Breaking News

ကျော်မင်းထွန်း(NEW YORK) - အပြန်လမ်း

Art- KT#
 
အပြန်လမ်း
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၂၅


ပင်လယ်ကို ငေးမယ်
တောင်တန်းတွေကို ငေးမယ်
သူတို့နောက်ကျောထဲ
နေလုံးကြီးနိမ့်ဆင်းသွားတာကို ငေးမယ်။

စမ်းချောင်းဘေးမှာ လဲလျောင်းမယ်
တောင်ကျစမ်းရေ တခွက်စီသောက်မယ်
ချစ်သူတွေကြား စကားမများကြေးပေါ့။

ဝေးသွားတဲ့ အချိန်တွေဟာ
ဖုန်အလိမ်းလိမ်းတက်လို့…

နီးခြင်းဝေးခြင်းဒဏ် ခံနိုင်အောင်
ဝင်လေထွက်လေကို လေ့ကျင့်လို့…

ပြန်လို့ရပြီဆိုမှ
ပြန်ဖို့လမ်းကို မမှတ်မိ

ပြန်ချင်ပါတယ်ဆိုမှ
ပြန်စရာအိမ်က မရှိ

ပြန်စရာအိမ်ရှိရှိ မရှိရှိ
အိမ်ပြန်ချင်စိတ်တော့ရှိတာပဲ။

အိမ်ပြန်ချင်တဲ့ အိမ်မက်ဟာ
လေယာဉ်ဗုံးဒဏ်ခံရလို့ တစစီကျိုးပျက်
ဝေဟင်ဒရုန်းဒဏ်ခံရလို့ တပိုင်းစီပြတ်ထွက်။

ဆည်းဆာညချမ်း
အိမ်အပြန်လမ်းမှာ
ပြန်မဆုံရတဲ့အခါ
မိသားစုဟာ မပြည့်စုံပါဘူး။    ။


 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar