မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၅)
မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၅)
မိုးမခ ၊ စက်တင်ဘာ ၁၆ ၊ ၂၀၂၅
■
"ဘာဘာ ဘာမှမသိဘူး"
"အစ်မကြီး ဒီတစ်ခါတော့ နေကောင်းလား ဆိုတာထက် ခြေကောင်းလား၊ မျက်စိကောင်းလား၊ နားတွေရော ကောင်းလားလို့ ကျနော် မေးရပါပြီ။
အစ်မကြီးရဲ့ ပြန်စာတွေ ဖတ်ရပါတယ်။ တော်တော်လည်း စိတ်မကောင်းဖြစ်ရပါတယ်။ တချို့ကတော့ ဒါတွေ အပေါ်ယံဖတ်ပြီး နွေဦးတော်လှန်ရေးကို ထိခိုက်ကုန်တော့မှာပဲလို့ ထင်ကြပါလိမ့်မယ်။ တကယ်က ပြည်သူတွေ ကြုံတွေ့နေရတဲ့ ပကတိအမှန်တွေ အစ်မကြီး ပြောပြမှ သိကြရတာပါ။ အရှိအတိုင်း ပြည်သူတွေသိမှ ရှေ့ဆက်ပြီး ဘာတွေ ပြုပြင်ရမလဲသိမှာပါ။ ကျနော်တို့ဟာအကုန်သေမျိုးချည်းပဲ မဟုတ်လား။ ဒါတွေက နောင်မှ သမိုင်းအစစ်တွေပါလို့ ထုတ်ပြလို့ ဘာအကျိုးရှိမှာလဲ ဆိုတဲ့ အစ်မကြီးရဲ့ အယူအဆကို ကျနော် လက်ခံပါတယ်။
NUG ခေါင်းဆောင်ပိုင်းတွေဟာ ဒီဖြစ်ရပ်တွေ အကုန်အစင်သိချင်မှ သိပါမယ်။ သိရပြီဆိုမှ ဘယ်လို ပြုပြင်ရမလဲ ဆိုတာ အထောက်အကူဖြစ်မယ်လို့ ကျနော်လည်း ယုံကြည်ပါတယ်။ ပြုပြင်ဖို့ နောက်မကျသေးပါဘူး။
အစ်မကြီး...
ဒီနွေဦး ပေါ်ပေါက်လာတာ အင်မတန်ကောင်းမွန်တဲ့ ပွင့်လင်းမြင်သာမှုတွေ အများကြီး ရလိုက်တာတော့ အနာဂတ်အတွက် ကြီးမားတဲ့ အကျိုးအမြတ်လို့ ကျနော် မြင်ပါတယ်။
၁၉၅၈ နဲ့ ၁၉၆၂ မှာ စစ်တပ်က အာဏာသိမ်းတယ်။ ၁၉၆၂ ကနေ ၁၉၈၈ အထိ ၂၆ နှစ်ကြာမှ ဒီမိုကရေစီ အသံထွက်ခွင့်ရတယ်။
၁၉၈၈ ကနေ ၂၀၁၀ ထိ ၂၂ ကြာ စစ်အုပ်ချုပ်ရေးနဲ့ နေရတယ်။
အခု ၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ ၅ နှစ်အကြာမှာပဲ စစ်တပ်က ဒီမိုကရေစီ လုပ်ပြရတော့မယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်၊ နောင်ဆို ဒင်းတို့ အာဏာသိမ်းဖို့ တော်တော်တွန့်ဆုတ်သွားမှာ အမှန်ပါပဲ။ ဒါဟာ နွေဦးတော်လှန်ရေးရဲ့ ရလဒ်စွမ်းရည်ကြောင့်ပါ။
နောက်အကျိုးအမြတ်ကတော့ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေရဲ့ စိတ်နေသဘောထားတို့၊ သူတို့ ရင်ဆိုင်ကျော်ဖြတ်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးစနစ်တို့၊ စစ်တပ်ရဲ့ ပရိယာယ်ကို စစ်တပ်နည်းတူ တန်ပြန်တဲ့ ရပ်တည်ချက်တို့ အခုမှ ကျနော်တို့ သဘောပေါက်လာကြတာပါ။ အစက မသိခဲ့ကြပါဘူး။ ကျကျနန သိကိုမသိခဲ့ကြတာ တစ်နိုင်ငံလုံးလို့ ဆိုရမယ် ထင်ပါတယ်။
ဒီလိုပါ အစ်မကြီး...
၁၉၅၈ က စခဲ့တဲ့ စစ်တပ်ရဲ့ တိုင်းပြည်အာဏာသိမ်းမှု အသီးသီးဟာ ဘယ်ကို အဓိကသက်ရောက် ချုပ်ကိုင်သလဲ ဆိုရင် ပြည်မဒေသလို့ သတ်မှတ်ထားတဲ့ တိုင်းပြည်ရဲ့ ၇၀ ရာခိုင်နူန်းအပေါ် အဓိက သက်ရောက်ပါတယ်။ ကျနော်တို့က အဲဒီလို အစက မသိဘူး။ တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက် ရောက်ခဲ့တယ်ပဲ ရေးကြ ပြောကြတာကိုး။ တကယ်တမ်းကျတော့ တိုင်းရင်းသားအင်အားစုတွေဟာ အဲဒီ ၁၉၅၈ တဝိုက်ကစပြီး ပြည်မမှာ ဘယ်အစိုးရတက်တက် သူတို့ဟာသူတို့ ရပ်တည်နိုင်အောင် သူတို့နည်းသူတို့ဟန်နဲ့ နေနိုင်အောင် တက်လာတဲ့ အစိုးရတိုင်းနဲ့ ကြမ်းတစ်ခုနုတစ်လှည့် ချိန်ညှိပြီး ရပ်တည်လာခဲ့ကြတာပါ။ ဆိုလိုတာက ပြည်မက အပြောင်းအလဲတွေဟာ သူတို့အတွက် ထူးထူးခြားခြား သိပ်မရှိတဲ့သဘောပါ။ ခေတ်တွေနဲ့ပိုင်းပြောရရင် ဖဆပလအစိုးရခေတ်နောက်ပိုင်း၊ အိမ်စောင့်အစိုးရခေတ်၊ မဆလခေတ်၊ နဝတ/နအဖခေတ်၊ ဦးသိန်းစိန်အစိုးရခေတ်၊ ဒေါ်အောင်ဆန်းစုကြည်အစိုးရခေတ်၊အခု မအလစစ်အာဏာရှင်ခေတ် အထိ ပါပါတယ်။
အခု ပွင့်လင်းမြင်သာတဲ့ မီဒီယာခေတ်ကို ရောက်လာတဲ့အတွက် EAOs တွေ ဘယ်လိုရပ်တည်ရှင်သန်ခဲ့ကြတယ် ဆိုတာ ကျနော်တို့ လေ့လာရကောင်းမှန်းသိလာကြတာပါ။ ဟိုတုန်းကတော့ ကျနော်တို့ ပြည်မက ပြည်သူတွေ ဝါဒမှိုင်းမိပြီး EAOs တွေကို အထင်မှားခဲ့ကြတာပဲ။ ရုပ်ရှင်တွေ၊ဇာတ်လမ်းတွေထဲမှာ သူတို့ဟာ အမြဲဗီလိန်ဖြစ်နေတာကိုး။ တကယ့်အဖြစ်မှန်ကို ကျနော်တို့ လေ့လာရကောင်းမှန်းကို မသိခဲ့ကြဘူး။ အခု ဘုံရန်သူဆိုတဲ့ ပြဿနာကြီး ပေါ်လာမှ အဖြစ်မှန်တွေ သိလာကြတာမို့လား။
အစ်မကြီးရေ...
ကျနော် ဆက်ပြီး မသိခဲ့ကြခြင်းတွေထပ် ရှင်းပြချင်ပါတယ်။ အမေစု အစိုးရလက်ထက်မှာ ကျနော်တို့ဟာ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာနေရင်း ကျနော်တို့ တိုင်းပြည်ကြီး ဒီမိုကရေစီနဲ့သာ ဆက်ချီတက်ကြရင် တစ်ချိန်မှာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တော့မယ်လို့ မျှော်လင့်မိကြတာပါ။ မအလက အာဏာသိမ်းလိုက်တော့ စိတ်ကူးယဥ် ကမ္ဘာလေး ပြိုကွဲပြီး ဒီတစ်ချီတော့ ငုံ့မခံဘဲ တုံ့ပြန်ကြမယ်လို့ ဆုံးဖြတ်ခဲ့ကြတာပဲ။ ဒီနည်းကလွဲလို့ ရွေးချယ်စရာလည်း မရှိဘူး။ ဒီတစ်ချီတော့ လက်နက်ကိုင်တော်လှန်မှ ဖြစ်မယ်လို့ သဘောပေါက်ခဲ့ကြတယ်။ ဒီအထိက သိကြတယ် အစ်မကြီး။ အသိမှန်တယ်။
အခု မသိခဲ့ကြတာ စပြောပါမယ်။
အဲဒါက ဘုံရန်သူနဲ့ EAOs တွေရဲ့ နှစ်ပေါင်း ၇၀ နီးပါး ဖြတ်သန်းနေမှုကြီးပါ။ နဂိုက တည်ရှိနေပြီးသား ဖြစ်စဥ်ကြီး။ ဒီနွေဦးအစကတော့ မြန်မာစစ်တပ်ကို မြန်မာအများစုက ပြန်တိုက်ဖို့ပေါ်လာတဲ့ တော်လှန်ရေးပါ။
၁၉၈၈၊ ၈ လေးလုံး အရေးတော်ပုံအလွန်မှာလည်း ကျောင်းသားတပ်မတော် ABSDF ပေါ်ပေါက်ခဲ့ပါတယ်။ အခုလောက် ကျယ်ကျယ်ပြန်ပြန့် မလှုပ်ရှားနိုင်ခဲ့ပါဘူး။ တူညီနေတာက အခု နွေဦးတော်လှန်ရေးမှာလည်း မြန်မာအများစုဟာ စစ်အာဏာရှင်စနစ်ကို ပြန်တိုက်ဖို့ EAOs တွေဆီသွားပြီး အခြေခံစစ်ပညာတွေ သင်ယူကြရတာပါပဲ။ ထူးခြားတာက နွေဦးအစမှာပဲ၊ ချင်းတိုင်းရင်းသားတွေ၊ ကရင်နီတွေ၊ တနင်္သာရီဘက်က တော်လှန်ရေးသမားတွေ၊ အညာဒေသက အင်အားစုတွေ အပြိုင်ပေါ်ပေါက်လာတာပါပဲ။ EAOs တွေကလည်း ဒီတစ်ချီတော့ မြန်မာစစ်တပ်ကို တစ်နိုင်ငံလုံးအနှံ့ တန်ပြန်နိုင်မယ့် အခါကျပြီလို့ ဖွင့်ပြောလာကြပါတယ်။ ဘုံရန်သူ ဆိုတဲ့ ဝေါဟာရကို အဓိပ္ပာယ်ရှိရှိ လက်တွေ့ကျကျ ပြောလို့ရတဲ့ အခွင့်အခါ ပေါ်ပေါက်လာတယ် အစ်မကြီး။
ဟုတ်ပြီ။
ကျနော်တို့ ဘာမသိတာလဲ။
အားလုံး စုပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ရင် ရပြီ။
ဒါဟာ နွေဦးရဲ့အဓိက ဆန္ဒကြီးတစ်ရပ်။
EAOs တွေကလည်း မူအားဖြင့် လက်ခံကြတယ်။ စစ်ရေးအကူအညီတွေ ပေးကြတယ်။ စစ်သင်တန်းတွေ ပေးကြတယ်။ တစ်နိုင်ငံလုံး စစ်ကျွန်ဘဝက လွတ်မြောက်ရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်ကြပါတယ်။ မြန်မာစစ်တပ်ကို ပြန်တိုက်နိုင်တဲ့ PDF တွေ၊ local PDF တွေ၊ ပေါ်လာတယ်။ NUG ပေါ်ပေါက်လာတယ်။ အဲဒီကနေ ၃ နှစ်အတွင်း စစ်အနိုင်တိုက်ရေး ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။ အဲဒါ မသိခြင်းအစလို့ ကျနော် မြင်မိတယ် အစ်မကြီး။ ဘာဖြစ်လို့လဲဆိုတော့ ဒီကြွေးကြော်သံကို ဝါရင့် EAOs တွေ လိုက်မပြောကြလို့ပါပဲ။ သူတို့က သိနှင့်နေတယ် အစ်မကြီး။ ဆန္ဒဟာ ဆန္ဒပဲ။ တကယ်လက်တွေ့ ရင်ဆိုင်ရတဲ့အခါ နင်တို့ သိလိမ့်မယ် ဆိုပြီး ရေငုံနှုတ်ပိတ် နေပေးကြပါတယ်။ ဟန့်တားတာ နှောင့်ယှက်တာ မလုပ်ခဲ့ကြပါဘူး။
ကျနော်တို့ ဘာတွေ မသိခဲ့ကြတာလဲ။
ဒီနိုင်ငံမှာလည်း အွန်လိုင်းမီတင်တွေ ကျင်းပကြတယ်။ မြေပြင်က တော်လှန်ရေး အင်အားစုတွေနဲ့ ချိန်ဆက်ဆွေးနွေးကြတယ်။ လူထုဆန္ဒပြပွဲတွေ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ချိတ်ဆက်ပြီး အမြောက်အမြား ကျင်းပကြပါတယ်။ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးကို အရှိန်အဟုန်ကြီးစွာ လှုပ်ရှားခဲ့ကြပါတယ်။ သမိုင်းတလျှောက်မှာ ဒီလောက် အရှိန်အဟုန်ကြီးစွာ လှုပ်ရှားမှုမျိုး အရင်က မပေါ်ပေါက်ခဲ့တာ အမှန်ပဲ အစ်မကြီး။
ဟုတ်ပြီ၊ ဒီလိုဆိုရင် အဓိကအချက်ဖြစ်တဲ့ ဘုံရန်သူကို အမြစ်ပြတ်ခြေမှုန်းဖို့၊ ၃ နှစ်အတွင်း စစ်အနိုင်တိုက်ရေး ဖော်ဆောင်ဖို့ ဝါရင့် EAOs တွေ ဘာကြောင့် ရေငုံနှုတ်ပိတ်နေကြတာလဲ။ ကျနော်တို့ မသိတာတွေ သူတို့ သိထားလို့ပါပဲ။ သူတို့ သိထားတာလဲ တိတ်ဆိတ်တဲ့ အမှန်တရားတွေပါပဲ။ NUG မသိထားတာတွေ သူတို့ သိထားတယ်။
နံပါတ်တစ်အချက်က လက်နက်ကိုင်တော်လှန်ရေးဆိုတာ လက်နက်မရှိခင်နဲ့ လက်နက်ရှိလာပြီးချိန် စိတ်နေသဘောထား၊
နံပါတ်နှစ် အချက်က တိုက်ပွဲ မဖော်ဆောင်ခင်အချိန်နဲ့ တိုက်ပွဲဖော်ဆောင်ပြီးချိန် စိတ်နေသဘောထား၊
နံပါတ်သုံးအချက် အောင်မြင်မှုမရခင်နဲ့ အောင်မြင်မှုရပြီးချိန် စိတ်နေသဘောထား၊
ပြီးတော့ နယ်မြေတွေ မပိုင်ဆိုင်ခင်နဲ့ ပိုင်ဆိုင်ပြီးချိန် စိတ်နေသဘောထာတွေပါပဲ။
ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောကြပါမယ်။ အခုအခြေအနေဟာ မြန်မာစစ်တပ်ကို တိုက်နိုင်တဲ့ မြန်မာအများစု ပါဝင်တဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ နောက်ထပ် တိုင်းရင်းသားအင်အားစုတွေ ထွက်ပေါ်လာတဲ့ အခြေအနေပဲ ရှိပါသေးတယ်။ NUG ရဲ့ MoD ပေါ်ပေါက်လာတယ်။ မောင်ဆောင်းခ တို့ရဲ့ BPLA၊ ဗိုလ်နဂါး၊ local PDF အသီးသီး ၊ ချင်း၊ ကရင်နီ၊ စတဲ့ တော်လှန်ရေး အင်အားစုတွေ အများကြီးပေါ်လာတယ်။ နောက်ထပ်လည်း ထပ်ထပ်ပြီးပေါ်လာပါဦးမယ်။ မအလရွေးကောက်ပွဲ လုပ်လုပ် မလုပ်လုပ် တော်လှန်ရေးက ရပ်သွားမှာ မဟုတ်ပါဘူး။
အဲဒီလိုပဲ မြန်မာစစ်တပ်ကလည်း စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ စစ်သားစုဆောင်းတာတွေအကြီးအကျယ် လုပ်လာတယ်။ ၂၀၀၈ ဖွဲ့စည်းပုံထဲထည့်ထားတာကိုး။ အဲဒါအပြင် မကြုံစဖူး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တယ်။ တရုတ်တို့ ရုရှားတို့နဲ့ ပေါင်းပြီး ပြည်သူတွေကိုရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ်တယ်။ ဒရုန်း စစ်ဆင်ရေးတွေ လုပ်တယ်၊ မီးရှို့ဖျက်ဆီးတယ်။ ဒါတွေဟာ လုပ်ပါများလွန်းလို့ ရိုးရာလိုတောင် ဖြစ်နေပါပြီ။ ဒီလိုတွေ လုပ်လာမယ်ဆိုတာ EAOs တွေ အစကတည်းက မခန့်မှန်းခဲ့ဘူးလို့ ကျနော် မထင်ပါဘူး။ သူတို့က စစ်တပ်နဲ့ နှစ်ပေါင်းများစွာ ယှဥ်ပြိုင် ရပ်တည်လာကြတာမို့ မသိဘဲ ဘယ်ရှိပါ့မလဲ။ ဒါကြောင့် ၃ နှစ်အတွင်း စစ်အနိုင်တိုက်ရေးအပေါ် ဘာမှဝင်မပြောဘဲ စောင့်ကြည့်ခဲ့တာလို့ အခု သိကြရပြီ။
ပြီးတော့ ကျနော်တို့ မသိတဲ့ စစ်အောင်နိုင်ပြီးချိန်မှာ လက်တွေ့ကြုံရတဲ့ လုပ်ငန်းစဥ်တွေ အခုသိကြရပြီ။ NUG အပါအဝင် local PDF တွေ ထိန်းချုပ်ထားတဲ့ စိုးမိုးနယ်မြေတွေမှာ ပေါ်ပေါက်လာတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ကြုံကြရပြီ။ တချို့မှိန်းစားနေကြပြီ။ တချို့ဖောက်ပြန်နေကြပြီ။ တချို့ ဖရိုဖရဲဖြစ်နေကြပြီ။ အဲဒီတော့ တစ်ချိန်က၊ တစ်ချိန်ကဆိုတာ သိပ်ဝေးဝေးကြီး မဟုတ်သေးတဲ့ နွေဦးအစပိုင်းက လက်နက်ကိုင် တော်လှန်ရေးအတွက် အသက်ပေးပြီး တိုက်မယ်။ လက်နက်သာရစမ်းပါ၊ အသေခံပြီး တိုက်မယ်။ ဒီစစ်မိစ္ဆာတွေကို တိုက်ပစ်မယ်။ စစ်အာဏာရှင်အမြစ်ပြတ်မှ ပြီးမယ်ဆိုတဲ့ အချိန်ကာလ တကယ် ရှိခဲ့တာပဲ အစ်မကြီး။ အခု အဲဒါတွေ မေ့ပြီး ငါတို့အဖွဲ့ ရပ်တည်ရေး၊ ငါတို့သြဇာကြီးမားရေး၊ ငါတို့ ပြောတာ နားထောင်၊ ငါတို့ကိုလာမစမ်းနဲ့ဆိုတာတွေ ဖြစ်လာရပြီ။ ပြည်သူတွေ ခံစားရတဲ့ ဒုက္ခအဖုံဖုံကို တွေ့လာရပြီ အစ်မကြီး။ ဒါတွေဟာ အခုအချိန် ပြုပြင်လို့ရတဲ့ကာလပါ။ ဒီဖြစ်ရပ်မျိုးတွေကို EAOs တွေ ကြုံပြီးပြီ။ လက်နက်ကိုင် တော်လှန်ရေးရဲ့ ဒီလို နောက်ဆက်တွဲတွေကို ကျနော်တို့ သူ့တို့ဆီမှာ မမေးခဲ့ကြတာ အမှန်ပဲ။ အဲဒါကြောင့်လည်း ၃ နှစ်အတွင်း စစ်အနိုင်တိုက်ရေး ထလုပ်မိတော့ အခု ဘာတွေကြုံရပြီလဲ။
NUG ပြောပြောနေတဲ့ နယ်မြေစိုးမိုးမှု ၆၅ ရာခိုင်နူန်းဆိုတာလည်း တကယ်က EAOs တွေ အရင်ကတည်းက စိုးမိုးထားတဲ့ နယ်မြေတွေကိုပါ ထည့်ပေါင်းပြီး နွေဦးကြောင့် ဖြစ်လာသယောင် ထထပြောနေကြတာပါ။ မီဒီယာတွေကပါ ရောယောင် ပြောနေကြပါတယ်။ ဒါလည်း သိဖို့လိုပါတယ်။
အစ်မကြီး၊ အခုကာလက အမြန်ဆုံး ပြုပြင်လို့ရတဲ့ ကာလပါ။ NUG လည်း ပြုပြင်မယ်လို့ ပြောထားပါပြီ။ EAOs တွေဆီမှာ အကြံဉာဏ် တောင်းခံနေတာလည်း တွေ့ရပါတယ်။ အစပိုင်းကလို ငါတို့ ဦးဆောင်မယ် ဆိုတဲ့ ဟန်ပန်တွေလည်း လျှော့ချလာတာ တွေ့ရပါပြီ။ ဒီလိုပဲ ဖြစ်ရမှာပါ။ ဒါဟာ အကောင်းဆုံး ပြုပြင်မှုလို့ ကျနော် မြင်ပါတယ်။
အစ်မကြီးကတော့ မြေပြင်မှာ လက်တွေ့ရင်ဆိုင် ဖြတ်သန်းနေသူမို့ ဘယ်လိုထိရောက်တဲ့ ပြုပြင်မှုတွေနဲ့ ပြည်သူတွေကို အကာအကွယ်ပေးနိုင်မလဲ ဆိုတာ အသိဆုံးဖြစ်ပါမယ်။ အုပ်စုဖွဲ့ ငါတကောကော ကောတာတွေကတော့ ကျနော်တို့ဆီမှာလည်း ဖြစ်နေတာပါပဲ။ ဒီအကြောင်းတွေနောက်တော့ ဆက်ရှင်းပြပါဦးမယ်။
အစ်မကြီးရဲ့မောင်လေး။
■
မာန်(တောင်လုံးပြန်)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar