ့ပါတီသည်ကား၊ တရုပ်နိုင်ငံသား ခံယူထားသူ၊ ကြံဖွတ်ကိုယ်စားလှယ် 'ပယ်ဆောက်ချိန်'ကြောင့်၊ ဥပဒေအရ ဖျက်သိမ်းခြင်းကြီးစွာ ခံထိုက်လှသော ပါတီသာ ဖြစ်ပါ၏။ ထိုသို့သော ပါတီအဖွဲ့အစည်းထဲသို့ မိုးကျရွှေကိုယ်များကို ထည့်သွင်းခြင်းသည်ပင်လျှင်၊ ထို မိုးကျအမည်ခံ စစ်ဗိုလ်ချုပ်များကို "ငါ့ကောင်တွေ၊ နတ်သက်ချွေ- စုတေကြကုန်လော့၊ ကြံ့ဖွတ်ပါတီ အတွင်း၊ အမြန် သက်ဆင်းကြလေလော့"ဟု ကန်ချလိုက်သည်လည်း ဖြစ်လေ၏။ အဆိုပါတို့၏ နေရာလပ်များတွင်မှ ၎င်း၏ဩဇာခံ မာစတာဘရိန်းဝပ်ရှ်များ အစားထိုးပေတော့မည်။ တချက်ခုတ် သုံးချက်ပြတ်၊ ကြံ့ကြံ ကြံလေသော ငပု ပေတကား။
သို့ပေသော်ငြား၊ ၎င်းငပု၏ နောက်လိုက်တို့သည် ကြံ့ကြံလည်း မသိ၊ ဆင်ကြံလည်း မသိ။ ဘရိန်းဝပ်ခ်ျ ခေါ် ဦးဏှောက်ကို ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်, ယူဇောလိုးရှင်းတို့အပြင်၊ လူသေကောင် မပုပ်သိုးအောင်ထိုးသည့် ဖေါ်မလင်ဖြင့်ပါ ဆေးကြောခြင်း ခံထားကြရသူများချည်းသာ ဖြစ်လေရကား၊ တရုပ်မသာ, တရုပ်တစ္ဆေများလို နဖူးတွင် စာတန်းကပ်ပေးလိုက်ရုံမျှဖြင့်၊ လက်တွေကို မလှူပ်မရှား ဆန့်တန်းလျှက်၊ ရပ်ဆိုလျှင်ရပ်၊ သွားဆိုလျှင် သွား၊ ခိုင်းလျှင်ခိုင်းသည့်အတိုင်း တသဝေမတိမ်း ခုန်ဆွခုန်ဆွ သွားကြမည့်သူများချည်းသာ ဖြစ်ပေသတည်း။
'ဥပဒေ'...ကို၊ 'ဒေ..ဒေ... ကွာ' ဟူသည့် စစ်မိစ္ဆာ-မအလ-မအိုးလေ-ဂျပုသည်လည်း၊ ဥပဒေကို မထီမဲ့မြင်ပြုပြီးသကာလ၊ ပေါက်ဖေါ်ကြီးနှင့် ကြွက်မင်းကြီးတို့၏ ဟိုဒင်းဟဝှါ 'ဥ'ကိုသာ အထူးအလေးဂရုပြုကာ၊ ရွေးကောက်ပွဲဖြင့် ထွက်ပေါက်ရှာမည့် 'ငပု'သာ ဖြစ်ပါလေသတည်း။
- ကြံ့ နှင့် ငပု အမြန် မျိုးတုံးပါစေ။
- တော်လှန်ပြည်သူအားလုံး၊ လိုအင်ဆန္ဒ၊ လျင်မြန်စွာ ပြည့်ဝကြပါစေ။
သုခိတာ ဟောထ။
(မောင်ဘဦး၊ ၈၇ ကျွတ်ဆန်း ၈)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar