မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၈)
မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၈)
မိုးမခ ၊ စက်တင်ဘာ ၃၀ ၊ ၂၀၂၅
■
ဘဦး မူးနေတာ သမီး"
"KIAသင်တန်းကာလ"
"ငါ့မောင်လေးရေ၊
နင်ပေးတဲ့စာတွေ ဖတ်ရတော့ ငါလည်း တပ်ရင်းတပ်ဖွဲ့တွေ အစပျိုးခဲ့တဲ့ ကာလကို ပြန်သတိရမိသေးတယ်။
ပြီးတော့ KIA မှာ သင်တန်းတက်ခဲ့တုန်းက ဖြစ်ရပ်တွေပါ ပြန်အမှတ်ရလာတယ် ငါ့မောင်ရေ။တပ်ရင်းတွေက ငါတို့ သင်တန်းပြန်လာပြီး နောက်မှ စဖွဲ့တာပါ>
သင်တန်းက ၂ မျိုး ခွဲထားတယ်။ တစ်မျိုးက ရက်တိုသင်တန်းပါ။ သင်တန်းပြီးရင် ကိုယ့်အဖွဲ့နဲ့ကိုယ် ကိုယ့်ဒေသကို ပြန်ကြ။ သက်ဆိုင်ရာဒေသက ပေးတဲ့ တာဝန်ယူပြီး တပ်ရင်း တပ်ဖွဲ့တွေထဲဝင်ကြရတယ်။
နောက်သင်တန်းတစ်မျိုးကတော့ ရက်ရှည်သင်တန်းပေါ့။ အဲဒီသင်တန်းတွေရဲ့ထူးခြားချက်က အလက်ပါ တပ်ဆင်ပေးတယ်။ ဒါပေမဲ့ bond ထိုးထားသူတွေမှ အလက်ရတယ်။ ပြီးတော့ မပြန်ရဘူး။ KIA နဲ့အတူ ရှေ့တန်းလိုက်ရတာ ငါ့မောင်။
ငါတို့က ပထမအမျိုးအစားမှာ ပါတယ်။
ကိုယ့်နယ်မှာပဲ တာဝန်ပြန်ထမ်းဆောင်မှာမို့ လက်မှတ်ထိုးဖို့ မလိုဘူးလေ။
သင်တန်းနှစ်မျိုးစလုံး လေ့ကျင့်ကွင်းမတူဘူး၊ ဒါပေမဲ့ အခြေခံစစ်သင်ရိုး course တွေ တူတယ်။
နောက်ပိုင်းမှာ စနစ်တစ်မျိုးထပ်တိုးလာတာက MoD က စေလွတ်လိုက်တဲ့ သင်တန်း တပ်ဖွဲ့တွေ ပေါ်လာတယ်။ ပထမ သင်တန်း တက်ထားသူတွေကိုပါ နောက်တစ်ခေါက် ပြန်လွှတ်ပြီး မွမ်းမံသင်တန်းထပ်တက်၊ပြီးရင် အလက်ပါ တပ်ဆင်ပေးတဲ့ တပ်ရင်းတွေပေါ့။
အရင်ကတော့ သင်တန်းဆင်းပြီး ပြန်ကြရုံပဲ။ နောက်တစ်နှစ်လောက်မှ ပြန်လာပြီး မွမ်းမံသင်တန်းပြန်တက်။ အလက်ပါပေးအပ်တဲ့ တပ်ဖွဲ့မျိုးတွေပေါ့။
အဲဒီအတွက်KIA နဲ့ MoD က သဘောတူညီချက် လုပ်ထားတယ်။
အဲဒီသဘောတူညီချက်ထဲမှာ သင်တန်းတစ်ခုကို လူ ၁၀၀ ကျော် လာရမယ်။ သင်တန်းတက်ရမယ်။အဓိကက အမိန့်နာခံမှုရယ်၊ သေနတ် အသုံးပြုပုံအကြောင်း၊ အကြမ်းဖျင်း သိဖို့ရယ်၊ စည်းကမ်းလိုက်နာဖို့ရယ် ပါတယ်။
သင်တန်းတက်ပြီဆိုမှ တပ်ရင်း ပုံစံတကျ ပြန်ဖွဲ့ပေးတာလေ။ပြီးမှ အလက်ပေးပြီး ပြန်ခိုင်းတာ။အလက်နံပါတ်နဲ့ တာဝန်ခံဆီ လက်မှတ်ထိုးပြီးထုတ်ရတယ် ငါ့မောင်။
ငါတို့သင်တန်းဆင်းတုန်းကတော့ ခရိုင်ကတာဝန်တစ်ခု ပေးလာလို့ ချက်ချင်းမပြန်ဖြစ်သေးဘူး။ခရိုင်ဘက်က အလက်တွေ သယ်ခဲ့ပေးဖို့ တာဝန်ပေးလို့ နေခဲ့ကြရတာ ငါ့မောင်ရေ။ ဒါပေမယ့်အချိန်ကုန်လူပမ်းပဲ။ ငါတို့လက်ထဲ မရောက်ဘဲ၊ ခရိုင်က အရေးပေါ်ဆိုပြီး အဲဒီအလက်တွေ တရားမဝင် လူသတ်တဲ့ အဖွဲ့ဆီ ရောက်သွားတာ နောက်တော့မှ ငါ ပြောပြမယ်။
အဲဒီတုန်းက သင်တန်းပြီးတော့ အောက်မှာ အခြေအနေမကောင်းလို့ရယ်၊ လမ်းကြောမကောင်းသေးတာကြောင့်ရယ်၊ ပြန်ခါနီးမှ မပြန်ဖို့ တရားဝင်တားတာမျိုးတွေလည်းရှိတယ်ငါ့မောင်။
နောက်တော့မှ လမ်းကြောင်းသင့်ရင် သင့်သလို နည်းနည်းချင်း ခွဲလွှတ်ပေးတယ်။ ပြန်ရတာကလည်း အန္တရာယ်မသေးဘူးလေ။
ပြန်ဖို့ အလှည့်ကျရင် တာဝန်ခံဆီ လက်မှတ်ထိုးကြရတယ်။ ကိုယ့်ဖုန်းနဲ့ အပ်ထားတဲ့ ပစ္စည်းတွေ စာရင်းနဲ့ ပြန်ထုတ်ရတယ်။ အဲဒီတုန်းက အလှည့်မကျသေးပဲ၊ ဘယ်လိုဇွတ် ပြောပြီးလိုက်သွားကြလဲ မသိဘူး။ အပတ်စဥ်တစ်ခုက (၁၆ ) ယောက် ခွေးဂိတ်ကို မှားဝင်လို့ အဖမ်းခံလိုက်ရသေးတယ်။
လမ်းခရီးက ခြေကျင်ဆင်းကြရတာလေ။ လမ်းပြမပါရင် လမ်းမှားသွားရင် ဒုက္ခရောက်တာပဲ။ ခွေးဂိတ်နဲ့လည်း တိုးနိုင်တယ်။ ပြီးတော့မိုင်းကွင်းနဲ့ တိုးနိုင်တယ်မို့လား။
အဲဒီတုန်းက ဆက်သွယ်ရေးတွေကလည်း မကောင်း။ ကိုယ့်ဒေသက တာဝန်ရှိသူတွေနဲ့ အဆက်အသွယ်တွေ ပြတ်ကုန်ကြတယ်။
သင်တန်းကာလ ဆိုတော့ အပေါ်မှာ ဖုန်းမသုံးရဘူး။ လိုင်းလည်းမရတော့ အောက်က သတင်းတွေ ဘာမှ မသိရဘူးလေ။ ပစ်ထားခံရတာလည်း ပါတာပေါ့။
ဘယ်လောက်တောင် ပစ်ထားခံရလည်းဆိုရင်၊ ဖောင်တွေ ဖြည့်ကြရတော့ ကိုယ့်ဟာကိုယ် CRPH လား၊ PDF လား၊ ဘာဖြည့်ရမလဲ ဆိုတာတောင်၊ ဘာမှန်းမသိတဲ့ ဘဝတွေပါဟယ်။ ထမင်းတောင် KIA ကျွေးလို့ စားရတာ ငါ့မောင်ရေ၊ တကယ်ပါ။
အဲဒီမှာ ဖောင်ဖြည့်ကျတော့ တစ်ယောက်က လှမ်းပြောပြတယ်။
ဘာဖြည့်ဖြည့် အတူတူပဲတဲ့။ ဖောင်မှာပါတဲ့ မေးခွန်းက၊ ဘယ်အဖွဲ့အစည်းက စေလွှတ်တာလဲ၊ဘယ်မှာ တာဝန်ထမ်းဆောင်မလဲ မေးတာ ထင်တာပဲ။
အဲဒီမှာ ဖြစ်နေကြတာက CRPH ဖြည့်ရင် ရုံးပိုင်းနေရမယ်၊ PDF လို့ဖြည့်ရင် စစ်တိုက်ရမယ်၊ အဲလိုမျိုးတွေ။
သတင်းတွေ ဆိုတာလည်း ဘယ်လိုတွေတောင် စုံလဲ မသိတော့ပါဘူး။ ဂျင်းတွေရော၊ ဆိုက်ဝါးတွေရော ရောမွေနေတော့ ဘာကို ယုံရမှန်း မသိ။ဘယ်ဟာ အမှန်လားလည်း မသိ။ တချို့တွေ အတော် စိတ်ဒုက္ခရောက်ကြတာ။
ဒီကြားထဲ ဒလန်လိုဟာ ပါလာလို့ သတင်းလျှောက်ဖြန့်ရင် ပိုဆိုးသေးတယ်။
သင်တန်းကာလ ထပ်တိုးလို့ဆိုပြီး ဆန္ဒပြဖို့ ဘာညာ ဆွတဲ့သူတွေလည်း ရှိတယ်။ အတော်ရှင်းပြရ၊ စည်းရုံးယူရတယ်။
တကယ်တော့ ဘယ်သူကမှ လွှတ်တာ မဟုတ်ဘူး။ မြို့နယ်ကဆိုလား၊ လမ်းစရိတ် ၅ သောင်းစီတော့ပေးတယ်။ကျန်တာ မပြန်မချင်း ကိုယ့်အိမ်ကို ပြန်တောင်း။ ထောက်ပို့တွေနဲ့ စာရေးပေးပြီး သူတို့က ဖုန်းဆက်ပြီး စာဖတ်ပြတာပေါ့၊ ဖုန်းမကိုင်ရဘူးလေ။
အိမ်နဲ့အဆက်အသွယ် မရတဲ့သူတွေကျတော့ သင်တန်းက ကျွေးတာစား၊ သူများ မျှကျွေးတာစားကြပေါ့။ နည်းနည်းပြောရဲဆိုရဲ ရှိသူတွေက ကချင်မတွေ ဆိုင်မှာ အကြွေးစားကြတယ်။
တချို့လည်း စားစရာမရှိ၊ မျှစ်ခူးပြုတ်စား။ ချောင်းထဲ ပုစွန်ဖမ်း။ တွေ့တဲ့ အရွက်ခူးပြီး ပြုတ်စားကြရတာပဲ။
ရန်ကုန်မှာ တကူးတက ဝယ်ချက်စားရတဲ့ ပိန္နဲသီး အကွင်းနဲ့ ဆူးပုပ်ကြီးချက် ဆိုတာ၊ ဟိုမှာ မစားချင်မှ အဆုံးပေါ့။
သင်တန်း မတက်ခင် စောင့်ရတဲ့ ကွင်းမှာတုန်းက ပိုငတ်တယ်လေ။
လူကလည်း များတယ်။ ရိက္ခာက နည်းတယ်လေ။ အဲဒီတော့ နေ့တိုင်း တောထဲ ဟင်းစားရှာရတယ်။ အကုန်လုံးစာအတွက် ရှာကြတာပါ။
ပန်းဇောက်ထိုး..တို့ ၊ သပြုသီး တို့ ရှာစားကြရတာပေါ့။ ရုံးအူ ကတော့ ရှားတယ်။ အပေါဆုံးက ပိန္နဲသီးပဲ။ ကွင်းနာမည်တောင် ပေးထားတယ်..ရွှေပိန္နဲကွင်းတဲ့။ ဟင်းကိုတော့ ပိန္နဲသီး ချက်တဲ့နေ့ဆို နာမည်လှလှလေး ပေးထားတယ်။ တောဝက်သားချက် ဆိုပြီး။တကယ်ပါ ငါ့မောင်ရေ၊ စားဆောင်မှာဆို ဆိုင်းဘုတ်တောင် ကပ်ထားတာ။
■
"ကိုယ်ယောင်ပျောက်သင်တန်း"
ငါတို့တုန်းက အပတ်စဥ်၄ နဲ့ ၆ မှာစစ်ကိုင်းဘက်က လူတွေများတယ်။
စကစ ကလည်း အမှတ်ရစရာတွေ တော်တော်လုပ်သေးတာ ငါ့မောင်ရေ။ ငါတို့ သင်တန်းတက်နေတုန်းအချိန်၊ မြို့လှကို ပြန်သိမ်းတာများ၊ လေယာဥ်နဲ့ ပေါင် ၅၀၀ ဗုံးတွေပါ ကြဲပြီးတော့ကို သိမ်းတာ။ မြို့လှ ဆိုတာ KIA တပ်မဟာ ၈ တောင်ခြေပိုင်း တစ်နေရာပေါ့။
မှတ်မှတ်ရရ ကိုယ်ယောင်ပျောက်နည်း လက်တွေ့သင်တဲ့နေ့ပေါ့။
သင်တန်းသား အကုန်လုံးကို အပင်တွေ သစ်ခက်တွေနဲ့ ကိုယ်ယောင်ဖျောက်နည်း လက်တွေ့သင်ပေးတာ။ ရန်သူ သတိမထားမိအောင်၊ မမြင်အောင်၊ ဘယ်လိုလုပ်မလဲ၊ ကိုယ့်ဘာသာ ကိုယ် စဥ်းစားပြီး လုပ်ခဲ့ဆိုပြီး ခိုင်းထားတာ။ သတ်မှတ်ထားတဲ့ အချိန်နဲ့ လုပ်ရတာပါ။
အရွက်တွေ အခက်တွေ ချိုး၊ ခေါင်းတွေပေါ် ချိတ်၊ ခါးမှာ ချိတ်၊ ခြေထောက်တွေ ပတ်၊ ကိုယ် စိတ်ကူးပေါက်ရာပေါ့။ လုပ်ကြတာ။
တချို့က နွယ်တွေနဲ့ တစ်ကိုယ်လုံး ပတ်ကြတယ်။ နောက်ကျရင် အရွက်မရမှာစိုးတော့ လုခူးကြ ရတာ။ တချို့က ဝက်ချေးမနဲ ခေါ်တဲ့ တံမြက်စည်း လုပ်တဲ့ အပင်တွေကို အစည်းလိုက် စည်းပြီး ဇောက်ထိုးအုပ်လာတယ်။ တကိုယ်လုံး ဖုံး၊ ဘာမှ မမြင်ရဘူး။ ရယ်တော့ ရယ်စရာကြီး။
ဘယ်သူ့ကြည့်ကြည့် အရုပ်ကြီးတွေ အကောင်ကြီးတွေလိုပဲ။ ရှက်လည်း မရှက်နိုင်ဘူး။ ခိုင်းတဲ့အတိုင်း အကုန်လုပ်ကြရတာ။
အဲဒီမှာ ခရာမှုတ်၊ လူပြန်စုပြီး၊ တန်းစီပြီးပြီ။ ကွန်မန်ဒို သင်တန်း ဆရာက သဘာဝကျကျ ဘယ်လိုကိုယ်ယောင်ဖျောက်ရလဲ၊ ဘယ်လိုဆိုရင် ရန်သူက သံသယဖြစ်နိုင်လဲ၊ ဆိုတာကို ပြင်ဆင်လာတဲ့ တစ်ယောက်ချင်းစီကို အပြင်ထွက်ခိုင်းပြီး လက်တွေ့ ရှင်းပြနေတာ။
တကိုယ်လုံး လုံနေဖို့ထက်၊ သဘာဝကျကျ ဖြစ်ဖို့က ပိုလိုအပ်တယ်ပေါ့။ ဘယ်အပင်မှ ဇောက်ထိုး မပေါက်ဘူးလေ။ တစ်ယောက်က အပင် ဇောက်ထိုးစည်းပြီး ခေါင်းပေါ် ခမောက်လို အုပ်လာတာကိုး။ ဒါမျိုးဆို တစ်ခါတည်း တန်းပစ်ခံရမှာတဲ့။
အဲဒီလို ရှင်းပြနေချိန်၊ အန္တရာယ် အချက်ပေးခရာ မှုတ်တယ်။ လေယာဥ် လေယာဥ်၊ တောထဲ ပြေးတော့ ဆိုပြီး ကင်းစောင့်ပေးတဲ့ အကူဆရာတွေက အတင်းအော်တော့တာ။
ခရာသံတွေကို မှတ်ထားရတယ်။ ဘယ်အသံဆိုရင် ဘာ၊ ဘယ်နှချက်ဆိုရင် ဘာလုပ်ရမှာဆိုတာတွေ။ သင်တန်းမစခင်ကတည်းက ခရာမှုတ်ပြပြီး မှတ်ခိုင်းတာ။
အဲဒီမှာ အကုန် တောထဲ ဝင်ပြေးရတယ် ငါ့မောင်ရေ။ တကိုယ်လုံးက နွယ်တွေ၊သစ်ခက်တွေ ချိတ်ထားတာ။ တောက ကြိမ်ဆူးတွေ သစ်ငုတ်တွေနဲ့။ တွေးသာ ကြည့်ပါတော့။
ခြေထောက်မှာ ပတ်ထားတဲ့ နွယ်တွေနဲ့ အောက်က ငုတ်တွေနဲ့ ငြိသူငြိကြ။ မှောက်လျက်တွေ လဲသူလဲကြ။
ကမူးရှူးထိုး ပြေးတော့ အပင်တွေက တွဲလောင်းကျနေတဲ့ နွယ်တွေနဲ့ ငြိနေလို့၊ လည်ပင်းငြိနေလို့၊ ဖြုတ်ပေးရတဲ့သူနဲ့။ ကိုယ်မှာ ပတ်ထားတာတွေ ဖြုတ်ချိန်မရဘူးလေ။
အဲဒီမှာ ပြေးရင်းတိုးရင်းနဲ့ ပျားကြီး တုပ်ခံရတဲ့ သူတွေလည်း ရှိတယ်။ ရဲဘော်လေးတစ်ယောက်ဆို ပျားတုပ်ခံရတာ မျက်နှာတစ်ခုလုံး ရောင်ကိုင်းလို့။
ငါတို့ကံကောင်းတာက တစ်လမ်းတည်း ပြေးတဲ့ ရဲဘော်လေးတစ်ယောက်က သူ့မှာ အိတ်ကပ်ထဲ ဆေးလိပ်နဲ့ မီးခြစ်ပါလာတာ။ တကယ်က ကွင်းထဲ ဘာမှ မယူရဘူး။ ဝှက်ယူကြတာပေါ့လေ။
အဲ့ဆေးလိပ်မီးညှိပြီး လိုက်မှုတ်ထုတ်တော့ နည်းနည်းအဆင်ပြေသွားတာ။ နေရာထပ်ရွှေ့ ထပ်တိုးပေါ့။
စွတ်သာ တိုးနေကြတာ၊ ဘယ်ရောက်မှန်းလဲ မသိဘူး။ အသံတွေက တအုန်းအုန်းနဲ့မို့ အချက်ရေ မှတ်ထားကြတာ ၁၈ လုံးတောင်ချတာ။ လေယာဥ်နဲ့ ဗုံးကြဲတယ်ဆိုတာ ငါတို့အဖို့ အဲဒီကတည်းကသင်ခန်းစာရနေပြီ ငါ့မောင်ရေ။
ငါတို့လည်း တောထဲ တိုးလိုက်တာ ညနေ သုံးနာရီကျော်လောက်အထိ ရောက်သွားတယ်။ ရေကလည်း တအားဆာ၊ ပြန်လည်းမထွက်တတ်၊ ရေသံ ကြားရာဘက် တိုးကြမယ်ဆိုပြီး လိုက်တိုးရတယ်၊ မှန်းပြီးတော့။ သင်တန်းကွင်းက ချောင်းဘေးမှာလေ။ ချောင်းအတိုင်း ပြန်တက်ရင်တော့ ရောက်မှာပဲဆိုပြီး တိုးကြရတာ။
ငါတို့ အုပ်စုတော့ ၈ ယောက်လား မသိဘူး၊ အဲဒီလို အုပ်စုလိုက်လေးတွေ အများကြီးပေါ့။
ငါတို့အုပ်စုက မိန်းကလေး ပိုများတယ်။ တန်းစီထားရင်း ပြေးကြတာ ဆိုတော့။
ကြောက်အားလန့်အား ပြေးကြတာ။ ဆရာတွေ ခရာမှုတ်ပြီး ပြန်ခေါ်တာကို မကြားရလောက်တဲ့အထိ ဝေးသွားတာ။
ကွင်းကို တို့ပြန်ရောက်တော့ တချို့က ထမင်းတောင် စားပြီးနေပြီ။ ညနေ ၃ နာရီမှာ ထမင်းကျွေးတာလေ။
အဲဒီတုန်းက မြို့လှကို KIA က ပြန်မတိုက်ယူဘူး။ လွှတ်ထားလိုက်တာ။ လမ်းပိတ်သွားပြီ ထင်အောင်ပေါ့။ ပြီးတော့မှ တခြားလမ်းဘက်တွေကနေ သင်တန်းသား ထပ်ပို့တယ်။
KIA က လူအနာမခံဘူး၊ ပြီးမှ plan ဆွဲ ပြန်တိုက်ချင်တိုက်တာ။ ပြောက်ကျားစနစ်ပဲ အဓိက သုံးတာ များတယ်။ ဒါက ဆရာတွေ ပြောပြလို့ သိရတာလေ။ အင်အားတို့ လူတို့ထက် plan ကို ပိုအလေးထားတယ်တဲ့။
ငါတို့ အဲဒီသင်တန်းတွေက ပြန်လာတော့မှ ကိုယ့်ဒေသက တာဝန်ရှိသူတွေကနေ တပ်ရင်းတပ်ဖွဲ့တွေ ဖွဲ့ပေးတာ။ ဒါတွေက MoD အစောပိုင်းကာလတွေပေါ့။ တပ်တွေ ဖွဲ့စည်းပုံတွေက ငါ့မောင် စာတွေထဲကအတိုင်းပါပဲ။ လူဦးရေလောက်ပဲ အနည်းအများ ကွာတာ။ ငါသိသလောက်တော့စစ်ကိုင်းတိုင်းက ကျယ်လည်း ကျယ်တယ်။ ကချင်ပြည်နယ်နဲ့လည်း ထိစပ်နေတယ်။
တလရ အင်အားစုတွေလည်း များတယ်။ အဲဒီတော့ နွေဦး စပြီဆိုတာနဲ့ တလရအင်အား အများဆုံး စုဖွဲ့နိုင်တဲ့ အခြေအနေကို ရလိုက်တယ်ငါ့မောင်ရေ။ ဒါက အားသာချက်တရပ်ပဲ။
■
"ရွေးကောက်ပွဲနဲ့ အထွေထွေထိုးစစ်"
ငါ့မောင်ရေ....
အခု ရွေးကောက်ပွဲနဲ့ပတ်သက်တာတွေ ငါတို့ဘက်မှာ ဘယ်လိုအခြေအနေရှိသလဲဆိုတာ နည်းနည်း ပြောပြမယ်။
ကာ/ဝန်ကိုယ်တိုင်လည်းအထွေထွေထိုးစစ်ကြီးတစ်ရပ် စုဖွဲ့ပြီး ဖော်ဆောင်မယ်လို့ တရားဝင် ထုတ်ပြန်ထားတယ်လေ။ တချို့ကလည်း ရှေ့မှာ အဲဒီလိုမျိုးတွေ ပြောခဲ့ဖူးတာတွေရှိတော့ ဒါအလှူငွေရဖို့ သက်သက်ပဲ။ လမ်းအားလုံး နေပြည်တော်သို့တို့၊ ဘာတို့သို့ လုပ်တုန်းကလိုပဲ နေမှာဆိုပြီး ဒီမှာတော့ သုံးသပ်နေကြတာပဲ ငါ့မောင်ရေ။ အခုထိုးစစ်ကိစ္စမှာ သူ ပြောတာတွေ ပြန်နားကြည့်ရင်တော့ စစ်လက်နက်ပစ္စည်း ပြည့်စုံဖို့ရယ်၊ ပြန့်ကျဲနေတဲ့ တလရအင်အားစုတွေ စနစ်တကျ ပြန်စုဖွဲ့ဖို့ရယ်၊ EAOs တွေ အပါအဝင် တနိုင်ငံလုံး ဖြန့်ကြက်နိုင်တဲ့ ထိုးစစ်ကြီးဖြစ်စေဖို့ ဆိုတဲ့ အချက် ၃ ချက် ပါတယ် မောင်လေး။
အဲဒီ ၃ ချက်လုံးကလည်း တကယ် အရေးပါသလို တကယ် လုပ်နိုင်စွမ်းပေါ်လာဖို့ကလည်း ခက်သားလား။
ဒီနွေဦးတလရ စကတည်းက တလရအင်အားစုတွေ ပေါင်းစည်းညီညွတ်ရေးက မရခဲ့ဖူးကိုး။ အခြေအနေပေါင်းစုံနဲ့ ရပ်တည်နေကြရတဲ့ တလရအင်အားစုတွေမို့ ဘုံရန်သူ အထင်အရှား ရှိနေပါလျက် တကယ့် EAOs တွေလည်း ဒါကို မလုပ်နိုင်ကြဘူးမို့လား။ ဒါဟာ အကျိုးစီးပွားမတူတာကြောင့်လို့ ဧရာဝတီသတင်း တင်ဆက်မှုမှာ နားထောင်လိုက်ရတယ် မောင်လေး။
အခု စကမ လုပ်မယ့် ရွေးကောက်ပွဲအတွက် ဒီဘက်မှာ သူတို့ ကျယ်ကျယ်ပြန့်ပြန့်တော့ ပေါ်တင် လုပ်တာ မတွေ့ရသေးဘူး။ လုပ်တော့ လုပ်လိမ့်မယ်။ စစ်ကိုင်း ဒီဘက်ခြမ်းမှာ သူတို့စက်ရုံတွေ၊ တက္ကသိုလ်တွေ ရှိနေတာ ဆိုတော့လေ။
ရေဦးမှာတော့ မဲပေးစက်ကို ဂိတ်မှာချထားပြီး လမ်းသွားလမ်းလာတွေ နှိပ်ခိုင်းနေတယ် ကြားတာပဲ။ သေချာအောင်တော့ သူငယ်ချင်းကို ထပ်မေးကြည့်ပါဦးမယ်။ ဒီဘက်ခြမ်းတွေလည်းစခတွေ ပျူတွေ ထိုးစစ်တွေ ဝင်နေတော့ ရွာတွေလည်း စစ်ဘေးရှောင်နေကြရတယ်လေ။ သတင်းတွေ ပြတ်ကုန်တာပေါ့။ဖုန်းက မမိတစ်ချက် မိတစ်ချက်။ အားသွင်းဖို့ကလည်း အတော်ကြိုးစားရတော့ ဖုန်းကောင်းကောင်း မပြောနိုင်ဘူး။
ဒီဘက်ကရွာတွေကို စစ်ကြောင်းတွေ ပတ်ထိုးနေတာတော့ အမှန်ပဲ။ ရွေးကောက်ပွဲ အတွက်ရော၊ စစ်ရေးအရရောလို့ သုံးသပ်ကြပါတယ်။ စစ်ကြောင်း ရှိနေတော့ ခါတိုင်းလို့ သူတို့စခန်းတွေကို သွားတိုက်တာမျိုး ရှော့ဒုံးပစ်တာတွေ သိပ်မလုပ်နိုင်ဘူးပေါ့။
စစ်ကြောင်းဝင်လို့ ပြည်သူ ထုတ်ရတာရယ်၊ ရွာကို မိုင်းကာရတာရယ်၊ ဒါတွေပဲ အချိန်ပေးရသလို ဖြစ်သွားတာ။ သူတို့စစ်ကြောင်းကို သွားတိုက်ဖို့ ဆိုတာကလည်း ပစ္စည်း လုံလောက်မှလေ။
အခုနောက်ပိုင်း တံတားဦးလေတပ်ကို မနှောင့်ယှက်နိုင်တာ ကြာပေါ့။ အဲဒီလိုလုပ်နိုင်ဖို့ပစ္စည်းက KIA က ပို့တာဆိုတော့ ဝယ်စရာ မလိုဘူးလေ။
KIA က လိုအပ်တာ အကုန်ထုတ်ပေးတယ်။ သွားသယ်ရုံပဲ။ 101 ရှော့ဒုံးတွေဆို တစ်ခါတစ်ခါ သယ်လာရင် အများကြီး။ တစ်တောင်ကျော်လောက်ရှိတဲ့ ဒုံးအဆံတွေလေ။ ဖျက်အားတော်တော်ပြင်းတယ်။101 တို့ 107 တို့။
တစ်ခုခုဆို စကမရဲ့အပေါ်က လေကြောင်းရန် အရင်လာနေတာ ဆိုတော့ ဒီအပေါ်ရန်ကို တားဆီးဖို့ မလုပ်နိုင်သရွေ့ စစ်ဘေးရှောင်ပြဿနာက ပေါ်နေမှာပဲ မောင်လေး။ ဒါက လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ အမှန်ပဲ။
အခု ကာ/ဝန်က အထွေထွေ ထိုးစစ်ကြီးဆင်နွှဲမယ်ဆိုတော့ တချို့ရင်းမှူးတွေလည်း ထိုးစစ်ကြီးအတွက် စိတ်သစ်ခွန်သစ် ပေါ်လာကြတယ်။ တလရရဲဘော်တွေလည်း အင်မတန် မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ တချို့ရင်းမှူးတွေကျတော့ ငါ ငယ်ငယ်က ကြုံဖူးသလိုပါပဲ။
ငါ ငယ်ငယ်တုန်းက မန်းလေးမှာ ကျောင်းတက်တုန်းကပေါ့။ မှတ်မှတ်ရရ ဒီဇင်ဘာ အားကစားလကြီး။ အဲဒီမှာ မြို့နယ်ပေါင်းစုံ စုပေါင်းလမ်းလျှောက်ကြမယ် ဆိုပြီး ဘယ်နေ့၊ ဘယ်အချိန်၊ ဘယ်မှာ စုရပ်လုပ်ကြမယ် ဆိုတာ ကြေညာပါရောလား။ ငါကလည်း အင်မတန် တက်ကြွပြီး အားကစားဝတ်စုံတွေဝယ်၊ ကင်းဘတ်ဖိနပ်တို့ ခြေအိတ်တို့နဲ့ စမတ်ကျကျ ပါဝင်ဆင်နွှဲမဟဲ့ဆိုပြီး။အဲဒီညက တစ်ညလုံး အိပ်မပျော်တော့ဘူး။ မနက် ၃ နာရီလောက်ကျတော့ထ၊ မျက်နှာသစ်၊ အားကစားဝတ်စုံ သေချာဝတ်တယ်။ ၃ နာရီခွဲလောက် ကျတော့ လော်စပီကာကနေ ကြေညာတယ်ဟဲ့။
"အားကစား ဝါသနာရှင် မိဘပြည်သူအပေါင်းတို့ ခင်ဗျာ၊ အခုဆိုရင် မြို့နယ်ပေါင်းစုံ စုပေါင်းလမ်းလျှောက်ကြမယ့် အချိန်အခါ သမယ ကျရောက်လို့ လာပါပြီခင်ဗျ။ မကြာမီ အချိန်အတွင်းမှာ စုရပ်ကို အရောက်လှမ်းလို့၊ အတူညီညာ လမ်းလျှောက်ကြဖို့ အကျိုးမျှော်ကာ နှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။ဟော၊ ပြောရင်းဆိုရင်း အမှတ်(..) ရပ်ကွက်က အားကစား အလံတော်လွှင့်ချီလို့ ချီတက်လာပါပြီ ခင်ဗျာ။ ဟော၊ အခုစကားမဆုံးခင်မှာပဲ၊ လာနေကြပြီ ခင်ဗျ၊ လာနေကြပါပြီ ခင်ဗျ... "
ငါ့မောင်ရေ၊ ငါလည်း အဲဒီ လော်စပီကာက လှုံ့ဆော်နေတဲ့ အသံရယ်၊ အားကစားသီချင်းသံရယ် ကြားတော့ ၄ နာရီအထိ မစောင့်တော့ဘဲ အခန်းတံခါးဖွင့်ပြီး၊ အဆောင်မှူးကို သွားနှိုးတာပေါ့။ ကျမလမ်းလျှောက် ချီတက်မလို့၊ တံခါးဖွင့်ပေးဆိုတော့ အဆောင်မှူး ကြီးတော်ကြီးက-
"ဟဲ့၊ ကောင်မလေး၊ အဲဒါ ဘဦး မူးပြီး လျှောက်အော်နေတာ သမီးတဲ့၊ မနက်လင်းမှ လူတွေစုံမှာတဲ့"
ငါကလည်း မရဘူး။ ကြီးကြီးရယ်၊ကျမအိပ်လို့လည်း မရတော့လို့ပါ။
သွားကြည့်ပါရစေပေါ့။ အဲဒါနဲ့ ကြီးတော်ကြီးက-
"အေး၊ နင်ကတော့ ဘဦးနဲ့ မကြုံဖူးသေးမှတော့ သွားပေါ့ဟယ်" ဆိုပြီး အဆောင်တံခါး ဖွင့်ပေးတယ်။ တုတ်တစ်ချောင်းလည်း ပေးလိုက်သေးတယ်။ လမ်းမှာ ခွေးလေခွေးလွင့်တွေ ပေါတာကိုး။ငါလည်း သုတ်ခြေတင် ပြေးတော့တာပဲ။ ငါ့မောင်ရေ၊ စုရပ်ကို ရောက်တော့ လူတစ်ယောက်မှ မတွေ့ဘူး။ လော်စပီကတော့ အော်နေတာပဲ။ ဘယ်ရပ်ကွက်က ရောက်လာပါပြီ။ အားကစား၊အားကစားနဲ့ ရေဒီယိုသီချင်းကလည်း ဖြတ်ထိုဖြတ်ထိုးနဲ့။ ငါလည်း စိတ်တိုတိုနဲ့လော်စပီကာ လွင့်တဲ့နား သွားကြည့်တော့၊သေချင်းဆိုး ဘဦးကြီး၊ ကင်းတဲပေါ် စောင်ခြုံပြီး အော်ချင်ရာ လျှောက်အော်နေတာကိုး။ အခုတချို့ ရင်းမှူးတွေလည်း ကာ/ဝန်က ထိုးစစ်ကြီး စကားစလိုက်တာနဲ့ သံယောင်လိုက်ပြီး ဘဦးတွေ မူးနေပြန်ပြီလားပဲ။
ဒါပါပဲ ငါ့မောင်လေးရေ။ နင်လည်း စစ်ဘေးရှောင်တွေအတွက် ကူပါဦး။
■
မာန်(တောင်လုံးပြန်)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar