အိမ်နီးချင်း ထိုင်းနိုင်ငံ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုက ထိုင်းရောက် မြန်မာတွေအပေါ် သက်ရောက်နိုင်ခြေ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၃ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၅
အိမ်နီးချင်း ထိုင်းနိုင်ငံ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုက ထိုင်းရောက် မြန်မာတွေအပေါ် သက်ရောက်နိုင်ခြေ
ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံက အကြောင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ တိုင်းပြည်ကို ယာယီစွန့်ခွာပြီး ပြည်ပမှာ နေထိုင်ကြသူ သန်းနဲ့ချီ ရှိတဲ့ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေက ခုနှစ်ပိုင်းတွေမှာ မတည်မငြိမ် ဖြစ်လာနေတာ တွေ့ကြရပါတယ်။
မကြာသေးတဲ့လတွေအတွင်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာကိုအကြောင်းပြုပြီး ဝန်ကြီးချုပ် ပေထောင်တန် ရှီနာဝပ်က နယ်စပ်အငြင်းပွားမှုဖြစ်နေတဲ့ တဖက်နိုင်ငံက ကြိုးကိုင်ခေါင်းဆောင် ဟွန် ဆန်နဲ့ ဖုန်းပြောဆိုရာမှာ ထိုင်းအမှတ် ၂ စစ်ဒေသ ဗိုလ်ချုပ်ကိုဝေဖန်ပြောဆိုခဲ့ပြီး အဆိုပါပြောဆိုတဲ့ အသံဖိုင်ကို ဟွန်ဆန်က ပေါက်ကြားစေခဲ့ရာက ဝန်ကြီးချုပ်ရဲ့ ကျင့်ဝတ်နဲ့မညီတဲ့ အပြုအမူလို့ဆိုကာ အတိုက်အခံတချို့က ထိုင်းအခြေခံဥပဒေခုံရုံးကို တိုင်ကြားခဲ့ပါတယ်။
အဲဒီတိုင်ကြားမှုကို အခြေခံဥပဒေခုံရုံးကလက်ခံကြားနာပြီး သြဂုတ်လ ၂၉ ရက်မှာ ဆုံးဖြတ်ဖို့ချိန်းဆို ကာ ဝန်ကြီးချုပ်ရာထူးကနေ ဆိုင်းငံ့မိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို အခြေခံဥပဒေခုံရုံးက အမှုကို လက်ခံထားစဥ်မှာ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီး ၅ ရက်ဝန်းကျင်ကြာမြင့်ကာ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တာဖြစ်ပါတယ်။ သိန်းဂဏန်းနဲ့ ချီတဲ့ အရပ်သားတွေ စစ်ဘေးတိမ်းရှောင်ကြရပြီး နှစ်နိုင်ငံအကြားကုန်သွယ်မှု၊ ရွှေ့ပြောင်းလုပ်သားတွေ နေရပ်ပြန်ကြရတဲ့အဖြစ်တွေနဲ့ နှစ်ဖက်လုံး စီးပွားရေးအရ ထိခိုက်နစ်နာမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။
နယ်စပ်စစ်ပွဲ၊ အစိုးရအဖွဲ့အတွင်း မတည်မငြိမ်ဖြစ်မှုတွေဖြစ်ပျက်ပြီးနောက် သြဂုတ်လ ၂၉ ရက်နေ့မှာတော့ အခြေခံဥပဒေ ခုံရုံးက ဝန်ကြီးချုပ်ပေထောင်တန်ကို ဝန်ကြီးချုပ်အဖြစ်ကရော၊ ဝန်ကြီးအဖြစ်ကပါ ရုပ်သိမ်းဖို့ဆုံးဖြတ်ခဲ့ပြီး ပေထောင်တန် ကိုယ်စားပြုတဲ့ပါတီက အများစုဖြစ်တဲ့ အစိုးရ အဖွဲ့လည်း ဆက်လက်တာဝန်ယူခွင့်မရှိပဲ ပြန်လည်ဖွဲ့စည်းဖို့ ဖြစ်လာခဲ့ပါတယ်။
ဒီလိုနိုင်ငံရေးအခြေအနေတွေပေါ်ပေါက်နေချိန် ထိုင်းနိုင်ငံရဲ့စီးပွားရေးအနေအထားကလည်း ကျဆင်းနေတဲ့အနေအထားဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းကဏ္ဍမှာကျဆင်းနေသလို အရှေ့တောင်အာရှမှာ ဂျပန်၊ အမေရိကန်ကားထုတ်လုပ်တဲ့ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံထားတဲ့ ထိုင်းနိုင်ငံက ကားစက်ရုံတွေ အနေနဲ့လည်း တရုတ်နိုင်ငံကရှေ့ပြေးနေတဲ့ လျှပ်စစ်ကားရေပန်းစားလာတာကြောင့် ရောင်းအားကျဆင်းလာတာနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။ ယခင်က အရှေ့တောင်အာရှမှာ အာရှကျားနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ နည်းပညာအပြောင်းအလဲ စျေးကွက်အပြောင်းအလဲနဲ့ နိုင်ငံရေးနယ်ပယ်မှာ စစ်တပ်၊ နိုင်ငံရေးသမားနဲ့ တော်ဝင်မိသားစုတို့ရဲ့ အာဏာချိန်ခွင်လျှာညှိခြင်းတွေအကြား မတည်မငြိမ်ဖြစ်လာနေတဲ့အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေးအကြပ်အတည်းပေါ်ပေါက်ပြီး လက်နက်ကိုင်ပဋိပက္ခတွေအရှိန်မြင့်တက်လာတဲ့အခါ အနီးဆုံးခေတ္တခိုလှုံရာတိုင်းပြည်တခုဖြစ်နေပါတယ်။ စီးပွားရေးအရ ရွှေ့ပြောင်းအလုပ်သမားတွေ သန်းနဲ့ချီအလုပ်လုပ်ကိုင်နေကြရတာလည်း ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ နယ်စပ်မှာအခြေစိုက်ကြတဲ့ ရှမ်း၊ ကရင်နီ(ကယား)၊ ကရင်၊ မွန် လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေလည်း ထိုင်းနိုင်ငံကို အနည်းနဲ့အများထိတွေ့ဆက်ဆံကာ ရိက္ခာ၊ ဆေးဝါးက အစ လက်နက်ခဲယမ်းအထိ တရားဝင်မဟုတ်သည့်တိုင် မှီခိုနေကြရသလို ၁၉၇၀ ခုနှစ်တွေက ဦးနုရဲ့ ပြည်ချစ်ပါတီနဲ့ လက်နက် ကိုင်အဖွဲ့ ၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံအပြီး လက်နက်ကိုင်လမ်းစဥ်ကိုရွေးချယ်ဖို့ ထိုင်းနယ်စပ်ကိုတောခိုခဲ့ကြတဲ့ကျောင်းသားတွေ နဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် နယ် စပ်နဲ့ အိမ်နီးချင်းနိုင်ငံကိုတိမ်းရှောင်ကြရတဲ့ လူငယ်တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ ထိုင်းနိုင်ငံကိုအခြေပြုပြီး နယ်စပ် သို့မဟုတ် ထိုင်းနိုင်ငံထဲခိုလှုံနေထိုင်ကြရတာ ဖြစ်ပါတယ်။
အဆိုပါရွှေ့ပြောင်းလုပ်သား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ၊ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာပါဝင်လို့ ဖမ်းဝရန်းထုတ်ခံရသူတွေအများအပြားနေထိုင်နေကြရတဲ့ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအပြောင်း အလဲမတည်ငြိမ်မှုတွေက မြန်မာနိုင်ငံသားတွေအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေရှိနေတာ အမှန်ပဲဖြစ်ပါတယ်။
မကြာသေးခင်လပိုင်းတွေအတွင်း မြန်မာအများဆုံးနေထိုင်ကြတဲ့ ထိုင်း-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ မဲဆောက်မှာ နေထိုင်ခွင့်အထောက်အထား၊ အလုပ်လုပ်ကိုင်ခြင်း ရှိမရှိ၊ ရွှေ့ပြောင်းလုပ်သားမှတ်ပုံ တင်စာရင်းသွင်းတဲ့နေရာနဲ့ အမှန်တကယ်နေထိုင်လုပ်ကိုင်တဲ့ နေရာကိုက်ညီမှုရှိမရှိ၊ သုံးဘီးစီးနင်းမှုတွေ ဖမ်းဆီးတာ စတဲ့ စစ်ဆင်ရေးကို လနဲ့ချီလုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဆယ်စုနှစ်တွေအတွင်း အတင်းကြပ်ဆုံး စစ်ဆေးမှုလို့ မဲဆောက်မှာ ကြာမြင့်စွာနေထိုင်နေတဲ့ မြန်မာတွေက ဆိုကြပါတယ်။ အဲဒီလိုစစ်ဆေးမှုတွေက ဘယ်အကြောင်းအချက်တွေကြောင့်လဲလို့မေးရင် ထိုင်းနိုင်ငံ စီးပွားရေးကျဆင်းနေတာကြောင့် အလုပ်အကိုင်အခွင့်အလမ်းလျော့ကျလာရာမှာ မြန်မာရွှေ့ပြောင်းလုပ်သားနဲ့ မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံသားတွေ လုပ်ကိုင်နိုင်တဲ့အလုပ်တွေကို လုပ်ကိုင်နေကြတယ်ဆိုတဲ့ အမြင်တွေပေါ်ထွက်လာရာက ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက အုပ်ချုပ်ရေးဌာနတွေကို ဖိ အားပေးပြီး တရားဝင်နေထိုင်ခွင့်အထောက်အထားစစ်ဆေးတာ၊ နိုင်ငံခြားသားလုပ်ခွင့်မရှိတဲ့အသက်မွေးဝမ်းကျောင်းအလုပ်တွေ လုပ်ကိုင်နေခြင်း ရှိမရှိ စိစစ်တာတွေ ဖြစ်လာပါတယ်။ သယ်ယူပို့ဆောင် ရေးအလုပ်လို၊ အစားအသောက်ရောင်းချတာ၊ မြန်မာနိုင်ငံက တရားမဝင်တင်သွင်းလာတဲ့ ကုန်စည်တွေကိုစစ်ဆေးဖမ်းဆီးတာတွေ ဆက်တိုက်ဆိုသလိုလုပ်ဆောင်လာတာ ဖြစ်ပါတယ်။
အမှန်တကယ်တော့ သန်းဂဏန်းချီရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး လည်ပတ်ဖို့ရာအတွက် မရှိမဖြစ်လုပ်သားအင်အားတွေ ဖြစ်ပါတယ်။ မြန်မာရွှေ့ပြောင်း လုပ်သားတွေအပြင် ကမ္ဘောဒီးယားနဲ့ လာအို ရွှေ့ပြောင်းလုပ်သားတွေလည်း မြန်မာဦးရေလောက် မများသည့်တိုင်ရှိနေကြပြီး မကြာသေးခင်က နယ်စပ်စစ်ပွဲဖြစ်ပွားနေစဥ်နဲ့ ပြီးနောက်မှာ သိန်းနဲ့ချီတဲ့ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေ မိခင်နိုင်ငံကိုပြန်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေနေရပ်ပြန်လို့ လစ်လပ်လိုအပ်နေတဲ့အလုပ်သမားအင်အားတွေကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ နဲ့အစားထိုးဖို့လည်း ပြင်ဆင်နေကြတာတွေ့ရပါတယ်။
ဒီအချက်တွေကိုကြည့်ရင် ထိုင်းနိုင်ငံနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ကိုင်းကျွန်းမှီကျွန်းကိုင်းမှီ အနေအထား နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့အနေအထားဖြစ်ပေမယ့် ထိုင်းနိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့ အနေအထားမှာ ထိုင်းပြည်သူတွေရဲ့ထောက်ခံမှုရဖို့ နိုင်ငံရေးသမားတွေက ရွှေ့ပြောင်းလုပ်သားနဲ့ နယ်စပ်တရားမဝင်ဝင်ရောက်မှုပြဿနာတွေကိုအသုံးချလေ့ရှိတာ တွေ့ရမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ လက်ရှိလွှတ်တော်ကိုဖျက်သိမ်းဖို့ ဖွေထိုင်းပါတီက ယာယီဝန်ကြီးချုပ်က စာတင်ပေမယ့် ဘုရင်နဲ့ အတိုင်ပင်ခံကောင်စီက လက်မခံတာကြောင့် လတ်တလော ရွေးကောက်ပွဲမကျင်းပသေးပေမယ့် နိုင်ငံရေးအရအားကောင်းတဲ့ အစိုးရအဖွဲ့မဖွဲ့နိုင်သေးမယ့်အနေအထားဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားတွေ နဲ့ပတ်သက်တဲ့ အလုပ်သမားဝန်ကြီးဌာနလိုမှာ ဝန်ကြီးအပြောင်းအလဲတွေ ဖြစ်လာမှာမို့ မူဝါဒအပြောင်းအလဲတွေ အတိုင်းအတာတခုထိရှိလာမှာ ဖြစ်ပါတယ်။
ဒီအနေအထားတွေကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံရေးအပြောင်း အလဲအခြေအနေတွေကို မျက်ခြည်မပြတ်စောင့်ကြည့်နေဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar