TNLA အနေနဲ့ ဒုတိယမြောက် ဆုတ်ခွာရတဲ့ ကျောက်မဲမြို့ဖြစ်လာ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၂၉ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၂၅
TNLA အနေနဲ့ ဒုတိယမြောက် ဆုတ်ခွာရတဲ့ ကျောက်မဲမြို့ဖြစ်လာ
ပြီးခဲ့တဲ့ဇူလိုင်လ လယ်မှာ တနှစ်ဝန်းကျင် TNLA သိမ်းယူထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကော်မရှင်တပ်တွေက ပြန်လည် ထိုးစစ်ဆင်သိမ်းယူပြီးနောက် ၂ လကျော်အကြာမှာ ကျောက်မဲမြို့ကို သိမ်းယူနိုင်ဖို့ နီးစပ်တဲ့အနေအထား ရောက်ရှိလာတာတွေ့ရပါတယ်။ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းကာလမှာ မိုးကုတ်၊ ကျောက်မဲ၊ နောင်ချိုမြို့တွေကို TNLA က မြန်ဆန်စွာ သိမ်းယူခဲ့တာပါ။ အဲဒီအချိန်ကာလတွေက စစ်ကောင်စီတပ်တွေ အနေနဲ့ ကိုးကန့်ဒေသ၊ ရှမ်းမြောက်ဒေသ နဲ့ စစ်ကိုင်းတိုင်းမြောက်ပိုင်းရှမ်းမြောက်နဲ့ ထိစပ်နေတဲ့ ဒေသတွေက မြို့တွေ စစ်တပ်စခန်းတွေ ဗျူဟာစခန်းတွေနဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွေ တခုပြီးတခု မြန်ဆန်စွာ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး TNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေရဲ့ ထိုးစစ်ကို နောင်ချိုမြို့ တောင်ဘက် တောင်းခမ်းမှာ နောက်ဆုံးခံစစ်အဖြစ် တနှစ်ဝန်းကျင် ခုခံတိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်ထဲဝင်လာပြီးနောက်မှာတော့ စစ်ကောင်စီနဲ့ ကိုးကန့်တပ်တို့ရဲ့ အပစ်ရပ်သဘောတူညီမှုက စစ်ကောင်စီအဖို့ အကြပ်တည်းဆုံး အနေအထားကနေ ပြန်လည်ရုန်းထနိုင်ခဲ့ပြီး အင်အားပြန်လည်စုစည်းဖို့ မဟာဗျူဟာ နည်းဗျူဟာတွေ ပြန်လည်ပြင်ဆင်ဖို့ အခွင့်အရေးရလာခဲ့တာဖြစ်ပါတယ်။
တောင်းခမ်းကို ရှေ့တန်းစစ်မျက်နှာ အဖြစ်ထားပြီး တနှစ်နီးပါး ရင်ဆိုင် တိုက်ခိုက်ခဲ့ရာက TNLA အနေနဲ့ တစတစ တောင်းခမ်းကနေ ပြန်ဆုတ်ခွာပေးခဲ့ရတဲ့ အခြေရောက်ရှိခဲ့ပြီး မကြာသေးတဲ့ လပိုင်းမှာ နောင်ချိုမြို့ကို စစ်ကောင်စီက ပြန်လည် သိမ်းယူနိုင်ခဲ့ကာ နောက်ပစ်မှတ်တခု ဖြစ်တဲ့ ကျောက်မဲမြို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။ ကျောက်မဲမြို့သိမ်းယူနိုင်ခဲ့ရင် သီပေါ နဲ့ မိုးကုတ်စတဲ့ မြို့တွေလည်း စစ်ကော်မရှင်တပ်တွေ ထိုးစစ်ဆင်လာမယ့် အလားအလာ ရှိနေပြီလို့ အများစုက ကောက်ချက်ချနေကြတာပါ။
မူဆယ်-မန္တလေးဟာ နယ်စပ်ကုန်သွယ်ရေးလမ်း အဖြစ်သာမက အုပ်ချုပ်ရေး နဲ့ နယ်မြေ စိုးမိုးရေးအတွက်လည်း မဟာဗျူဟာ အရ အရေးကြီးတဲ့ တခုထည်းသော လမ်းကြောင်းဖြစ်ပါတယ်။ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ မန္တလေး-မူဆယ်၊ စစ်ကိုင်း-ရွှေဘိုကတဆင့် မံစီ ဗန်းမော်ကတဆင့် တရုတ်နယ်စပ် လမ်းကြောင်းတွေက မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အတိုဆုံး အလွယ်ကူဆုံး လမ်းကြောင်းတွေ ဖြစ်ကြပါတယ်။ ဒီရှုထောင့်က ကြည့်ရင် စစ်ကော်မရှင် အနေနဲ့ ဗန်းမော်ကိုလည်း ရှိသမျှ အင်အားသုံးပြီး ခုခံကာကွယ်မှာ ဖြစ်သလို ကျောက်မဲ -လားရှိုး- မူဆယ်လမ်းကိုလည်း ပြန်လည် ထိန်းချုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားမျာ အသေအချာ ဖြစ်ပါတယ်။
ဒီနေရာမှာ TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းကာလတွေကလို လျင်မြန်တဲ့ ထိုးစစ်နဲ့ နယ်မြေသိမ်းယူတာတွေ ဘာကြောင့် မလုပ်ဆောင်နိုင်တော့တာလဲ ဆိုတဲ့မေးခွန်းက ပေါ်ထွက်လာပါတယ်။ ယခုနှစ် ဇန်နဝါရီလက MNDAA နဲ့ စစ်တပ်အကြား အပစ်ရပ်သဘောတူညီခဲ့ပြီးနောက် မြောက်ပိုင်း ညီနောင် မဟာမိတ်အဖွဲ့ အနေနဲ့ သူ့ကိုကိုယ်ကူညီကိုယ့်ကို သူကူညီတိုက်ခိုက်တာမျိုး မရှိတော့တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါ့အပြင် TNLA နဲ့ အခြားမြောက်ပိုင်းညီနောင် မဟာမိတ် အဖွဲ့တွေကို လူအင်အား နဲ့ ကူညီတိုက်ခိုက်ပေးခဲ့တဲ့ အခြားသော လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ PLA, BPLA, KNDF, နဲ့ စစ်ကိုင်းတိုင်းထဲက PDF လက်နက်ကိုင် အဖွဲ့တွေ အခုနှစ်ထဲမှာ ကူညီတိုက်ခိုက်တာ မရှိကြတော့တာ တွေ့ရပါတယ်။ ဘာကြောင့် အထက်က ဖေါ်ပြခဲ့တဲ့ အခြားသော လက်နက်ကိုင် တပ်တွေ ပူးပေါင်း မတိုက်ခိုက်နိုင်ကြတော့တာလဲ ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း အဖြေမျိုး ရှိမနေပါဘူး။ တရုတ်နိုင်ငံက ဝ ၊ ကိုးကန့်၊ TNLA တို့အပေါ် ဖိအားပေးမှုကြောင့်ဆိုတဲ့ အချက်တချက်ကို ကောက်ချက်ဆွဲကြပေမယ့် တရုတ်ရဲ့ ဖိအားက မြန်မာနိုင်ငံ အလယ်ပိုင်း၊ အညာ၊ အရှေ့ပိုင်းက လက်နက်ကိုင် အားလုံးအပေါ် သက်ရောက် နိုင်တာမျိုးတော့ ရှိမနေပါဘူး။ ဥပမာအားဖြင့် KNDF လို BPLA နဲ့ စစ်ကိုင်းတိုင်း မန္တလေးတိုင်းတို့လို ဒေသတွေက တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းကာလတွေကလို လူအင်အား အများအပြားနဲ့ ဝိုင်းပြီးကူညီ တိုက်ခိုက်နိုင်ခြင်း မရှိတော့တဲ့အချက်က နိုင်ငံရေး နဲ့ စည်းရုံးရေးပိုင်းဆိုင်ရာ အကြောင်းခံတွေလည်း ရှိကောင်း ရှိနေနိုင်တာ ဖြစ်ပါတယ်။
TNLA တပ်ဖွဲ့ အနေနဲ့ နယ်မြေတွေ တိုက်ခိုက်သိမ်းယူအောင်မြင်ပြီးကာလတွေမှာ နယ်မြေ စိုးမိုးမှု နဲ့ အခွန်ကောက်ခံမှုကိစ္စတွေနဲ့ ပတ်သက်လို့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ KIA လို တော်လှန်ရေး မဟာမိတ်လက်နက်ကိုင် အဖွဲ့တွေနဲ့ ပွတ်တိုက်မှုတွေ ဖြစ်ပွားခဲ့ခြင်းကလည်း TNLA ကို အထီးကျန်ဖြစ်စေတဲ့ အချက်တချက် ဖြစ်နိုင်ပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းမှာ တအာင်းဒေသ အခြေစိုက် သတင်းမီဒီယာတခု ဖြစ်တဲ့ ရွှေဖီမြေ သတင်းဌာနက တအာင်းတပ်က မြို့တွေကို လက်လွှတ်နေရတဲ့ အကြောင်းရင်းကို ခြေရာခံခြင်း ဆိုတဲ့ သတင်းဆောင်းပါးတပုဒ် ဖော်ပြခဲ့ပါတယ်။ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အနေနဲ့ နောင်ချို မြို့လက်လွှတ်ခဲ့ရပြီးနောက် ၂ လအကြာ ကျောက်မဲမြို့ကိုလည်း လက်လွှတ်ဆုံးရှုံးရမယ့် အခြေအနေမျိုး ရင်ဆိုင်ရတဲ့ အကြောင်းရင်းတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ဆန်းစစ်ဖေါ်ပြရာမှာ TNLA တပ်က အရာရှိ အဆင့်တွေက လက်နက်မှောင်ခို ရောင်းဝယ်ကြတဲ့ အခြေအနေနဲ့ တပ်သားတွေရဲ့ ခံစားခွင့် လစဥ် အသုံးစရိတ်တွေကို အလွဲသုံးစားလုပ်မှုတွေ ရှိနေတာ စတဲ့အခြေအနေတွေက တိုက်ပွဲတွေမှာ လက်နက်ခဲယမ်း မလုံလောက်မှုနဲ့ စိတ်ဓါတ်ကျဆင်းမှုတွေ ဖြစ်ပွားစေတဲ့ အကြောင်းအချက်တွေ ဖြစ်တယ်လို့ ဆောင်းပါးမှာ ဖေါ်ပြထားပါတယ်။ လက်နက်မှောင်ခို ရောင်းဝယ်ကြတယ် ဆိုရာမှာ အစပိုင်းက စစ်ကောင်စီ တပ်စခန်းတွေက တိုက်ခိုက်သိမ်းပိုက်ရရှိတဲ့ လက်နက်တွေ ဖြစ်တဲ့ RPG လို စစ်ကောင်စီ တပ်သုံး ကျည်ဆံတွေလိုမျိုးကိုသာ ရောင်းဝယ် ကြတာဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ မိမိတို့တပ်က တိုက်ခိုက်ရေးအတွက် ပို့ဆောင်ပေးလာတဲ့ ခဲယမ်းတွေကိုပါ ရောင်းဝယ်လာကြတဲ့ အထိ ဖြစ်ပွားလာတာလို့ ဖော်ပြထားပါတယ်။ ဒီသတင်းဆောင်းပါးကို ဖော်ပြပြီး နာရီအနည်းငယ် အကြာမှာ သတင်းဌာနက ပြန်ဖြုတ်ချသွားခဲ့တာတွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း နဲ့ ဒုတိယပိုင်းမှာ အောင်ပွဲတွေ အများအပြားရခဲ့ နယ်မြေတွေ မြို့တွေ စခန်းတွေ သိမ်းယူနိုင်ခဲ့တဲ့ TNLA အနေနဲ့ စစ်ကော်မရှင်ရဲ့ ထိုးစစ်ကို တဖွဲ့ထည်း ခုခံရင်ဆိုင်နေရတဲ့ အခုလို အနေအထားမှာ တရုတ်ရဲ့ ဖိအားက အဓိကကျ၊ အရေးပါတာမှန် ပေမယ့်လည်း တရုတ်ရဲ့ ဖိအားကို ခုခံပြီး ရင်ဆိုင်ကြရာမှာ အခြားသော လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မဟာမိတ်ဆက်ဆံရေးကို တန်ဖိုးထား ထိန်းသိမ်းဖို့ တိုက်ခိုက်သိမ်းယူ အုပ်ချုပ်တဲ့ နယ်မြေဒေသက လူမျိုးမတူတဲ့ ဒေသခံတွေရဲ့ ထောက်ခံမှု စတဲ့အချက်တွေကိုလည်း ပြန်လည် သုံးသပ်ကြည့်ဖို့ အရေးကြီးလှပါတယ်။ လက်နက်ကိုင် တော်လှန်ရေးမှာ စစ်ရေး အတက်အကျတွေက ရှိတတ်စမြဲလည်း ဖြစ်ပါတယ်။ တဖက်မှာလည်း နိုင်ငံရေး စည်းရုံးရေး အပိုင်းမှာ အားကောင်းအောင် ပြန်လုပ်ဆောင်ဖို့ လက်ရှိ အခြေအနေတွေက တွန်းအားပေးနေတယ်လို့ ရှုမြင်မယ်ဆို ရှုမြင်နိုင်တာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar