Breaking News

မောင်လူမွှေး - ကျိုးကြေသွားတဲ့ စိတ်ကူးအိပ်မက်

မောင်လူမွှေး - ကျိုးကြေသွားတဲ့ စိတ်ကူးအိပ်မက်

မိုးမခ ၊ စက်တင်ဘာ ၁၅ ၊ ၂၀၂၅

စက်တင်ဘာလဟာ မောင်လူမွှေးရဲ့ မွေးလဖြစ်တယ်။ မောင်လူမွှေးအတွက် ကိုယ့်မွေးလမှာ မှတ်မှတ်ရရ တစ်ခုပဲ ရှိခဲ့တယ်။ မောင်လူမွှေးရဲ့ ဖခင်ဟာ မောင်လူမွှေး မွေးနေ့နဲ့ကပ်ပြီး စက်တင်ဘာလထဲမှာပဲ ဆုံးပါးခဲ့တယ်။ အခု ၂၀၂၅ စက်တင်ဘာမှာ မောင်လူမွှေးအတွက် နောက်ထပ်အမှတ်တရ တစ်ခု ထပ်တိုးပါတယ်။ အဲဒါကတော့ မောင်လူမွှေးရဲ့ တပည့် လိမ္မာတစ်ယောက် တိုက်ပွဲမှာ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ မောင်လူမွှေးရဲ့ဘဝ စက်တင်ဘာလ အမှတ်တရ နှစ်ခုစလုံးဟာ နာကျင်စရာတွေပဲ ဖြစ်နေတာ သတိထားမိတယ်။

အထက်တန်းကို မြန်မာစာသင်ပေးတော့ မောင်လူမွှေးဟာ တော်လှန်ရေးရဲဘော်လည်း ဖြစ်၊ ကျောင်း သားလည်းဖြစ်တဲ့ သူနဲ့ ဆုံခဲ့ရတယ်။ သူ့တပ်က ကျောင်းဖွင့်ချိန်မှာ သူ့ပညာရေးကို ဆက်လက်သင်ယူစေတယ်။ ဒီတော့ သူဟာ ရဲဘော်ကျောင်းသားတစ်ယောက် ဖြစ်တယ်။ ကျောင်းစာသင်ခန်းမှာ သူဟာ စာတော်တဲ့ကျောင်းသားတစ်ယောက် မဟုတ်ပေမယ့် စည်းကမ်းအလိုက်နာဆုံးကျောင်းသား ဖြစ်ခဲ့တယ်။ သူကိုယ်တိုင်လည်း စည်းကမ်းလိုက်နာသလို သူ့အတန်းဖော်တွေကိုလည်း စည်းကမ်းလိုက်နာဖို့ တွန်းအားပေးတဲ့၊ ထိန်းကျောင်းနိုင်တဲ့ ကျောင်းသားခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့တယ်။ စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေကြောင့် ဖရိုဖရဲဖြစ်နေတဲ့ကြားက ဆရာကန်တော့ပွဲကို သူပဲ ကမကထလုပ်ပြီး ကျင်းပခဲ့တာကို ပြန်သတိရမိပါတယ်။

ကျောင်းသားရဲဘော်ဖြစ်တဲ့ သူနဲ့ မောင်လူမွှေး၊ ဆရာတပည့်နှစ်ယောက် ခရီးတစ်ခုကိုလည်း  အတူသွားခဲ့ဖူးတယ်။ မိုင်တစ်ရာဝန်းကျင်လောက် ဝေးတဲ့ တောလမ်းခရီးကိုဖြတ်ပြီး အစည်းအဝေးတစ်ခု သွားစရာရှိတဲ့ မောင်လူမွှေးကို သူက လိုက်ပို့ခဲ့တာဖြစ်တယ်။ ဒီလမ်းခရီးဟာ နှစ်ညအိပ် ကြာခဲ့တယ်။ ခရီးအတူသွားဖူးမှ လူတစ်ယောက်အကြောင်းကို သိရတာလို့ မှတ်သားဖူးတယ်။ လမ်းခရီးမှာ မောင်လူမွှေးတပည့်ရဲ့ ရဲဘော်ပီပီ ဖျတ်လတ်မှု၊ အကြမ်းခံနိုင်မှု၊ ဆရာဖြစ်တဲ့ မောင်လူမွှေးအပေါ်ငဲ့ညှာမှု၊ တာဝန်ကျေပွန်မှုတွေကို တွေ့မြင်ခဲ့ရတယ်။

ကျဆုံးသွားတဲ့ မောင်လူမွှေးတပည့်ရဲ့ မိသားစုဟာ တော်လှန်ရေးမှာ ယုံကြည်ချက် ခိုင်မာတဲ့ မိသားစု  ဖြစ်တယ်။ မိခင်ဖြစ်သူက  သားနှစ်ယောက်လုံး လက်နက်ကိုင်တော်လှန်ရေး လုပ်နေတာကို ဂုဏ်ယူအားပေးတယ်။ မောင်လူမွှေးတပည့်နဲ့ သူ့အထက်က အစ်ကို နှစ်ယောက်လုံးဟာ ရှေ့တန်းနယ်မြေမှာ ရှိနေခဲ့ကြတယ်။ အဲဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့ရဲ့ အကြီးအကဲတွေဟာ မိခင်ဖြစ်သူကို ငဲ့ညှာပြီး သားနှစ်ယောက်ထဲက တစ်ယောက်ကို အရန်တပ်သားအဖြစ် ထားပြီး အိမ်ပြန်ပို့ ဖို့ ဆုံးဖြတ်ချက်ချခဲ့ကြတယ်။

သားနှစ်ယောက်မှာ အငယ်ဖြစ်တဲ့ မောင်လူမွှေးတပည့်ကို အိမ်ပြန်ပို့ဖို့ ဆုံးဖြတ်ထားကြောင်း သိရတယ်။ ဒီတော့ မောင်လူမွှေးလည်း မောင်လူမွှေးတပည့် ရောက်လာရင် သူ့အတွက် ဘာလုပ်ပေးရမလဲ စဥ်းစားနေမိခဲ့တယ်။ ကျောင်းပြန်တက်မယ် ဆိုရင် သူဟာ Grade 12 ကို တက်ရမယ်။ Grade 12 တက်ရင် အခြားရွာကို သွားတက်ရမယ်။ ပညာရေး ဆက်မတက်ချင်တော့ဘူး ဆိုရင်လည်း သင့်တော်ရာ အလုပ်တစ်ခုရှာဖွေပြီး ဖန်တီးပေးနိုင်ဖို့ စဥ်းစားနေဆဲ ဖြစ်တယ်။

ဒါပေမဲ့ သူ့တပ်က ဆုံးဖြတ်ထားတဲ့အတိုင်း သူ့ကို ပြန်မပို့ခင်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေထိုးလာတယ်။ အရေးပေါ်အခြေနေမှာ သူကလည်း လိုလိုချင်ချင် လိုက်ပါသွားခဲ့တယ်လို့သိရ တယ်။ ဒီလိုနဲ့ စစ်တပ်က အာဏာသိမ်းတာကို ခံပြင်းနာကြည်းနေတဲ့ ၊ ရဲရင့်တဲ့ မောင်လူမွှေးတပည့်ဟာ တိုက်ပွဲမှာ ကျဆုံးခဲ့ရတယ်။ အရန်တပ်သားအဖြစ် အိမ်ကို ပြန်မလာနိုင်ခဲ့ဘဲ အာဇာနည်ရဲဘော်အဖြစ်ပဲ ပြန်လာခဲ့တယ်။

သူ့မိသားစုဟာ တော်လှန်ရေးကို ယုံကြည်ပြီး အားသွန်ခွန်စိတ် လုပ်ဆောင်ရုံမက စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ မိသားစုလည်း ဖြစ်တယ်။ သူ့အသုဘ အခမ်းအနားကို ဘာအသံချဲ့စက်မှမပါဘဲ တိတ်တဆိတ် ရိုးရိုးရှင်းရှင်း ကျင်းပတာတောင် လူတွေအများကြီး ရက်ဆက်လာကြတယ်။ လာတဲ့ထဲမှာ စစ်ဘေးရှောင်တွေလည်း အများကြီးပါတယ်။ တတ်နိုင်သမျှ ကူပြီး စာနာလေးစားဂုဏ်ပြုကြောင်း ပြကြတယ်။

မောင်လူမွှေးတပည့် ကျဆုံးတော့ သူ့အသက်က ဆယ့်ရှစ်နှစ်။ မိသားစုရဲ့ အငယ်ဆုံးသား ဆိုပေမယ့် ဘာအခွင့်အရေးမှ ပိုမယူခဲ့တဲ့သူ ဖြစ်တယ်။ သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာ အနစ်နာခံတတ်သူအဖြစ် နာမည်ရသူတစ်ယောက် ဖြစ်တယ်။ စိတ်သဘောထားကြီးတဲ့ သူ့ကို ရပ်ရွာတိုးတက်ရေး အလုပ်တွေ ဦးဆောင် လုပ်နိုင်မယ့်သူအဖြစ် မောင်လူမွှေး အများကြီး မျှော်လင့်ခဲ့တယ်။

မောင်လူမွှေး တပည့်ကို မနက်စောစော သင်္ဂြိုဟ်ကြတယ်။ မောင်လူမွှေး သုသာန်ကို သွားတော့ လူတွေ ဘယ်သူမှ မရှိတော့ဘူး။ တစ်နေ့တာရဲ့ ထွက်သစ်စ နေရောင်ခြည် ဖြန့်ကြက်နေတဲ့ ကောင်းကင်အောက်မှာ တက်သစ်စ လူငယ်တစ်ယောက်ရဲ့ ခန္ဓာဟာ လောင်ကျွမ်းနေတယ်။ မောင်လူမွှေးဟာ  ကိုယ့်တပည့်ရဲ့ အရိုးတွေကို မီးတွေလောင်ပြီး ရဲတောက်နေတာကို ငေးကြည့်နေခဲ့တယ်။ သူ့ရဲ အာဏာရှင်ကို ခံပြင်းတဲ့၊ တော်လှန်လိုတဲ့စိတ်ဟာလည်း သူ့အရိုးထဲထိ တောက်လောင်နေခဲ့တာပါ။ သူ့အရိုးတွေဟာ လောင်နေတဲ့ မီးကြောင့် မီးသွေးခဲတွေလို အပိုင်းပိုင်းကျိုးကြေပြီး ဆက်လောင်ကျွမ်းနေကြတယ်။  မောင်လူမွှေး သူ့အပေါ် မျှော်လင့်စိတ်ကူးထားတဲ့ ရည်မှန်းချက်တွေ၊ စိတ်ကူးတွေလည်း သူ့အရိုးတွေလို အစရှာမရအောင် ကျိုးကျေသွားခဲ့ရပြီ ဖြစ်တယ်။ လောင်ကျွမ်းနေတဲ့ သူ့ကိုယ်ခန္ဓာအနီးကနေ ခွာပြီး "သွားတော့ တပည့်ရေ" လို့ စိတ်ထဲကနေ နှုတ်ဆက်လိုက်တယ်။ သုသာန်ကနေ လှည့်ထွက်လာခဲ့တယ်။ သူနဲ့ပတ်သက်တဲ့ စိတ်ကူးအိပ်မက်တွေ ကျိုးကြေသွားပေမယ့် သူနဲ့ပတ်သက်ပြီး စစ်အာဏာရှင်စနစ်ကို မုန်းတီးမှုတွေကတော့ မောင်လူမွှေး ရင်ထဲ တောက်လောင်နေပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar